“တချို့ဈေးသည်တွေကို ဈေးမဆစ်ပါနဲ့၊ အဆစ်မတောင်းပါနဲ့” လို့ပြောတာ ဒါကြောင့်ပါ

“ဈေး ဆစ်မနေပါနဲ့”

တချို့ဈေးသည်တွေကို ဈေးမဆစ်ပါနဲ့။ တချို့ဈေးသည်တွေဟာ တကယ့်ကို … ထမင်းတစ်လုပ် စားရဖို့အတွက် ရောင်းချနေရတာ ဖြစ်ပါတယ်။ တကယ့်ကို … ကွမ်းယာဆိုင်မှ ဆေးဝယ်သောက်ဖို့အတွက် ရောင်းချနေရတာ ဖြစ်ပါတယ်။ တကယ့်ကို … အိမ်ပြန်ရင် မျှော်နေမယ့် မိသားစုအတွက် စားစရာတခုခု ပါသွားဖို့ ရောင်းနေရတာ ဖြစ်ပါတယ်။ သူတို့ပစ္စည်းတွေအတွက် သူတို့ရတဲ့ အမြတ်ဟာ ၅၀/၁၀၀ ထက် မပိုပါဘူး။ ဒါ့ကြောင့် … ဘာမှမဟုတ်တဲ့ ပိုက်ဆံအတွက် သင့်အတွက်လည်း သိပ်မထိခိုက်ဘူးဆိုရင် ဈေးမဆစ်ပါနဲ့။

သူတို့ဟာ ကျွန်တော်တို့ကို ကံစမ်းမဲတွေ ပေးမယ်လို့လည်း လိမ်လည်မပြောကြပါဘူး။ မကောင်းတာတွေကို ကောင်းပါတယ်လို့လည်း လိမ်လည်မပြောကြပါဘူး။ ပြထားတာတမျိုး ရောင်းတာတမျိုး လုပ်စားနေကြတဲ့ Online ဈေးသည်တချို့တွေလို ရိုက်စားလည်း မလုပ်ကြပါဘူး။ ပြခန်းတွေဖွင့် တံဆိပ်ပြပြီး ဈေးကို ၅ ဆလောက်တင် ခပ်တည်တည်နဲ့လည်း ရောင်းမစားနိုင်ကြပါဘူး။ သူတို့ဟာ အရှိအတိုင်း အမြင်အတိုင်း ရိုသားစွာ ရောင်းချသူတွေ ဖြစ်ပါတယ်။

သင်… မတရား စျေးဆစ်တဲ့အခါ မတော်မတရား အဆစ်တောင်းတဲ့အခါ သူတို့မျက်ဝန်းတွေကို ကြည့်ပါ။ အားနာစိတ် အားငယ်စိတ် သင်မဝယ်တော့မှာ စိုးတဲ့စိတ် လှည့်ပြန်သွားမှာ ကြောက်တဲ့စိတ်တွေနဲ့ တွေဝေနေကြတာကို သင်တွေ့မှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် ဈေးမဆစ်ပါနဲ့။ အားပေးပါ။ တချို့တွေဟာ ကျွန်တော်တို့ရဲ့ မြန်မာလူမျိုးတွေသာ ဖြစ်တယ်။ တချို့တွေဟာ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေသာ ဖြစ်တယ်။ တချို့တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် မွေးထားတဲ့ လူငယ်တွေသာ ဖြစ်တယ်။ တချို့တွေဟာ ကူညီသူမဲ့ စာနာသူမဲ့နေတဲ့ မြန်မာ့ကလေးငယ်တွေသာ ဖြစ်တယ်။ တချို့တွေဟာ ကျွန်တော်တို့ထက် ခေတ်စနစ်ဆိုးတွေကို ပိုခံစားရင်း အံတုနိုင်စွမ်းမရှိတော့ဘဲ နောက်ဆုံး ဈေးရောင်းစားနေရတဲ့ အဖိုးအဖွားအရွယ်တွေသာ ဖြစ်တယ်။ ဒါ့ကြောင့် မလှူတတ်ရင် စိတ်လေးထားတတ်အောင် ကြိုးစားပြီး ဈေးဝယ်နိုင်အောင် ကြိုးစားပါ။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ အမြတ်ငွေ ၁၀၀/၂၀၀ ဟာ ကျွန်တော်တို့အတွက် သိပ်အပန်းမကြီးပေမယ့် သူတို့အတွက် အသက်ဆက်ဖို့ ခွန်အားတွေ ဖြစ်နိုင်ပါတယ်။ သူတို့တွေရဲ့ တစ်နေ့တာအတွက် အဆင်ပြေဖို့ အသက်ကယ်ဆေးတွေ ဖြစ်ပါတယ်။

တချို့လူမျိုး တချို့ဘာသာဝင်တွေတောင် သူတို့လူမျိုးအချင်းချင်း သူတို့ဘာသာဝင်အချင်းချင်း ကူညီဖေးမကြသေးရင်… ကျွန်တော်တို့အနေနဲ့လည်း မိမိလူမျိုး မိမိဘာသာဝင်တွေအတွက် သီးခြားမလှူနိုင်ရင်တောင် သူတို့ရောင်းချတဲ့ တချို့ပစ္စည်းလေးတွေအပေါ် မတန်တဆ ဈေးမဆစ်ကြပါနဲ့လား…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page