အင်းစိန်ရွာမဘုန်းကြီးကျောင်းရဲ့ ကိုဗစ် ကူးစက်မှု ဖြစ်စဥ်နဲ့ လက်ရှိအခြေအနေ

အင်းစိန်ရွာမဘုန်းကြီးကျောင်းရဲ့ ကိုဗစ် ကူးစက်မှု ဖြစ်စဥ်နဲ့ လက်ရှိအခြေအနေ

ရွာမကို ဖုန်းဆက်ကြည့်ပြီးပြီ။ ဟုတ်တယ်တဲ့။ ကျန်တဲ့စာသင်တိုက်တွေ သတိထားစရာပေါ့။

(က) ရွာမဟာ ရဟန်းသာမဏေ (၅၀၀) ကျော် ရှိတယ်။ ဆွမ်းစားကျောင်းမှာ အတူဘုန်းပေးကြရတယ်။

(ခ) အပြင်လူ အဝင်အထွက်ကို လုံးဝ တင်းကြပ်ထားတယ်။ ဒကာ ဒကာမက ဆွမ်းကပ်ချင်တယ်ဆိုရင် ဘဏ်စနစ်နဲ့ပဲ အလှူခံတယ်။ ကျောင်းတွင်းလူတွေကပဲ ချက်ပြုတ်ပြီး လှူဒါန်းပေးတယ်။

ဈေးဝယ်လူတွေနဲ့ အထိအတွေ့မရှိဘူး။ ဈေးဝယ်သူက ကျောင်းရှေ့မှာ ချခဲ့တယ်။ ကျောင်းတွင်းကလူက ဈေးဝယ်ပစ္စည်းတွေကို ကျောင်းရှေ့မှာ ထွက်ယူတယ်။ နှစ်ဦးသား မျက်နှာချင်း ဆိုင်စရာ မလိုအောင် စီမံထားတယ်။ တိုက်ပေါက်ကို နာယကတွေကိုယ်တိုင် ကြီးကြပ်စောင့်ရှောက်တယ်။

(ဂ) ၂၁-ရက်နေ့က ကိုရင်နှစ်ပါး အနံ့ပျောက်တယ်။ (၂၂) ရက်နေ့မှာ ဆွမ်းစားကျောင်း အတူဘုန်းပေးစနစ်ကို ဖျက်လိုက်တယ်။ ကိုယ့်ကျောင်းမှာ ကိုယ် ဘုန်းပေးဖို့ စီမံလိုက်တယ်။ ကိုရင်နှစ်ပါးအပါအဝင် ထိတွေ့ ကိုရင် (၁၃) ပါးကို အာခေါင်တို့ဖတ်စ ယူပြီး စစ်ဆေးတယ်။ (၁၂)ပါး ပိုးတွေ့တယ်။ ဒီကိုရင် (၁၂) ပါးနဲ့ ထိတွေ့တဲ့ အခြား ဦးဇင်း, ကိုရင် (၁၂၂) ပါးကို ထပ်ပြီး ပိုးစစ်တယ်။ (၆၃)ပါး ထပ်ပြီး ပိုးတွေ့တယ်။

စာချဆရာတော် (၂)ပါးပါ ပိုးထိသွားတယ်။ အခု ကျောင်းနေ သံဃာနဲ့ ကပ္ပိယအားလုံးကို အာခေါင်တို့ဖတ်စ နမူနာ ယူထားတယ်။ အဖြေတွေကို မသိရသေး။

(ဃ) ပိုးလာတဲ့ လမ်းကြောင်းကို ဘယ်လိုမှ မစဉ်းစားတတ်ကြဘူးလို့ ဆိုတယ်။ လူတွေနဲ့ ထိတွေ့ဖွယ် မလိုအောင် ပစ္စည်းတင်စရာ ခုံတန်းလျားထားပြီး “ပစ္စည်းထား လူပြန်” “ပစ္စည်းကျန် လူယူ” စနစ် ကျင့်သုံးထားတဲ့ ကြားထဲက ပိုးထိသွားတဲ့အတွက် နားမလည်နိုင်အောင် ဖြစ်နေကြတုန်းပဲလို့ ဆိုတယ်။

(င) သေချာတာကတော့ ပိုးပျံ့နှုန်းက သိပ်မြန်နေတယ်။ ကျန်တဲ့စာသင်တိုက်တွေအနေနဲ့ ပိုပြီး တင်းကြပ်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပါလိမ့်မယ်။

ပြီးတော့ အနံ့မရဘူး-ဆိုခဲ့သော် အုပ်ထိန်းသူတွေကို ချက်ချင်းအကြောင်းကြားဖို့ လိုအပ်ပါလိမ့်မယ်။ အနံ့မရတဲ့ ဦးဇင်း, ကိုရင်ကို သီးခြားခွဲထားဖို့ နေရာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပေါ့ဆနေသေးတဲ့ ကျောင်းတွေကလည်း တို့နဲ့ နီးပြီလို့ တွေးကြဖို့ လိုအပ်ပါတယ်။ ပိုးဟာ တွက်ထားတာထက် ပိုပြီး မြန်နေတယ်။

ဆရာတော် ဦးဝိမလ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page