ဇွန်ဘီရုပ်ရှင်ထဲကလို ဖြစ်နေတဲ့ ရန်ကုန်ဆေးရုံကြီးနဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေ ကိုဗစ်ကို ကုပေးသင့်ပြီ

ဇွန်ဘီရုပ်ရှင်ထဲကလို ဖြစ်နေတဲ့ ရန်ကုန်ဆေးရုံကြီးနဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေ ကိုဗစ်ကို ကုပေးသင့်ပြီ

ကျွန်တော်တို့ အစွမ်းကုန် လုပ်နေပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်ဆေးရုံအုပ်ကြီး ပါမောက္ခချုပ်ဒေါက်တာရီရီမြင့် တို့ ပူးပေါင်း ပြီး ရွှေသံလွင် ဦးကျော်ဝင်း တို့ ဦးဆောင်တဲ့ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းက ရန်ကုန်ဆေးရုံကြီးရဲ့ သမိုင်းဝင် သုံးထပ် အနီဆောင်ကြီးကို Covid area အဖြစ် ကြပ်မတ်လူနာ (HDU) ၃၀၀ အထူးကြပ်မတ်လူနာ (ICU) ၄၀ ကုသနိုင်အောင် ပြင်ဆင်နေပါတယ်။

မနေ့ည ၁၄၊၁၀၊၂၀၂၀ ညဘက်မှာ ၁၇−၁၈ လူနာဆောင် ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဆေးရုံအုပ်ကြီး (ဒုတိယညွှန်ချုပ်) ဒေါ်မြင့်မြင့်အေး ဆေးရုံအုပ် (ည်ွှန်မှူး) မမနန်းလုံ ဒုညွှန်(ဆေးရုံအုပ်) များဖြစ်သော ဆရာခင်မောင်ကြီး သူငယ်ချင်းသိင်္ဂီ တို့ ဦးဆောင်တဲ့ ဆေးရုံအုပ်ချုပ်မှု အဖွဲ့များနှင့် ပါမောက္ခကြီးများ သမားတော်ကြီးများ အထူးကုများ လက်ထောက်ဆရာဝန် သူနာပြု အဆင့်ဆင့်တို့ရဲ့ ပူးပေါင်းဆောင်ရွက် အပင်ပန်းခံ မှု တွေ နောက်မှာ ကုတင်ခေါင်းရင်းမှာ အောက်စီဂျင်ပိုက်လိုင်းတွေ ရှိနေတဲ့ စက်ပစ္စည်း အစုံအလင် နင့် အဆင့်မှီ Covid ဒုတိယမြောက်လူနာဆောင်ကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ပထမလူနာဆောင်က ၁၁−၁၂ ပါ။

ခုဆို သမိုင်းဝင် ရန်ကုန်ဆေးရုံကြီး မှာ အဆင့်မှီ Covid လူနာဆောင် နှစ်ခု (လူနာဆန့်နိုင်ဦးရေ ၈၀ ဝန်းကျင်) နှင့် ပုံမှန် Covid လူနာဆောင် MU4 (လူနာဆန့်နိုင်ဦးရေ ၄၀ဝန်းကျင်) ရှိနေပါပြီ။

ကျွန်တော် ကြားဖြတ်တာဝန်ခေတ္တ ယူပေးထားရတဲ့ လူမှုကွန်ယက်တွေပေါ်က နာမည်ကြီး လူ ၄၀ လောက်ပဲ ဆန့်ရာနေရာမှာ လူ ၁၅၀−၂၀၀ ကျော် ပြွတ်သိပ်နေနေရတဲ့ အရေးပေါ် ကိုဗစ် စောင့်ကြည့် လက်ခံ ခန်းကတော့ ရန်သူ ငဗစ်ဘက်က အားသာနေဆဲပါပဲ။ မနေ့ညက တစ်ညလုံး ကျွန်တော်တို့ စောင့်ကြည့်ဆောင်က အထူးကုဆရာဝန်တွေ သူနာပြုတွေ အလုပ်သမားတွေ နှင့် ပရဟိတသမားတွေ ပူးပေါင်းပြီး လူနာတွေကို အပေါ်ဆောင်တွေဆီ ပို့ကြပါတယ်။ ၂ နာရီခွဲလောက်မှရွှေ့လို့ ပြီးပါတယ်။ ကျွန်တော်တို့ဆီမှာ ကိုဗစ်ပိုးတွေ့ အောက်စီဂျင် ရှုနေရတဲ့ လူနာ အားလုံးနီးပါး နှင့် ကိုဗစ်ပိုးမတွေ့ အောက်စီဂျင်ရှုနေရတဲ့ လူနာ တစ်ချို့တစ်ဝက် ပေါင်း ၆၀ ကျော်ကို အနီဆောင်ကြီးဆီ ပို့ နိုင်ခဲ့ပါတယ်။ ပိုးမတွေ့ အောက်စီဂျင်ရှုနေရတဲ့ လူနာတွေကို အဆောင် ၉−၁၀ ကိုပို့ပါတယ်။

မနေ့မနက်က ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီး ရှေ့တန်း ခံစစ်မှာ ဗျူဟာကုန်းသုံးခု နှင့်ခံတိုက်ထားတဲ့ လူနာပေါင်းအသေးစိတ်မှာ Covid MO (medical observation) မှာ ပိုးတွေ့လူနာပေါင်း ၅၄ဦး(အောက်စီဂျင်လို ၄၀ မလို ၁၄) ပိုးမတွေ့လူနာပေါင်း ၂၃ဦး (အောက်စီဂျင်လို ၁၄ မလို ၈) အဖြေမသိရသေး ၅၂( အောက်စီဂျင်လို ၁၂ မလို၄၀) ပေါင်း ၁၂၉ဦး (အောက်စီဂျင်လို ၆၂ မလို ၆၇) ရှိနေပါတယ်။ စံကိုက် အောက်စီဂျင်ပိုက်လိုင်း ၁၀ ယောက်စာပဲ ရှိနေတဲ့ နေရာမှာ ၆၂ဦးဟာ အောက်စီဂျင် အလွန်အမင်းလိုအပ်နေပါတယ်။ (ဒီနေရာမှာ အပြင်မှာ သူဌေးတွေ အောက်စီဂျင်ဆိုတာနှင့် ဝယ်လှူနေတဲ့ Air sep တွေက ကိုဗစ်မှာ အသုံးဝင်မှုနည်းတယ်ဆိုတာ ပြောပါရစေ ပြင်းအား များများ နှင့် အဆုတ်ထဲကို တွန်း ပို့ရတဲ့အနေအထားမှာ အောက်စီဂျင်အိုးကြီးတွေသာ အဓိကပါ အခရာပါ− ကျွန်တော့်အလုပ်သမားလေးတွေ တစ်နေ့ အိုးပေါင်း လေးငါးရာကို တွန်းသွင်းတွန်းဝင် တွန်းထုတ်လုပ်နေရပါတယ်)

နောက်တစ်ခန်းဖြစ်တဲ့ Covid SO (surgical observation) မှာ ပိုးတွေ့လူနာပေါင်း ၁၅ဦး(အောက်စီဂျင်လို ၁၃ မလို ၂) ပိုးမတွေ့လူနာပေါင်း ၃ဦး(အားလုံးအောက်စီဂျင်လို) အဖြေမသိရသေး ၂၁ (အောက်စီဂျင်လို ၃ မလို ၁၈) ပေါင်း ၃၉ဦး (အောက်စီဂျင်လို ၁၉ မလို ၂၀) ရှိပါတယ်။

ယာယီတဲ အဖြူထဲမှာ ပိုးတွေ့လူနာပေါင်း ၆ဦး(အားလုံးအောက်စီဂျင်မလို) ပိုးမတွေ့လူနာပေါင်း ၄ဦး(အားလုံးအောက်စီဂျင်လို) အဖြေမသိရသေး ၅၀ဦး (အောက်စီဂျင်လို ၁၃ အောက်စီဂျင် မလို ၂၇) ပေါင်း ၅၀ဦး (အောက်စီဂျင်လို ၁၇ မလို ၃၃) ရှိပါတယ်။

ဗျူဟာကုန်း သုံးခုပေါင်း မနေ့မနက်က လူနာပေါင်း ၂၁၈ဦး (အောက်စီဂျင်လို ၉၈ မလို ၁၂၀) ရှိနေပါတယ်။ မနှိုင်းကောင်း နှိုင်းကောင်း တကယ့်ငရဲခန်းတမျှ ပါပဲ။

မနေ့က ၁၇−၁၈ စဖွင့်နိုင်တာ အောက်စီဂျင်လိုတဲ့ လူ ၆၀လောက်ကို ဆွဲထုတ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသစ်ဝင်လာတဲ့ မနေ့တစ်နေ့လုံးလူနာက ၅၀ နီးပါးရှိနေပါတယ်။ ခံစစ်အင်အားကလည်း တပြုတ်ပြုတ်ကြွေပါပဲ။ ဝန်ထမ်းတွေ ခုချိန်ထိ ကိုဗစ်စကတည်းက ကူးစက်ခံရတာ တစ်ဆေးရုံလုံး ၁၅၀−၆၀ရှိနေပြီ လို့ သိရပါတယ်။ ငယ်သူငယ်ချင်း သမားတော်တစ်ယောက်ဆို အသည်းအသန် လုနေရတယ် လို့ သိရပါတယ်။ ဘယ်လောက်ပဲ ကာကွယ်မှုတွေလုပ်လုပ် ကြပ်ပိတ်နေတဲ့ အခန်းတွေထဲမှာ ပိုးသန့်လေထုတ်စနစ်မရှိပဲ Aircon တွေ နှင့်ပဲ တည်ဆောက်ထားတဲ့ ရှေးအဆောင်နေရာတွေမှာ လေထုဟာညစ်ညမ်းလွန်းပါတယ်။

ညီမ အထူးကုတစ်ယောက်က မျက်ရည်ဝဲ ရင်း ဆို့နင့်စွာပြောပါတယ်။ ဆရာ ညီမ ပိုးကူးမှာလည်း မကြောက်ဘူး သေမှာလည်းမကြောက်ဘူး ဒါပေမယ့် အဖြေမရှိပဲ ခုလိုပြွတ်သိတ်တဲ့ ဆေးကောင်းကောင်းမကုနိုင်တဲ့ ဘဝမှာ အလုပ်လုပ်နေရတာကို ရင်နာတယ်တဲ့။ ဆရာရောက်လာတော့ ညီမတို့နှင့်အတူ PPE ဝတ် Covid MO ထဲ အတူ ဝင်လာတော့ အံ့သြတယ် ဝမ်းသာတယ် ဂုဏ်ယူတယ် ဒါပေမယ့်ဆရာ ဆရာရအောင် ပြောပေးပါ နှေးနေတာတွေ မြန်အောင် တင်ပြပေးပါ ညီမတို့ နောက်ထပ် ၇ရက်တောင့်ခံကြမယ်။ (ခု ၂ရက်ပြည့်ပါပြီ) တစ်ပတ်ပြည့်မှ မစီမံနိုင်ရင် မတတ်သာပဲ ဒီစစ်ပွဲကို အရှုံးပေးလိုက်တော့မယ်တဲ့။

ရောက်တာ သုံးရက်ပဲရှိတဲ့ ကျွန်တော် မျက်ရည်ကျရပါတယ်။ တောက်ခေါက်ရပါတယ်။ အဆင့်ဆင့်သော လူကြီးတွေကိုတင်ပြပါတယ်။ ဆရာကြီးဝန်ကြီး က မင်း အတွက် အကောင်းဆုံး ပံ့ပိုးပေးမယ်တဲ့။ ဆရာကြီးဝန်ကြီးဟောင်း ဦးကျော်မြင့် ဦးဆောင်တဲ့ ကော်မတီက မင်း အတွက်ချီးကျူးတယ် ငါတို့ အဆင့်အားလုံး နှင့် ညှိုနှိုင်းပူးပေါင်းပေးမယ်တဲ့။ညွှန်ချုပ်ကြီးက အနားမှာ လာနေပေးပြီးပူးပေါင်းဆောင်ရွက်ပေးပါတယ်။ မျက်နှာချင်းဆိုင် အခန်းနေပေမယ့် ဆရာကြီး အကိုညွှန်ချုပ်ဆီ လူချင်းသွားမတွေ့ပါဘူး။ အိမ်ကိုလည်း မပြန်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်က အချိန်မရွေး” ပိုးကောင်” အဖြစ်နိုင်ဆုံးလူပါ။ လာကူတဲ့ သား (၁၁)ယောက် အတွက်လည်း ကျွန်တော် နေရာရှာပေးလိုက်ပါပြီ။ ကျွန်တော်နှင့်ခပ်လှမ်းလှမ်းမှာပဲ နေခိုင်းပါတော့မယ်။ ကျွန်တော့်ကို သားကြီးလို့ခေါ်ပြီး သူ့ကိုသူ ဖေကြီးလို့ပြောတတ်တဲ့ သတိ သိပ်ကြီးတဲ့ သမားတော်ဆရာကြီး တစ်ယောက် တောင်မနေ့က ကူးစက်ခံလိုက်ရပါပြီ။ (ဖေကြီးနေကောင်းပါစေ)

ကျွန်တော် မြဝတီနေခဲ့တဲ့ သုံးလကျော်လုံးလုံး ခံစစ်ကို အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။ လူကြီးတွေက နိုင်ပြီလားလို့မေးရင် မနိုင်သေးပါဘူး တောင့်ခံနေဆဲပါပဲလို့ ပြောဖြစ်ပါတယ်။ ခု YGH မှာ ဘယ်လိုလဲ လို့ပြောရင် ခေါင်းမထောင်နိုင်သေးဘူး။ အလူးအလဲပါပဲ လို့ ပြောဖြစ်ပါတယ်။

မနိုင်းကောင်း နှိုင်းကောင်း စစ်သူကြီး မဟာဗန္ဓုလ ကို သတိရမိပါတယ်။ ဓနုဖြူမှာ တာဝန်ကျတုန်းက ရှေးမြန်မာတွေဟာ တယ်ညံ့တာပဲ တယ်တုံးတာပဲ စစ်မြေပြင် ရွှေထီး တဝင်းဝင်းနဲ့ လက်ပိုက် ကွပ်ကဲမှတော့ အမြောက်မှန်တာတောင်နည်းသေးလို့ သူကျတဲ့ ကမ်းပါးသွား ဆိုမိခဲ့ပါတယ်။ အပြစ်တင်စောမိပါတယ်။ ဦးညွတ် ကန်တော့ပါတယ် မင်းကြီး မဟာဗန္ဓုလ ခင်ဗျား။ ရေလယ်က သင်္ဘောတွေဆီ အဆင့်မမှီတဲ့ အမြှောက် ဆံတွေ ရောက်ဖို့ သူ့တပ်သားတွေကို ရှေ့တက် အသေခံ ပစ်ခိုင်းဖို့ motivation က I am with you all ဆိုတဲ့ ရွှေထီးမိုး ရှေ့တက်ရုံပါပဲ။ သေသွားနိုင်တယ် ဆိုတဲ့ အသိနဲ့ ခေတ်မမှီတဲ့ လက်နက် အပြင်အဆင် နဲ့ နောက်ဆုံးနေ့အထိ သမိုင်း မော်ကွန်းထိုးသွားတဲ့ မင်းကြီးမောင်ရစ် ကို လေးစားမိပါတယ်။

ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲ။ (၁) ဒီ ငရဲခန်းတမျှ ဖြစ်နေတဲ့ နေရာက လူနာတွေကို အမြန်ရှင်းထုတ်ဖို့လိုပါလိမ့်မယ်။ လေထုညစ်ညမ်းနေတဲ့ ဒီအခန်းထဲကနေ ခုဝင် ခုစစ် တော်ကြာ နေရာရွှေ့ ဆိုတဲ့ မူကို ရအောင် စီမံချက်ဆွဲရပါ့မယ်။ ဆွဲခဲ့ဘူးတယ် မရဘူးလို့ ပြောသူတွေ ရှိမှာပါ။ စီမံချက်ဆိုတာ ဆွဲရုံမရ လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ကြီးကြပ် အားထုတ်ရတယ် လို့ ဆိုချင်ပါတယ်။ အုပ်ချုပ်သူဟာ လိုအပ်ရင် ခေါင်းဆောင်ရပါတယ်။ ဒါကြောင့် ကျွန်တော်လုံးဝ “ပိုးကောင်” မဖြစ်ချင်ပါဘူး ကျွန်တော်သာဖြစ်သွားရင် ဘယ်သူမှ ရှေ့ထွက် တိုက်ရဲတော့မှာ မဟုတ်ပါဘူး။ ရာဇဝင်မှာ နန္ဒဝင်း အရူးလို မလုပ်နဲ့ ဆေးရုံအုပ်ဆိုတာ ရှေ့မထွက်ရဘူး ရုံးခန်းထဲနေ ဆိုတဲ့ ဆေးရုံအုပ်ကြီးသင်ရိုးညွှန်းတမ်းတောင်ထွက်သွားနိုင်ပါတယ်။

စံကိုက်တာ မကိုက်တာတွေထား လူနာဆောင်တွေ ရသလို တိုးချဲ့ရပါမယ်။ လေအေးစက်တပ် ငရဲခန်းလိုပြွတ်သိပ်နေတာထက် လူရှင်းတဲ့ လေအေးစက် မတပ်ထားတဲ့ အခန်းတွေဟာ လူနာအတွက် ပိုကောင်းတယ်ဆိုတာ WHO ကပေးတဲ့ သင်တန်းမှာ နာယူဘူးပါတယ်။ ခုတပ်ထားတဲ့ လေအေးစက်တွေဟာ အတွင်းလေကိုပဲ ပြန်မွှေ့တာဖြစ်လို့ ရောဂါပိုးကို ပိုတောင်ပျံ့စေပါတယ်တဲ့။ နာမည်မှတ်ဖို့မေ့နေလို့ ကျွန်တော့်ဘာသာ အမည်ပေးထားတဲ့ အီတလီခေါင်းဖြူဆရာမကြီး နှင့် အိန္ဒိယ ခေါင်းပေါင်း ပန်ချာပီ ဆရာကြီးတို့က ကျွန်တော့်ကို သင်တန်းမှာ ပြောတာပါ။ ကျွန်တော်က မေးလိုက်တာက Role of air conditioner in Covid therapy ပါ။ သူတို့ချက်ချင်းမဖြေပါဘူး တစ်ပတ် အချိန်ယူပြီးမှ ပြန်ဖြေတာက မင်းတို့နိုင်ငံတွေက သုံးတဲ့ တစ်လုံးချင်းလေအေးပေးစက် တွေ ဆိုရင် အတွင်းလေကို ၁၀၀% သုံးလို့ ရောဂါသန့်စင်ရန် လေထုတ်စက် exhaust system ရှိကိုရှိရမယ်လို့ဆိုပါတယ်။ ငါတို့ဆီမှာ ရှိတဲ့ ဗဟိုလေးအေးပေးစက်တွေမှာ တောင် ၂၀%ပဲ လေလည်ပတ်မှုရှိတယ်။ ငါတို့ ရဲ့ ကိုဗစ် အတွေ့အကြုံအရ အောက်စီဂျင်လည်း အရေးပါသလို ရှုရှိုက်တဲ့ လေထုရဲ့ အရည်အသွေးကလည်း အရေးပါလှပါတယ်။ (ဒါကြောင့် ကျွန်တော့် သူရဲကောင်းတွေ တိုက်ပွဲ ပိုကျသလားမသိပါဘူး) မနေ့က ရေနစ်သူ ကောက်ရိုးတစ်မျှင်ဆွဲဆိုသလိုပါပဲ ဆရာမခေါင်းဖြူ နှင့် ဆရာ ပန်ချာပီကို ဆက်သွယ်ဖို့ ကြိုးစားပါသေးတယ်။ ဖြစ်နိုင်ရင် ဒီကအခြေအနေကို ပြပြီး အကြံပေးဖို့ပါ။ အဆက်သွယ် မလုပ်နိုင်ခဲ့သေးပါဘူး။

ဆိုရင်း ပြန်ကောက်ရရင် (၁) ယာယီအဆောင်တွေ အမြန် စီစဉ်ရပါ့မယ် (၂) အားလုံးဝိုင်းကူကြပါ (၃) အဝင်နည်းအောင်ဗျူဟာ ချပါ ကူကြပါ လို့ ဆိုချင်ပါတယ်။

များနေတဲ့ လူနာတွေကို အဆောင်တွေခွဲထုတ်ကုမယ်။ ဖျားနာကု သမားတော်တွေချည်း တာဝန်ပုံထားလို့တော့မဖြစ်ပါဘူး။ ဆရာဝန်တိုင်း ကျန်တဲ့ အထူးကုတွေတိုင်း ပါဝင်ကြစေလိုပါတယ်။ ကျရာနေရာကနေ ပါကြပါ။ ပါနိုင်အောင် ဖိတ်ခေါ်ကြပါ။ ပါနိုင်အောင် နေရာပေးကြပါ။ ခုချိန်မှာ နင်ဘာလည်း ငါဘာလည်း မရှိတော့ပါဘူး ဘုံရန်သူကို တိုက်ရမှာပါ။ ဒုညွှန်မှူး ကျွန်တော်တော် သန့်ရှင်းရေးခေါင်း လုပ်သင့်လုပ်နေပါတယ်။ ခုချိန်မှာ စိတ်တိုတတ် စိတ်ဆတ်တဲ့ ကျွန်တော် အားလုံးကို အောက်ကျို့ ပေါင်းပါတယ်။ လုပ်ငန်းအောင်မြင်ရန် ဒူးထောက်သင့်ထောက်နေပါတယ်။ မကျေနပ်ရင် အိမ်ရောက်မှ ကိုယ့်ပါး ကိုယ်ရိုက်ပါတယ်။ တစ်ညလုံး အချက် ငါးဆယ်လောက် ရိုက်မိတဲ့ ညတွေ ရှိခဲ့ပါတယ်။

ပြင်ပ ပုဂ္ဂလိက ဆေးရုံတွေ ကိုဗစ်ကုပေးကြပါတော့။ အစိုးရကို တောင်းဆိုပါ ကျွန်တော်တို့ကု ပေးပါရစေလို့ တောင်းဆိုကြပါ။ ပြင်ဆင်ပါ။ အနှစ်နှစ်ပြည်သူတွေ ခင်ဗျားတို့ကို လုပ်ကျွေး ခဲ့တာပါ။ ပြည်သူအားကိုးလို့ အောင်မြင်လာတာကို ရှေးရှုပေးပါ။ ကိုဗစ်ကို အတူတိုက်ရအောင် ခင်ဗျားတို့ ဆေးရုံတံခါးတွေကို ဖွင့်ပေးပါ။ အားကိုးတကြီးလာတဲ့ အောက်စီဂျင်ကျနေတဲ့ လူနာတွေကို ကိုဗစ်လားမသိဘူး YGH သွားဆိုတာတွေက သေနှုန်းတွေကို များစေပါတယ်။ အဲဒီဆေးရုံကြီးက ဆရာဝန်ကြီးတွေက သူတို့လည်း ကူပေးချင်လို့ အံတကြိတ်ကြိတ်ဖြစ်နေကြမှာပါ။ သူဌေးတွေ စိတ်ထားပြောင်းပေးပါဗျာ။ ကျွန်တော်တို့တွေဆီ လာလှူပေးနေတာထက် ပစ္စည်း လူတွေ လာကူပေးနေတာထက် အကိုတို့ အမတို့ ဆေးရုံတံခါးတွေကို ဖွင့် ကူတိုက်ပေးရမယ့် အချိန်ရောက်ပါပြီ။ ပိုက်ဆံတတ်နိုင်သူတွေ အကိုတို့အမတို့ဆီ သက်တောင့်သက်သာ ပိုက်ဆံများများယူချင်ယူပါ တက်ကုခိုင်းလိုက်ပါ။ မတတ်နိုင်တဲ့ သာမန်ပြည်သူတွေကျွန်တော်တို့ဆီမှာ ကျွန်တော်တို့ ရအောင် ကုပေးပါ့မယ်။ CSR လုပ်ကြရအောင်လားဗျာ။ အစိုးရက ခွင့်ပြုလာအောင် ဆွဲဆောင်ပေးကြပါ။ မူတွေ ပြောင်းအောင် တိုက်ကွန် တွေ ကြိုးစားပေးကြပါ။

လက်ရှိ အခြေအနေဟာ နမိတ်မရှိ နမာမရှိ နဂိုကတည်းက ကျွန်တော်မုန်းတဲ့ ဇွန်ဘီ ရုပ်ရှင်တွေ ထဲကလိုဖြစ်နေပါပြီ။ ကာကွယ်ဆေး ပေါ် မလာခင်အထိ တော့ ကျွန်တော်တို့ ဇွန်ဘီ လက်တွေ့ ဘဝကြီးကို ကျော်ဖြတ်နေရဦးမှာပါပဲ။

သစ္စာပြုပါတယ်။ (၁) ကျွန်တော်လူမှန်းသိစ အရွယ်ကတည်းက ယနေ့အထိ အရက်သေစာကို လုံးဝ မသောက်ဘူးပါ။ ဤမှန်ကန်သော သစ္စာကြောင့် ကျွန်တော် နှင့်တကွ ပတ်ဝန်းကျင်အားလုံး ဘေးအပေါင်း ရန်အပေါင်း ရောဂါ အပေါင်း ကင်းပါစေ။

(၂) ဆရာဝန်ဖြစ်ကတည်းက လူနာတွေကို (ရန်သူပင်ဖြစ်လင့်ကစား) ကောင်းပါစေ ဆိုတဲ့ စိတ်နှင့်ပဲ ကုသ ပြုစုပေးခဲ့ပါတယ်။ ဤ မှန်ကန်သော သစ္စာ စကားကြောင့် ယခု ကိုဗစ် ဘေးကြီး အမြန်ဆုံး ပြီးပါစေ။

(၃) ဘုရားအလောင်းတို့မည်သည် ဘုရားအဖြစ်ကို ဆုပန်ခြင်းမှာ ဘုရားဖြစ်လိုခြင်းထက် ဘုရားတစ်ဆူ ပွင့်မှသာ လူနတ်ဗြဟ္မာ သတ္တဝါ အများ အစုလိုက်အပြုံလိုက် နိဗ္ဗာန် ရောက်စေလိုတဲ့ ကြီးမားတဲ့ မဟာကရုဏာ ကြောင့် သာ ဆုပန်ခြင်း ဖြစ်ပါတယ်။ ဤမှန်ကန်သော သစ္စာကြောင့် ကမ္ဘာသူ ကမ္ဘာသား အားလုံး ရောဂါဆိုး ကပ်ဆိုး ဘေးရန်ဆိုးများမှ ကင်းဝေးပါစေ။

ဝဿုန်မြေထု သီလာထုလည်း သက်သေ အမှုတည်ပါစေ။ ကိုဗစ်ရောဂါကြီး အမြန်ချုပ်ငြိမ်းပါစေ….

Nanda Win

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page