အိန္ဒိယသမုဒ္ဒရာထဲမှာ မီးလောင်နေတဲ့ သင်္ဘောကြီးဆီက ရေနံတွေ ယိုဖိတ်လာမှာကို စိုးရိမ်နေရ

အိန္ဒိယသမုဒ္ဒရာထဲမှာ မီးလောင်နေတဲ့ သင်္ဘောကြီးဆီက ရေနံတွေ ယိုဖိတ်လာမှာကို စိုးရိမ်နေရ

အိန္ဒိယ သမုဒ္ဒရာထဲမှာ မီးလောင်မှု ဖြစ်ပွားနေတဲ့ ရေနံတင် သင်္ဘောကြီးကို သီရိလင်္ကာ ကမ်းခြေနဲ့ ဝေးရာအရပ်ဆီ ဆွဲယူနေပြီလို့ သိရပါတယ်။

ပနားမား နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ရေနံတင် သင်္ဘောကြီးထဲမှာ ရေနံစိမ်း တန်ချိန် နှစ်သိန်း ခုနစ်သောင်းလောက် တင်ဆောင်လာပါတယ်။ ဒီရေနံတွေသာ ယိုဖိတ်ခဲ့ရင် သီရိလင်္ကာ ကမ်းလွန်ရေပြင်ရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်သွားစေမှာ ဖြစ်ပါတယ်။

သီရိလင်္ကာ ရေတပ်၊ အိန္ဒိယ ကမ်းခြေစောင့်တပ်နဲ့ တခြား နိုင်ငံတကာ ရေတပ်သင်္ဘော တချို့ ပူးပေါင်းပြီး သင်္ဘောပေါ်မှာ အင်အားကောင်းကောင်း လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားနေကြပါတယ်။ ရဟတ်ယာဉ်တွေပေါ်ကနေလည်း ရေတွေ ဖြန်းပက်ခဲ့ပါတယ်။

ရေနံတင် သင်္ဘောရဲ့ အင်ဂျင်ခန်းမှာ ပေါက်ကွဲမှု ဖြစ်ရာက မီးစတင် လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ပေါက်ကွဲမှုမှာ ဖိလစ်ပိုင် နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ဖိလစ်ပိုင် သင်္ဘောသား ၁၇ ဦးနဲ့ ဂရိနိုင်ငံသား ၅ ဦးကိုတော့ သင်္ဘောပေါ်ကနေ ရွှေ့ပြောင်းပေးခဲ့ပြီးပါပြီ။

ပေ ၁၀၀၀ ကျော် ရှည်လျားတဲ့ New Diamond သင်္ဘောကြီးကို လိုက်ဘေးရီးယား အခြေစိုက် ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ပါတယ်။ သင်္ဘောပေါ်မှာ လောင်ကျွမ်းနေတဲ့ မီးဟာ ရေနံတွေ သိုလှောင် သိမ်းဆည်းထားတဲ့ နေရာကိုတော့ ကူးစက်မှု မရှိသေးပါဘူး။

စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ New Diamondကို သီရိလင်္ကာ ကမ်းခြေနဲ့ ပိုဝေးတဲ့ ပင်လယ်သမုဒ္ဒရာဖက်ကို သတိကြီးကြီးနဲ့ စတင် ဆွဲယူနေပြီလို့ ရေတပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒီသင်္ဘောကြီးဟာ ကမ်းခြေနဲ့ ကီလိုမီတာ ၆၀ လောက် အကွာ ရေပြင်မှာ ရှိနေပါတယ်။ အိန္ဒိယ ကမ်းခြေစောင့်တပ်က ရေမျက်နှာပြင်အထက် ၁၀ မီတာလောက် အမြင့်မှာရှိတဲ့ သင်္ဘောကိုယ်ထည်မှာ ၂ မီတာရှည်တဲ့ အက်ကွဲမှုတစ်ခု ဖြစ်နေကြောင်း သတိပေးထားပါတယ်။

ပညာရှင်တွေကတော့ သင်္ဘောကနေ ရေနံ ယိုဖိတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ တကယ်လို့သာ ရေနံတွေ ယိုဖိတ်လာရင် သီရိလင်္ကာ နိုင်ငံသာ မကဘဲ တစ်ကမ္ဘာလုံးအတွက်ပါ ထိခိုက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။ အိန္ဒိယ သမုဒ္ဒရာဟာ တစ်လကျော် ကာလအတွင်း ဒုတိယမြောက် လောင်စာဆီ ယိုစိမ့်မှု ပြဿနာတစ်ခုရဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့လာတာ ဖြစ်ပါတယ်။

ဇူလိုင်လတုန်းကလည်း ဂျပန် ကုန်တင် သင်္ဘောကြီး တစ်စီးဟာ မော်ရေးရှပ် နိုင်ငံကမ်းလွန်က သန္တာကျောက်တန်း တစ်ခုပေါ် သောင်တင်သွားရာက လောင်စာဆီ တန်ချိန် တစ်ထောင်ကျော်လောက် ယိုဖိတ်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page