အပြစ် မရှိကြောင်း နှင်းဆီဦကျော်မြင့် တရားရုံးတွင် ထွက်ဆို

အပြစ် မရှိကြောင်း နှင်းဆီဦကျော်မြင့် တရားရုံးတွင် ထွက်ဆို

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီ) ဥက္ကဋ္ဌ မိုက်ကယ်ဦးကျော်မြင့်အား ယနေ့ အောက်တိုဘာ (၂၀)ရက်တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးသို့ သုံးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး မြို့နယ်တရားသူကြီးက တရားလိုနှင့် လိုပြသက်သေငါးဦးကိုစစ်ဆေးခဲ့ပြီးနောက် ဆေးရုံတက်ရောက်စဉ်ထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးကျော်မြင့်ကိုစွဲချက်တင်၍ အပြစ်ရှိ မရှိ မေးမြန်းခဲ့ရာ ၎င်းမှ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဦးကျော်မြင့်အားရုံးထုတ်လာစဉ် PPE ဝတ်စုံများ ဝတ်ဆင်စေကာရုံးထုတ်လာမှုအပေါ်မေးမြန်းခဲ့ရာ “ဒါကတော့ ရဲတပ်ဖွဲ့အနေနဲ့ သူတို့ရဲ့လုံခြုံရေးကို ဂရုစိုက်တဲ့အနေနဲ့ရော၊ ရောဂါဖြစ်ပွားနေတဲ့အချိန်ဖြစ်တာကြောင့် ကျန်းမာရေးအရကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပါလိမ့်မယ်။ တိတိကျကျတော့ ပြောလို့မရဘူး”ဟု သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ဖြေကြားပါတယ်။

ဦးကျော်မြင့်(ခ)ဟူးဝါးသည် ၁၉၉၈ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထောင်ဒဏ်(၉)နှစ် ကျခံခဲ့ရပြီး ၁၉၉၈ခုနှစ်၊ မေလတွင် မန္တလေးအိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့ကာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီလတွင် အကျဉ်းထောင်ပြင်ပ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသခွင့်ရရှိချိန် ထွက်ပြေးခဲ့ခြင်းဖြစ်ပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်(နှင်းဆီ)ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို စက်တင်ဘာ(၂၉)ရက်နေ့ညက ၎င်းနေထိုင်ရာ ရန်ကုန်မြို့ပန်းလှိုင်အိမ်ရာသို့ ရဲတပ်ဖွဲ့က ထောင်ပြေးမှုဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် စက်တင်ဘာ(၃၀)ရက်နေ့က မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကာ အောက်တိုဘာ(၂)ရက်နေ့တွင် ရဲတပ်ဖွဲ့က တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယနေ့ရုံးချိန်းတွင် ဦးကျော်မြင့်သည် ဆေးရုံကြီးမှ ထွက်ပြေးခဲ့ကြောင်း ပေါ်ပေါက်သဖြင့် စွဲချက်တင်ခဲ့သော်လည်း ဦးကျော်မြင့်ကမူ ၎င်း၌ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

လာမည့်ရုံးချိန်းကို အောက်တိုဘာ(၂၃)ရက်နေ့သို့ ထပ်မံချိန်းဆိုထားပြီး ထိုနေ့တွင် တရားခံဦးကျော်မြင့်ကို စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page