တရုတ်ကနေ လာတဲ့ ဖုန်မှုန့်ဝါတွေမှာ ကိုဗစ်ပိုးပါလာနိုင်ကြောင်း ပြည်သူများကို မြောက်ကိုရီးယားအစိုးရ သတိပေး

တရုတ်ကနေ လာတဲ့ ဖုန်မှုန့်ဝါတွေမှာ ကိုဗစ်ပိုးပါလာနိုင်ကြောင်း ပြည်သူများကို မြောက်ကိုရီးယားအစိုးရ သတိပေး

ရာသီအလိုက်ဖြစ်ပေါ်တဲ့ တရုတ်နိုင်ငံမှ လွင့်လာသော အဝါရောင်ဖုန်မှုန့်တွေဟာ နိုင်ငံအတွင်းသို့ ကိုရိုနယ်ဗိုင်းရပ်စ် သယ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်ထဲမှာ နေကြဖို့ မြောက်ကိုရီးယား အစိုးရက သတိပေးခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ကမ္ဘာတစ်ဝန်း ဆက်လက် ပျံ့နှံ့ဖြစ်ပေါ်နေတဲ့အတွက် အဝါရောင်ဖုန်မှုန့်တွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စေ့စေ့စပ်စပ် စီမံဆောင်ရွက်ဖို့အရေးတကြီး ပိုမိုလိုအပ်လာကြောင်း မြောက်ကိုရီးယား အာဏာရပါတီ သတင်းစာ ရိုဒေါင်ရှင်မွန်က ကြာသပတေးနေ့မှာ ရေးသားခဲ့ပါတယ်။

မိုင် ၁၂၀၀ ကွာဝေးတဲ့ ဂိုဘီသဲကန္တာရကနေ ကိုဗစ် ရောဂါဖြစ်စေသော ဗိုင်းရပ်စ်တွေ မြောက်ကိုရီးယားအတွင်း ပျံ့နှံ့ ကူးစက်သွားနိုင်တယ်လို့ သတင်းစာက ဆိုခဲ့ပေမယ့် လက်ခံနိုင်ဖွယ် အထောက်အထားတော့ မရှိပါဘူး။

ဗိုင်းရပ်စ် တစ်ဦးနဲ့ တစ်ဦး ကူးစက်မှုမဖြစ်စေဖို့ နှစ်မီတာ(၆ ပေ) ခြားနေရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိထားပါတယ်။ သို့ပေမယ့် ဗိုင်းရပ်စ်ပါတဲ့ အမှုန်အမွှားလေးတွေဟာ တစ်ခါတရံ လေထဲမှာ နာရီနဲ့ချီပြီး ရှိနေနိုင်တယ်လို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာကတော့ ပြောဆိုထားပါတယ်။

နိုင်ငံသားတွေအနေနဲ့ အပြင်ပိုင်း လုပ်ငန်းဆောင်တာတွေလုပ်ခြင်းမျိုး ဆင်ခြင်ချုပ်တည်းသင့်ကာ အပြင်ထွက်ရင်လည်း mask တပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရမှာဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းစာက ရေးသားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တွေ့ရှိခြင်း မရှိသေးကြောင်း ဆိုထားခဲ့ပြီး ယင်း ပြေဆိုချက်ကို ကျွမ်းကျင်သူတွေက မေးခွန်းထုတ်မှုတွေ ရှိပါတယ်။

ရောဂါ ကူးစက်ဖြစ်ပွားမှု ပေါ်ပေါက်မလာဖို့အတွက် မြောက်ကိုရီးယား အစိုးရဟာ နယ်စပ်တွေကို တင်းကျပ်စွာ ထိန်းချုပ်ထားသလို ကွာရန်တင်း အစီအမံတွေ ချမှတ်ထားပါတယ်။

ရောဂါ ကူးစက်ဖြစ်ပွားမှုသာ ပေါ်ပေါက်လာခဲ့ရင် စီးပွားရေးနဲ့ နိုင်ငံရေး တသီးတသန့်ရှိနေတဲ့ နိုင်ငံဟာ အကြီးအကျယ် ထိခိုက်မှုကြုံနိုင်ကြောင်း လေ့လာသူတွေက ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page