မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ရေးတဲ့ “စျေးပေါပေါ ဆေးရုံအုပ် ကျွန်မ”

“စျေးပေါပေါဆေးရုံအုပ်ကျွန်မ”

ခေါင်းစဥ်ဖတ်တော့ ဟ… ဘာလဲပေါ့ ဟုတ်ပါတယ် ကျွန်မက အခြားဘယ်သူနဲ့မှမတူတဲ့ စျေးပေါပေါဆေးရုံအုပ်ပါ။ ဆေးရုံက အခြေခံဝန်ထမ်းနေ့စားထိ အရေးအကြောင်းဆိုဆက်လို့ရအောင် ကိုယ့်ဖုန်းနံပါတ်ကို လက်မှတ်ထိုးစာအုပ်မှာရေးထားပေးတဲ့ သူတို့ခံစားချက်တွေဖွင့်ပြခွင့်ရစေတဲ့ စျေးပေါပေါ ဆေးရုံအုပ်ကျွန်မ

ဘာဖြစ်လဲဆို ကိုဗစ်ဖြစ်လာတော့ ကျွန်မကသူတို့ရဲ့တီးတိုး တိုင်ပင်စရာ အမ သမီး အနံ့မရလို့ အမ သမီးအနံ့မရလို့ Positive ဖြစ်ပြီး Center ရောက်နေတယ် အိမ်ကလည်း Lock down မို့ လစာလေးကို တစ်ယောက်ကိုထုတ်ပေးပြီးအိမ်ကိုသူကလာပို့ပေးမယ်ပြောတယ် အမ ကူညီပါဆို မနေနိုင်သူ ကျွန်မ ကဲကဲထုတ်ပေးလိုက် လှူထားတဲ့ထဲက ခေါက်ဆွဲ ကြက်ဥ မုန့်ရှိတာတွေ ထမင်းလှူတာပါ တနင့်တပိုး.ကလေးတွေစားဖို့ ထည့်ပေးနိုင်တယ် ဟုတ်ပါတယ် သူတို့အတွက် ကျွန်မက ဘယ်အချိန်​ဆက်ဆက် ဘယ်ဖုန်းဆက်ဆက်၊ဖုန်းဆက်တိုင်းကိုင်ပေးတတ်ပြီး ဖြေရှင်းပေးတတ်တဲ့ စျေးပေါပေါဆေးရုံအုပ်ကျွန်မ

အမ ရေ သမီးအနံ့မရလို့ စစ်တာ Positive ဖြစ်သွားပြီ အမ ကို တွေ့ချင်တယ် “မိုး”ကို ပစ်မထားပါနဲ့ ဖုန်းဆက် တဗြဲဗြဲ ငိုခွင့်ရစေတဲ့၊နှစ်သိမ့်ပေးနိုင်တဲ့ စျေးပေါပေါဆေးရုံအုပ်ကျွန်မ အမ ရေ သမီးနေကောင်းပါတယ် ဒါပေမယ့် center မှာသူ့အခနိးဖော်က ပြန်သွားရပြီး သူကမပြန်ရသေးဘဲ အခန်းထဲ တစ်ယောက်တည်းကျန်လို့ သရဲကြောက်လို့ မနေရဘူးဆို တဗွဲဗွဲ ငို သမီးက ၉၀ % အနံ့ရတယ်ပြောလို့ကျန်ခဲ့တာ မနက်ကျရင် ၁၀၀% ရပြီပြောလိုက်မယ်တဲ့ ခဏအချိန်ပေးဖုန်းပြောတော့ စိတ်ပြေသွားစေတယ် စျေးပေါပေါဆေးရုံအုပ်ကျွန်မ

“အမ ရေ သမီးCenter ကရက်စေ့လို့ပြန်လာပြီ”ဆိုပြီး အထုတ်အပိုးနဲ့ ရုံးခန်းရှေ့ထိရောက်လာတတ်သူ သူတို့ Center သွားတုန်း အလှူရှင်က ဂုဏ်ပြုငွေ ၁သောင်းစီ လှူသွားတာ အမ ဖေ့ဘုတ် ကြည့်ထားလို့သိနေကြတော့ အိမ်အရင်မပြန် အမရုံးခန်းအရင်လာလို့ ဂုဏ်ပြုငွေလေးထုတ်လို့ အိမ်အပြန်လှစေသူ စျေးပေါပေါဆေးရုံအုပ်ကျွန်မ ဆေးရုံမှာ RDT စစ်၊ ဘာနဲ့စစ်စစ် ကျန်းမာရေးဝန်ထမ်း positive ဖြစ်ရင် သူတို့အတွက် အားဆေး ၁၂ ရက်စာ Mask 25 ခုစီ Hand gel မုန့်၊ အအေး ထမင်းဗူး၊ရေသန့် အမြဲအဆင်သင့်ရအောင် စီစဥ်ပေးစေသူ စျေးပေါပေါဆေးရုံအုပ်ကျွန်မ

ကိုဗစ်စတော့ ဒါက ကမ္ဘာ့ကပ်ရောဂါပါ အစိုးရကြီးပဲ ဝန်ကြီးဌာနပဲ ရုန်းလို့မရ ပြည်သူတွေ ထဲကအတူပူးပေါင်းကူညီပြီး ဇောတိကသူဌေးတွေကို ပြည်သူ့ဆေးရုံတွေကို ကူပေးဖို့၊ လှူပေးဖို့ စရေးပြီးအလှူစခံတော့ ဆဲသူဆဲ၊အမြင်မကြည်သူမကြည်ရှိပေမယ့် နောက်ဆုံးတော့ အားလုံးကူလိုက်ကြ၊လှူလိုက်ကြနဲ့ ဒီနေ့ထိပဲအဟာရဒါန၊ ​ရေသန့်တွေပါ အလှူခံလို့ဖြည့်ပေးသူ စျေးပေါပေါဆေးရုံအုပ်ကျွန်မ

ကိုဗစ်အတွက် ကိုယ့်ဆေးရုံ အတော်အတန်ပြည့်စုံတော့ မပြည့်စုံတဲ့ နယ်ဘက်ထိလှည့် လိုလာသူကို မြန်မာပြည်ရှေ့ဖျားရှမ်းမြောက် အနောက်ဖျားက ရခိုင် သွားလာရေး ခက်ပါတဲ့ နာဂ မြောက်ဖျားက ပူတာအို တောက်ဘက်က တနင်္သါရီ တိုက်နယ်ထိမကျန် အလှူရှင်ရှာ ကူပေးခဲ့တဲ့ စျေးပေါပေါဆေးရုံအုပ်ကျွန်မ

အလှူရှင်ရှာက ဖုန်းနံပါတ်ကို အားလုံးသိအောင်တင်ထားတော့ မသိ၊မမြင်ဘူးကြပေမယ့် ဖုန်း ဆက်ကြ ဆရာမရေ Iso ဘယ်လောက်က လူနာက Aircon အေးလွန်းလို့ခေါင်းကိုက်နေလို့ ဆရာမရေ Iso ဘယ်လောက်က လူနာက အောက်စီဂျင် ကျနေလို့ အဆောင်ဖုန်းကမအားလို့ပါဆို ကိုယ့်ကိုကောက်ရိုးတစ်ပင်ကဲ့သို့မျှော်လင့် ကူညီတောင်းကြတဲ့အခါ Walkie Talkingတွေ လူနာတွေနဲ့​ပြောလို့ရအောင်စီစဥ်ပေး အကြံဥာဏ်တောင်းကြတဲ့အခါ ကိုယ့် မိဘ၊ ညီအကိုမောင်နှမ၊ဖိုးဖွားကဲ့သို့ ခံစားမိတယ် လူနာအားလုံးရဲ့ မိသားတစုစီတိုင်းရဲ့တန်ဖိုးထားရသူတွေမို့ အတတ်နိုင်ဆုံး နှစ်သိမ့်ပေးရင်း တတ်နိုင်သမျှ သူတို့အပူလေးဖြေလျော့ပေးစေတယ် စျေးပေါပေါဆေးရုံအုပ်

ကျွန်မ ပြင်ပ ဌာန အချင်းချင်း အကူအညီလှမ်းတောင်းလူနာအပ်တဲ့အခါ သက်ဆိုင်ရာကိုသေချာအသိပေးလို့ အတတ်နိုင်ဆုံးကူညီပေးချင်သူ စျေးပေါပေါဆေးရုံအုပ်ကျွန်မ

ဆေးရုံအတွက်ဘာလိုလို ကျွန်မကိုယုံကြည်စွာလှူဒါန်းပေးမယ့် အလှူရှင်တွေကြောင့် မလုပ်ပေးနိုင်တာမရှိ လူနာတွေအတွက် ထမင်းအဟာရ၊ရေသန့်ဒါနနေ့စဥ်မပူစေရ ICU လူနာအတွက်လည်း ဆန်ပြုတ်ဆိုလည်းရရစေမယ် ဂလူဆားနား လည်း အဟာရဓာတ်ရလို့ ကိုယ်ခံအားတွေ တက်ပါစေ အမြန်တိုက်ထုတ်ကျော်လွှားလို့ အိမ်ပြန်နိုင်ပြီး မိသားစုနဲ့ ဆုံခွင့်ရလို့ ပြုစုကုသရသူတွေလည်းအမောပြေစေဖို့ လိုရာကူ နောက်ကနေ ပံ့ပိုးပေးမယ့် စျေးပေါပေါဆေးရုံအုပ် ကျွန်မ

ကိုယ့်ဝန်ထမ်းထိရင် အသည်းထိအောင်နာကျင်တတ်သူ ကြာလာရင် စိတ်ပိုင်း၊ရုပ်ပိုင်းထိလာမယ် ဒါကြောင့် ကိုဗစ် က တစ်ခုတည်းလာတာမဟုတ် အခြားကူးစက်တတ်တဲ့ရောဂါရှိတဲ့သူလည်းကိုဗစ် ဖြစ်နိုင်တာမို့ အရေးပေါ် Shock ရပါက ကိုယ့်ဆရာဝန်၊သူနာပြု၊ အလုပ်သမားတွေ Tension မရှိ ဘဲ ကောင်းကောင်းသက်တောင့်သက်သာ PAPR တပ်ဆင်ကာအသက်ဝဝရှူလို့ လူ့အသက်ကယ်နိုင်ဖို့ PAPR နှင့်အတူ PAPR Hood အပို ၂ ခုစီပါ Isolation ward အားလုံးကို ပံ့ပိုးနိုင်ခဲ့သူ ရေခဲသေတ္တာလို အဝတ်လျှော်စက်လို ရေပူ၊ရေအေးစက်လို Aircon. လို အားဆေးလိုလို Transport အတွက် phone လိုလို အလှူရှင်ကိုပဲဖိတ်ခေါ်တယ် အလှူရှင်တွေယုံကြည်မှုနဲ့ အရာအားလုံးကိုကျော်ဖြတ်နေဆဲ စျေးပေါပေါဆေးရုံအုပ်ကျွန်မ

ကိုဗစ် first wave မတ်လ ၁၃ ကစလို့ ကျွန်မ ချစ်တဲ့ဆေးရုံ ကျွန်မလုပ်ဖော်ကိုင်ဖက်အတွက် ဘယ်သူမှတာဝန်ပေးလို့မဟုတ်ဘဲ မိမိစိတ်စေတနာနဲ့ ဆေးရုံကြီး၏ Covid ရောဂါကာကွယ်ကုသရေး အထောက်အကူပြု ပစ္စည်းပေါင်းများစွာကို ပံ့ပိုးပေးနိုင်အောင်လုပ်ပေးခဲ့သူ စျေးပေါပေါဆေးရုံအုပ်ကျွန်မ

ဆေးရုံမှာ ဆေးရုံအုပ်ပေမယ့် Admin လုပ်သက် ၅နှစ်ကျော် ဆေးရုံအုပ်လုပ်သက် ၃ နှစ်ကျော်ပေမယ့် အလုပ်သမားအကြောင်းအူမချီးခါးကအစ သိပေမယ့် သူတို့ ရာထူးတိုးဖြေကြတိုင်း ဘုတ်အဖွဲ့ မှာ ပါခွင့်မရလို့ စိတ်ထဲမကောင်းပေမယ့် ဗိုက်ဆာမှာဆိုးလို့ အအေးဖျော်၊ မုန့်တွေဝယ်ကျွေး ဗဟုသုတလေးတွေ သင်ပေးရင်း အပြင်ကနေ Support လုပ်ပေးရင်း ကျေနပ်ရင်ခုန်ပေးနေသူ စျေးပေါပေါ ဆေးရုံအုပ်ကျွန်မ

ကျွန်မ က ဘယ်သူနဲ့မှ မတူနိုင်ပါဘူး ကျွန်မ မူက Admin ဆိုတာ Supporter Negotitator လို့ ခံယူထားတယ် ဘယ်သူနဲ့မှလည်း မနှိုင်းယှဥ်ဘူး ယနေ့လုပ်ရပ် နဲ့ မနေ့က လုပ်ရပ်ကိုပဲ ချိန်ထိုးလုပ်ရင်း မနက်ဖန်အတွက်ပြင်ဆင်တယ် သေရင် ထားခဲ့ရမယ့် ပင်စင်သွားရင် ဘာမှ မဟုတ်တော့မယ့် ငါ ဆေးရုံအုပ်ဆိုတဲ့ ရာထူး မာန်ကိုဘေးချပြီး နေပေးလုပ်ပေးနေပါတယ်

ကျွန်မဘယ်သူက ဘာအကူအညီလိုလို အမြဲအဆင်ပြေစေဖို့ကြိုးစားပေး​ပေမယ့် လူကြီးတိုင်းအကြိုက်ဖြစ်ချင်မှဖြစ်မယ့် တစ်ချို့ တစ်ချို့ တွေရန် မထီမဲ့မြင်လေးတွေမြင်တော့ ဟိုအရင်ဆို စိတ်အရမ်းတိုတတ်ပေမယ့် အခုတော့ အဖေ အမြဲဆုံးမတာကို နားထဲကြားယောင်ရင်း သမီး သူပေးတာ သမီးယူမှ သမီးဆီရောက်တာတဲ့ အကုသိုလ်ဖြစ်မယ့် အရာတွေကို လက်မခံဘဲ ရှောင်နေလိုက်မယ်

ဒါကြောင့် ကိုဗစ်လူနာတွေအတွက် အဟာရဒါနကော၊ ရေကော လိုသည်မရှိအောင် အလှူရှင်များလည်း ကုသိုလ်ပွားလို့ရအောင့် ရှေ့ဆက်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ရင်း “တ” ရန် မလိုအောင် ဖြည့်ပေးချင်တဲ့ စျေးပေါပေါဆေးရုံအုပ် ကျွန်မ

ဒေါက်တာ ဝင်းသန္တာဖြူ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page