တခွက်ကို မြန်မာငွေ သိန်း (၁၉၀) ကျသင့်မယ့် ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့် ဗျာကူရာ
အကောင်းစား ဂျပန် ရေခဲမုန့်အမှတ်တံဆိပ်ဖြစ်တဲ့ ဆဲလ်လာတို (Cellato) ရဲ့ ရေခဲမုန့်အသစ် ဗျာကူရာ (နာမည်) ဟာ ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်အဖြစ် မကြာသေးမီကပဲ ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။
ဧပြီလ ၂၅ ရက်နေ့မှာ စံချိန်တင်ခဲ့တဲ့ ဗျာကူရာဟာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ရေခဲမုန့်ဖြစ်ပြီး တစ်ယောက်စာကို ဒေါ်လာ ၆,၇၀၀ (မြန်မာငွေ သိန်း ၁၉၀ ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။
ရေခဲမုန့်ကိုတော့ နွားနို့၊ ဒိန်ခဲ ၂ မျိုး၊ ကြက်ဥအနှစ်နဲ့ ဆာကေးအနှစ်တို့ဖြင့် လုပ်ထားပြီး အပေါ်ကနေ အီတလီထွက် ပါမီဂျီရာနို ဒိန်ခဲ၊ အဖြူရောင် မြေအောင်းမှို၊ ထရာဖဲလ် ဆီနဲ့ ရွှေအပြားလေးတွေ ဖြူးထားပေးပါတယ်။ အနက်ရောင်သေတ္တာနဲ့ ထုပ်ပိုးပေးမှာ ဖြစ်ပြီး ကျိုတိုမြို့၊ ဖူရှီမီရပ်ကွက်က လက်သမားတွေ ကိုယ်တိုင် ဖန်တီးပေးတဲ့ လက်လုပ်သတ္တုဇွန်းတစ်ခုလည်း ထည့်ပေးသွားပါတယ်။
အဆိုပါ ရေခဲမုန့်ကို ထုတ်တဲ့ ဆဲလ်လာတို (Cellato) ကတော့ ဗျာကူရာကို မစားခင် ထည့်ထားပေးတဲ့ ဇွန်းနဲ့ ခပ်နှိုက်လို့ရတဲ့အထိ နည်းနည်းပျော့အောင်ထားပြီး သက်တမ်းရင့် အဖြူရောင် ဝိုင်တစ်ခွက်နဲ့ တွဲစားပါလို့ အကြံပြုထားပါတယ်။ သက်တမ်းကုန်ဆုံးရက် မရှိပေမယ့် သူ့ရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်ဖို့ မှာယူပြီး ၁၀ ရက်အတွင်း စားပါလို့လည်း အကြုံပြထားပါတယ်။
၁၃၀ မီလီလီတာ သာရှိတဲ့ ဗျာကူရာ ရေခဲမုန့်တစ်ခုကို ဆဲလ်လာတိုရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာ ဒေါ်လာ ၆,၇၀၀ (ယန်းငွေ ၈၈၀,၀၀) နဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။