ရန်ကုန်မြို့တွင် တက္ကစီများကို မီတာတပ်ဆင်ပြီး အခွန်ကောက်မည်၊ တက္ကစီခများ စျေးတက်ပါတော့မည်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် တက္ကစီအငှားယာဉ်များကို မီတာတပ်ဆင်ပြီး ပြေးဆွဲခရသည့် ငွေထဲမှ ဝင်ငွေအလိုက် အခွန်များပေးဆောင်ရန် အခွန်နှုန်းထားများကို ရန်ကုန်မြို့တော်စည်ပင်မှ ဧပြီလ ၁၁ ရက်မှစတင်ကာ သတ်မှတ်လိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းပြေး‌ဆွဲနေသည့် CNG ဖြင့် မောင်းနှင်သည့် အငှားယာဥ်များတွင် ဝ ဒသမ ၅ ကီလိုမီတာ လျှင် ၃ ရာခိုင်နှုန်း၊ ၁ ကီလိုမီတာလျှင် ၅ ရာခိုင်နှုန်းနှင့် ၂ ကီလိုမီတာလျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း အခွန် သတ်မှတ်ထားကြောင်း သိရပြီး လောင်စာဆီဖြင့်မောင်းနှင်သည့် အငှားယာဥ်များအနေဖြင့် ဝ ဒသမ ၅ ကီလိုမီတာလျှင် ၂ ရာခိုင်နှုန်း၊ ၁ ကီလိုမီတာလျှင် ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ ကီလိုမီတာလျှင် ၆ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ကို တက္ကစီအခွန်ကောက်မယ်ပြောတယ်၊ တစ်နေ့တာ ကားဆွဲခထဲကနေရတဲ့ငွေကို အုံနာ တွေဆီကနေ ကောက်မယ်ပေါ့ဗျာ။ အုံနာဆိုတာကလည်း သူ့ထဲကဘယ်ပါခံမှာလဲ။ ကျွန်တော်တို့ကို အုံနာခ ပိုယူမှာပေါ့။ ကျွန်တော်တို့ကလည်း ခရီးသည်ဆီကနေ ပိုတောင်းရမှာပေါ့။ နောက်ဆုံး နစ်နာတာ‌ ကတော့ ခရီးသည်တွေပဲ နစ်နာတာပေါ့” ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကျွန်တော်တို့နိုင်ငံမှာ ဒီလောက်လမ်းတွေပိတ်တာဗျာ မီတာနဲ့မောင်းမယ်ဆိုရင် ခရီးသည်တွေ ဘယ်စီး နိုင်မှာလဲ။ အခုက အဆင်ပြေသလို ညှိနှိုင်းပြီးသွားနေကြတာလေ။ အိမ်နီးချင်းနိုင်ငံတွေမှာတောင် မီတာ စနစ်က သိပ်အလုပ်ဖြစ်တာမှ မဟုတ်တာ” ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် တက္ကစီအုံနာခနှုန်းထားများမှာ CNG ကားဆိုလျှင် ၂၀,၀၀၀ ကျပ် မှ ၂၂,၀၀၀ကျပ် နှင့် ဆီကား ဆိုလျှင် ၁၀,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ်ကြားဈေးရှိကြောင်းသိရပြီး ပြေးဆွဲခရသည့်ငွေထဲမှ အခွန်များကို ရန်ကုန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၅) ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန် ဌာနသို့ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

(မဇ္ဈိမ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page