စျေးကြီးပေးရတဲ့ ငှက်သိုက်ကို ဘယ်လို မွေးမြူ ထုတ်လုပ်ကြသလဲ၊ အရင်းအနှီး ဘယ်လောက်ကုန်ကျမလဲ
ဌက်သိုက်မွေးမြူခြင်း။
ဌက်သိုက်ဆိုရင် မြန်မာနိုင်ငံက လူအများစုက တန်ဖိုးကြီးတဲ့ စားစရာ တခုအနေနဲ့လောက်ဘဲ သိကြပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေမှာဘဲတွေ့ရတဲ့ ဇီဝဇိုးဌက်လို့ခေါ်တဲ့ ဌက်တမျိုးရဲ့ အံဖတ်နဲ့ လုပ်ထားတဲ့ ဌက်သိုက်ဖြစ်ပြီး မြန်မာနိုင်ငံက တနင်္သာရီတိုင်းမှာလည်း ထွက်တယ်။ ကိုယ်ခံအား immunity ကောင်းစေတယ်။ ဒါလောက်ဘဲ သိကြတာပါ။
ဌက်သိုက် စားသုံးသူအများဆုံးက တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့စားသုံးမှု၏ 90% ကျော်တယ်လို့ Nation Thailand 2021 ကဖော်ပြပါတယ်။ ဌက်သိုက်ကို ဟောင်ကောင်စျေးကွက်နဲ့ အမေရိကန်တို့ကို အများစု တင်ပို့ကြပါတယ်။ ဟောင်ကောင်မှာ နှစ်စဉ် ရောင်းအားဟာ ခန့်မှန်းခြေအားဖြင့် HKD 2 ဘီလီယံ (USD 257 million) (Nation Thailand 2021) ခန့်ရှိပြီး အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် ကြက်ငှက်သိုက်ထုတ်လုပ်သည့် အကြီးဆုံးနိုင်ငံဖြစ်လာပြီး တစ်နှစ်လျှင် တန်ချိန် ၂၀၀၀ ခန့် တင်ပို့နေပြီး မလေးရှားက တစ်နှစ်လျှင် ၆၀၀ တန်နှင့် ထိုင်းနိုင်ငံက တစ်နှစ်လျှင် ၄၀၀ တန် (Nation Thailand 2021) တင်ပို့ပါတယ်။ ခန့်မှန်းချက်များအရ ဌက်သိုက်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေရဲ့ ထုတ်ကုန်တန်ဖိုးဟာ အင်ဒိုနီးရှားပြည်တွင်းထုတ်ကုန်စုစုပေါင်း GDP ၏ 0.5% ( နိုင်ငံ၏ ငါးဖမ်းလုပ်ငန်း၏ လေးပုံတစ်ပုံခန့်နှင့်ညီမျှသည်)။
ထိုင်းနိုင်ငံမှာတော့ ဌက်သိုက်နဲ့ ဆက်စပ်လုပ်ငန်းတွေက တစ်နှစ်လျှင် THB 10 billion (USD 307 million) ခန့်ရှိသည်။ မြန်မာနိုင်ငံမှာလည်း ဇီဝစီုးဌက်ရှိပြီး ဌက်သိုက်ထုတ်လုပ်တာရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ထုတ်လုပ်နိုင်သလဲ သေချာ မသိပါဘူး။ တခြားနိုင်ငံမှာ ပင်လယ် ကမ်းရိုးတန်းတလျောက်မှာ ဇီဝစိုးဌက်ကို တွေ့ရှိရပေမဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံအနှံတွေ့ရှိရပါတယ်။ အခုအခါမှာ ရန်ကုန်၊ နေပြည်တော်အပါအဝင် မြို့ကြီးတချို့ရဲ့ ဆင်ခြေဖုန်းအရပ်တွေမှာ ဌက်သိုက်မွေးမြူခြင်းများပြုလုပ်လာကြပါပြီ။ ရန်ကုန်မှာ သံလျင်၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ စတင်မွေးမြူလာကြပါပြီ။ မွေးတယ်လို့တာ ပြောရတာ တကယ်တော့ နေဖို့ အိမ်နဲ့ လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးရုံပါ။ အစာကျွေးဖို့လည်း မလိုပါဘူး။ ပြုစုစောင့်ရှေက်ပေးဖို့လည်း မလိုပါဘူး။
ဘာကြောင့် မွေးသင့်သလဲ?
၁။ ဌက်သိုက်က အတော် စျေးကြီးပါတယ်။ လက်ရှိပေါက်စျေး တပိသာကို သိန်း ၃၀ လောက်ပေါက်ပါတယ်။ မွေးတဲ့သူတချို့က တလကို ၃, ၄ ပိသာလောက်အထိ ရတတ်ပါတယ်။ တခါရင်းထားပြီး ရေရှည် ရနိုင်တာမို့ အတော် ကောင်းပါတယ်။ ဌက်ချေးတောင် တပိသာ ၃ သောင်းလောက် ရောင်းလို့ ရနိုင်ပါတယ်။ မွေးရင် ပိုက်ဆံရမယ် ဆိုပါတော့။
၂။ ဇီဝစိုးဌက်က endangering specie မျိုးတုန်းဖို့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်ပါ။ ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုပါတယ်။
၃။ ဇီဝစိုးဌက်က စိုက်ခင်းတွေမှာကျရောက်တတ်တဲ့ ပိုးမွားတွေကိုဘဲ စားပါတယ်။ အဲဒီတော့ စိုက်ခင်းတွေက ပိုးသတ်ဆေး သုံးစွဲရတာ လျော့သွားပါလိမ့်မယ်။ နိုင်ငံခြားငွေ ကုန်တာ နည်းသွားပါတယ်။ အခုလို နိုင်ငံခြားငွေ ရှားပါးနေတဲ့အချိန်မှာ လုံးဝ လုပ်သင့်တဲ့ အလုပ်ပါ။ စိုက်ခင်း၊ သစ်တော၊ ရေထွက်ပစ္စည်းတို့မှာ ပိုးသတ်ဆေးရဲ့ ဓာတု ရုပ်ကြွမ်းပါဝင်မူ များလို့ မဝယ်ဖို့ ငြင်းနေတဲ့ နိုင်ငံတွေရှိပါတယ်။ ပိုးသတ်ဆေးရဲ့ ဓာတု ရုပ်ကြွမ်းပါဝင်မူ များလို့ ကင်ဆာအပါအဝင် ရောဂါပေါင်းစုံ ဖြစ်နေတာ လျော့ကျသွားစေနိုင်ပါတယ်။
၄။ ဌက်ဟာ အပင်တွေအတွက် အရေးကြီးတဲ့ အလုပ်တခု လုပ်ပေးပါတယ်။ ဝတ်မှုန်ကူးပေးတာပါ။ ဌက်များများရှိနေတာ ကောင်းပါတယ်။
၅။ မြန်မာနိုင်ငံရဲ့ အဓိက စီးပွါးရေးဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တော လုပ်ငန်းတို့ဟာ အရမ်းရုန်းကန်နေရတာပါ။ ရာသီဥတုဖောက်ပြန်လို့ ပိုးကျလို့၊ မိုးခေါင် ရေရှားလို့ အလုပ်သမားရှားလို့ စသဖြင့် ကပ်တခုခု ကျလိုက်တာနဲ့ တောင်သူလယ်သမား အများစုက ၃, ၄ နှစ် စုထားတဲ့ ရှိစု မဲ့စု လေးတွေ တချီတည်းနဲ့ ကုန်သွားနိုင်ပါတယ်။ တောင်သူလယ်သမားတွေအတွက် သူတို့ လုပ်ငန်းကို တနည်းတဖုံထောက်ပံ့ပေးနိုင်မဲ့ ဒုတိယ ဝင်ငွေရလမ်းကို ဖန်တီးပေးဖို့ လိုပါတယ်။
ဘယ်လို မွေးမလဲ?
တကယ် မွေးလေ့ရှိတာက ၂၀ x ၆၀ ပေ အကျယ် နှစ်ထပ် အဆောက်အဦ ပါ။ အထဲမှာတော့ လိုအပ်တဲ့ စိုထိုင်းဆ နဲ့အပူချိန် လေဝင်လေထွက် ရှိနေဖို့ အလင်းရောင်မရှိဖို့ လုံးဝ မှောင်နေဖို့ လိုပါတယ်။ ဌက်အိမ် လုပ်လို့ရတဲ့ နေရာမျိုး လုပ်ထားပေးလိုပါတယ်။ အနှောက်အယှက်ပေးနိုင်တဲ့ ကြွက်တို့ လင်းဆွဲတို့ ဇီးကွက်တို့ မလာနိုင်အောင် ဖန်တီးပေးထားဖို့လိုပါတယ်။ သဘာဝ ဂူတွေလို ဖြစ်အောင် ဖန်တီးပေးထားရတာပါ။ ပြီးတော့ ဇီဝစိုးဌက်တွေလာအောင် ဇီဝစိုးဌက် အော်သံပါတဲ့ stick လေးကို ဖွင့်ထားပေးပြီးရုံပါ။
ဘယ်လို နေရာတွေမှာ မွေးမလဲ?
လယ်စပ်တွေ သစ်တောနား ငါးကန်၊ မြစ်ချောင်းနီးတဲ့ နေရာတွေမှာ မွေးလို့ရပါတယ်။ ရေနဲ့ ဝေးရင်တော့ ရေသောက်လို့ရအောင် ရေကန်တွေ စီစဉ်ပေးထားဖို့ လိုပါတယ်။ အကြမ်းအားဖြင့် မွေးတာ သိပ်များရင် အစာရတာ နည်းသွားနိုင်တာကြောင့် ဌက်သိုက် အထွက် နည်းသွားနိုင်ပါတယ်။
ဘယ်လောက် ဘယ်လို ကုန်ကျနိုင်သလဲ?
အဆောက်အဦး ဆောက်တဲ့အပေါ်မူတည်ပြီး ၂၀၂၂ စျေးနှုန်းအရ အကြမ်းအားဖြင့် သိန်း ၆၀၀ ကျော် လောက် ကုန်ကျနိုင်ပါတယ်။ လျပ်စစ်မီး ရှိဖို့လိုပြီး ဝပ် ၂၀၀၀ ခန့်သုံးဖို့ လိုပါတယ်။ ရေငွေ့ထုတ်စက် ၄ လုံး ဆောင်းပေါက် (တွီတာ) အလုံး ၁၀၀ ခန့် amplifier စတာတွေ ဖွင့်ထားဖို့ပါ။ လျှပ်စစ်မီး မရှိရင် ၂၀၂၂ ခုနှစ်မှာတော့ Solar က ရွေးချယ်စရာပါ စျေးကတော့ သိန်း ၁၀၀ ပတ်ဝန်းကျင်လောက် ကုန်နိုင်ပါတယ်။ မြေဖိုးမပါ စုစုပေါင်း သိန်း ၁၀၀၀ လောက်ဆို ရပါပြီ။
သိန်း ၁၀၀၀ ဆိုတော့ မတတ်နိုင်တဲ့ တောင်သူ လယ်သမား အများစု ဖြစ်သွားတာ မြန်မာနိုင်ငံတင် မကပါဘူး။ အများဆုံးမွေးကြတဲ့ အင်ဒိုနီးရှား မလေးရှား ထိုင်းနိုင်ငံတို့မှာရောပါ။ အဲဒီ နိုင်ငံတွေမှာတော့ အစိုးရက ဘဏ်က ချေးငွေရအောင် မူဝါဒ တရပ် ချပြီး ကူညီပါတယ်။ တရားဝင် မွေးခွင့်ရအောင်လည်း စီစဉ်ပေးပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ စက်ပစ္စည်းတွေကို ထုတ်လုပ်ခွင့် တင်သွင်းခွင့် စျေးကွက်ကို ထုတ်ကုန် လွတ်လပ်စွာ တင်ပို့ခွင့်တို့ ပေးထားပါတယ်။ အဲဒီ အစိုးရတွေကတော့ နိုင်ငံရဲ့ လူဦးရေ အများစုဖြစ်တဲ့ တောင်သူ လယ်သမားတွေ ဘဝရပ်တည်ဖို့ ခက်ရင် တနိုင်ငံလုံးရဲ့ စီးပွါးရေး ကမောက်ကမဖြစ်မှာ သတိပြုမိကြလို့ပါ။
Dr Tint Swe BVS ဌက်အိမ်ကို ကိုယ်တိုင် လိုက်ပြပြီး ရှင်းပြခဲ့တဲ့ အထူးကျေးဇူးတင်ပါတယ်။ ဆရာရဲ့ စီးပွားဖြစ် ဇီဝဇိုးဌက်သိုက် စာအုပ်က အထူးကောင်းမွန်ကြောင်း မှတ်တမ်းတင်ပါတယ်။
(Tin Sein)