အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၇၅ ပါးထံတွင် ပိုးတွေ့ (အစိုးရအဖွဲ့များကို အဝင်မခံ)

အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၇၅ ပါးထံတွင် ပိုးတွေ့ (အစိုးရအဖွဲ့များကို အဝင်မခံ)

ရန်ကုန်- ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၇၅ ပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး တပ်မတော်အစီအစဉ်ဖြင့် စစ်ဆေးကုသပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားလိုက်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကြေညာချက်အရ ယနေ့တွင် အင်းစိန်မြို့နယ်မှ ပိုး​တွေ့အတည်ပြုလူနာ ၈၈ ဦးရှိရာ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါး ပါဝင်နေကြောင်း ပြောပါတယ်။

အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များ ရောဂါပိုးကူးစက်ခံရသည်ဟု သတင်းကြား၍ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဲများသည် ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက်က ကျောင်းတိုက်သို့ သွားရောက်ခဲ့ရာ အဝင်အထွက်ပိတ်ထား၍ ဝင်ခွင့်မရခဲ့ကြောင်း ဦးဝေဖြိုးဟန်ကပြောပါတယ်။

“ကျွန်တော်တို့ကြားရတာတော့ တပ်မတော်ဘက်ကို အကူအညီတောင်းထားလို့ တပ်မတော်က ကူညီပြီးတော့ စစ်ဆေးမှုတွေ လုပ်ပေးတယ် ကုသမှုတွေ လုပ်ပေးတယ်။ အခုလည်း ပေါ့စတစ်တွေ့တဲ့ သံဃာတော်များကို မှော်ဘီမှာ ကုသမှုပေးမယ်လို့ ဒီလိုပဲ ကြားရပါတယ်” လို့ ဆိုပါတယ်။

အဆိုပါကျောင်းတိုက်၌ သံဃာတော်အပါး ၆၀၀ ကျော်ရှိကြောင်း ဦးဝေဖြိုးဟန်က ခန့်မှန်းပြောကြားပြီး ယင်းကျောင်းတိုက်မှ သံဃာတော်များအနေဖြင့် ယခုရက်ပိုင်းအတွင်း ဆွမ်းခံမထွက်ဟု သိရပါတယ်။ “ကျောင်းကတော့ ဆရာတော်သံဃာတော်များကပဲ စီမံကွပ်ကဲကြပုံရပါတယ်။ ပိတ်လည်းပိတ်ထားတယ်။ ကျောင်းထဲကို သူတို့ဆီကလည်း မထွက်ဘူး။ အပြင်လူ ဘယ်သူမှ ပေးမဝင်ဘူး။ ဆေးစစ်တာတို့ ဘာတို့လုပ်တဲ့ အဖွဲ့တွေလောက်ပဲ အဝင်အထွက်လုပ်တယ်ထင်ပါတယ်” ဟု ဦးဝေဖြိုးဟန်က ပြောပါတယ်။

သံဃာတော်များ ရောဂါကူးစက်ခံရသည့်အပေါ် စိတ်မကောင်းကြောင်း၊ အင်းစိန်မြို့နယ်အနေဖြင့် ကူညီနိုင်စရာရှိသည်များကို ကူညီရန် အဆင်သင့်ရှိတယ်လို့ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။ ဧရာဝတီသတင်းဌာနသို့ ဗိုလ်မှူးချုပ်​ဇော်မင်းထွန်းက အဆိုပါစာသင်တိုက်မှ သံဃာ​တော်အချို့ ပိုးတွေ့သည်မှာ မှန်ကန်ပြီး မှော်ဘီ​ဆေးဘက်ဆိုင်ရာ သင်တန်း​ကျောင်းတွင် ထားရှိကုသ​ပေး​နေ​ကြောင်း အတည်ပြု​ပေးထားပါတယ်။

အဆိုပါကျောင်းတိုက်၏ ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန် အမည်ရှိ ဖေ့ဘုတ်စာမျက်နှာတွင်လည်း ကျောင်းတိုက်အတွင်း သီတင်းသုံးနေသော ကိုရင်/ဦးဇင်းများ ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း ယနေ့ညနေပိုင်း၌ သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းအတွင်း သီတင်းသုံးနေသော စာချ/စာသင် သံဃာတော်များအတွက် အစိုးရ ကျန်းမာရေးနှင့် တပ်မတော် ကျန်းမာရေးတို့က ပူးပေါင်းဆောင်ရွက်၍ ပိုးတွေ့သူများကို တပ်မတော်ကျန်းမာရေးကုသစင်တာများမှာ ကုသပေးလျက်ရှိပါသည်ဟု ဖော်ပြထားပါတယ်။ ပိုးတွေ့သံဃာများအားလုံး အစစအရာရာ အဆင်ပြေကြကြောင်းနှင့် အဆိုပါကျောင်းတိုက်ဆရာတော်ကြီးကို ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးကြည့်ရာ ပိုးမတွေ့ရကြောင်း အသိပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page