ကြားရသူတိုင်း ရင်နင့်အောင် ခံစားရတဲ့ ရွာမကျောင်းတိုက်က ကူးစက်သံဃာတွေရဲ့ မိန့်ကြားချက်

ဆေးကုသမှုခံယူနေကြတဲ့ Positive သံဃာတွေကို အားပေးချင်တာနဲ့ ဦးဆောင်သံဃာတပါးကနေတဆင့် မကြာခင်ကမှ ဖုန်းပြောဖြစ်ပါတယ်။

“ညီတော်လေးတို့ အဆင်ပြေကြလား၊ အားမငယ်ကြနဲ့၊ ရောဂါဒဏ်အတော်ခံရလား၊ ထေရ်ကြီးဝါကြီးသံဃာတော်အပါအ၀င် တနိုင်ငံလုံး သံဃာတွေက ငါ့ညီတို့ကို ဝိုင်းပြီးမေတ္တာပို့ပေးနေကြတယ်။ ဒါ အဆိုးထဲကအကောင်းပဲ၊”

“အဆင်ပြေပါတယ်ဘုရား၊ ရောဂါကလဲ မသိသာပါဘူးဘုရား၊ သိပ်ထူးပြီးမခံစားရပါဘူး။ အဆင်ပြေပါတယ်။ အားတဲ့အချိန်ကို အလကားမနေဘဲ စာတွေကြည့်နေပါတယ်ဘုရား”

“ကောင်းတယ်ညီတော်တို့၊ စာလဲအများကြီးကျက်မှတ်မနေပါနဲ့ ၊ အနားယူကြပါ။ ရောဂါကလဲ မကြာခင်ပျောက်သွားမှာပါ၊ ကဲ… ရောဂါပျောက်ရင် ငါ့ညီတို့ ဘာလုပ်ချင်ကြတုန်း၊ ရွာပြန်ချင်လား၊ စာဆက်လိုက်ကြမှာလား”

“ရွာမပြန်ပါဘူးဘုရား၊ စာပဲဆက်လိုက်မှာပါ။ ဒါပေမယ့် တခုတော့ တပည့်တော်လုပ်ချင်တယ်ဘုရား”

“အေး… ဘာလုပ်ချင်တာလဲ ၊ ဘောလုံးကန်ချင်တာလား၊ သွားမလုပ်နဲ့ အကုန်နှင်ချဒဏ်ထိနေကြမယ်”

“မဟုတ်ပါဘူးဘုရား၊ ဆရာ၀န်ကပြောတယ်ဘုရား။ ကိုဗစ် ရောဂါပျောက်သွားရင် ပျောက်သွားတဲ့သူတွေရဲ့ သွေးနဲ့ အရေးပေါ်ဖြစ်နေတဲ့ ကိုဗစ် လူနာတွေကို ဆေးကုပေးရင် အမြန်သက်သာတယ်လို့ ပြောတယ်ဘုရား။ တပည့်တော်တို့ရောဂါပျောက်သွားရင် ရောဂါဒဏ်ပြင်းထန်တဲ့လူနာတွေကို ကုဖို့ တပည့်တော်တို့ သွေးတွေကို လှူချင်တာပါဘုရား”

စာရေးသူရဲ့ မေးခွန်းအဆုံးမှာ သံဃာလေးတွေဖြေလိုက်တဲ့ အဖြေကြောင့် ရင်ထဲမှာ နင့်ကနဲ့နေအောင် ခံစားလိုက်ရတယ်။ အစကတော့ မရေးတော့ဘူးဆိုပြီး လက်ရှောင်နေခဲ့ပေမယ့် Positive သံဃာတွေနဲ့ ဖုန်းပြောအပြီးမှာ ရင်ထဲမှာတင်းကြပ်နေအောင် ခံစားနေရလို့ မနေနိုင်တော့တဲ့အဆုံးမှာ ဒီပိုစ်ကို ရေးလိုက်ရတာဖြစ်ပါတယ်။

“သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”
(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေးကြပါစေ)

ဓမ္မဝီရ ဒေါက်တာတေဇနိယ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page