ကိုဗစ်ထောက်ပံ့ငွေ ၄၅ သိန်းကို ဖြတ်စားတဲ့ ရေကြည်က ကျေးရွာအုပ်ကြီးကို ဖမ်းလိုက်ပြီ
ကိုဗစ်ထောက်ပံ့ငွေ ၄၅ သိန်းကို ဖြတ်စားတဲ့ ရေကြည်က ကျေးရွာအုပ်ကြီးကို ဖမ်းလိုက်ပြီ
ဧရာ၀တီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ကိုဗစ်အရေးပေါ်ကာလ ထောက်ပံ့ငွေ အလွဲသုံး စားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။
နိုင်ငံတော်အစိုးရက အမှန်တကယ်လိုအပ်နေသည့် ပြည်သူများကိုချထားပေးသော ကိုဗစ်အရေးပေါ်ကာလ ထောက်ပံ့ငွေကျပ် ၄၅ သိန်းကျော်ကို မိသလင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကျော်က ကိုယ်ကျိုးအတွက်အသုံးပြုခဲ့၍ အရေးယူခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး ကပြောပါတယ်။
“ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတိုင်ကြားခဲ့ပါတယ်။ စစ်ဆေးတော့ ကျူးလွန်ကြောင်းပေါ်လွင်တယ်။ အစိုးရအဖွဲ့ကိုတင်ပြပြီးတော့ သူ့ကိုဖမ်းဆီးထားပြီးပါပြီ။ တရားစွဲဖို့လုပ်ထားပါတယ်”ဟု၎င်းက ရှင်းပြပါတ်။
မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကျော်သည် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့်ငွေများအနက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် ထောက်ပံ့ကြေးငွေများကို ကာယကံရှင်အချို့ထံမပေးဟုဆိုကာ တိုင်ကြားလာမှုကို စစ်ဆေးရာမှ အလွဲသုံးမှု ပေါ်ပေါက်ခဲ့ကြောင်း ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်၀င်းကလည်း ပြောဆိုပါတယ်။
အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်ဖြင့် အိမ်ထောင်စု ၃၀၆ စုအတွက်ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထောက်ပံ့သည့်ငွေများအနက်မှ ၄,၅၂၀,၀၀၀ ကျပ်ကို ကိုယ်ကျိုးအတွက်သုံးခဲ့ကြောင်း ရဲတပ်တပ်ဖွဲ့၏ ကနဦးသတင်းတွင် ဖော်ပြထားပါတယ်။
လက်ရှိတွင် အသက် ၄၅ နှစ်အရွယ် ရေကြည်မြိုနယ် မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကျော်ကို တာဝန်မှရပ်ဆဲလိုက်ပြီး ရေကြည်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရပါတယ်။