တခြားမြို့တွေ ဘယ်လောက် ပိတ်ပိတ် ရန်ကုန်ကတော့ မြန်မာပြည်အနှံ့က ပြည်သူတွေကို ရင်ဖွင့်ကြိုနေဆဲပါပဲ
ရေးမိပြန်ပြီ တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း မဖြစ်စေချင်ပါ
မနေ့ကလည်း မနေနိုင် မထိုင်နိုင်လို့ Stay at Home တွေ အမိန့်ကြေညာချက်နဲ့ လက်တွေ့မြေပြင် အခြေအနေ ရေးခဲ့မိပါတယ်။
ဒီနေ့လည်း ရန်ကုန်မှာ ပိုးတွေ့လူနာအသစ်တွေ များလာတာနဲ့အမျှ ရန်ကုန်ကနေ စီးပွားရေး၊ လူမှုရေး ကိစ္စတွေနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးကို မဖြစ်မနေသွားလာကြရမယ့်သူတွေအတွက် အခက်အခဲတွေ တွေ့လာရကြပြန်ပါတယ်။
မနေ့ညနေက နေပြည်တော်ကိုလာမယ့်သူကို Stay at Home မြို့နယ်ကဆိုရင် (၂၁)ရက်နဲ့ တခြား ဘယ်သူမဆို swab စစ်ရမယ်၊ ၃ ရက်နေရမယ်၊ swab အဖြေသိရမှ နေပြည်တော်ဝင်ခွင့်ရမယ်ဆိုတဲ့ အမိန့်တွေကြောင့် လမ်းကလှည့်ပြန်သူတွေ၊ နေပြည်တော်အလုပ်ကိစ္စခရီးစဉ်တွေဖျက်လိုက်ကြရသူတွေ အများကြီးဖြစ်လာပါတယ်။
ပိုဆိုးတဲ့ သတင်းက ဟုတ်မဟုတ်မသိရပေမယ့် လူမှုကွန်ယက်ပေါ်မှာ swab စစ်ဆေးတာ ပိုးမတွေ့ရင် စစ်ဆေးခ သိန်းဂဏန်း ပေးဆောင်ရမယ်ဆိုတာကလည်း ပြည်သူတွေအကြား ဝေဖန်မှုမြင့်တက်လာခဲ့ရပြန်ပါတယ်။
နောက်ဆုံးသတင်းတွေအရ ရန်ကုန်ကနေအကြောင်းအမျိုးမျိုးနဲ့ ပြည်နယ်နဲ့တိုင်းရှိ မြို့အသီးသီးကို သွားရောက်ကြမယ်ဆိုရင် ဒါမှမဟုတ် အဲဒီဒေသက မူရင်းနေထိုင်သူပြည်သူတွေ ရန်ကုန်ခဏရောက်နေလို့ ကိုယ့်မြို့ကိုယ်ရွာ ပြန်ကြမယ်ဆိုရင် တချို့နေရာတွေက Q (၂၁)ရက်ဝင်ရမယ်၊ တချို့မြို့တွေကမလိုသေးဘူး၊ တချို့မြို့တွေက ရန်ကုန်ကလာသူဆိုရင် Stay at Home မြို့နယ်ဟုတ်မဟုတ် Q ကတော့ဝင်ရမှာပဲ… စတဲ့တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း သတင်းမျိုးစုံစွာကြားသိလာရပြန်ပါတယ်။
အကြံပြုချင်တာကတော့ အခုအချိန်မှာ တခြားဒေသ မြို့အသီးသီးကို မဖြစ်မနေ သွားကြလာကြရမယ့် ရန်ကုန်နေ ပြည်သူတွေအတွက် တိကျတဲ့ ခရီးသွားလာမှုဆိုင်ရာ ညွှန်ကြားချက်ကို နိုင်ငံပိုင်မီဒီယာ၊ ရုပ်မြင်သံကြားကဖြစ်စေ၊ ပြည်ထောင်စု အဆင့် Facebook Page ကနေဖြစ်စေထုတ်ပြန်ပေးမယ်ဆိုရင် အားလုံးအတွက် အဆင်ပြေချောမွေ့စိတ်ချမ်းသာနိုင်ပါလိမ့်မယ်။
ရန်ကုန်ဟာ လူဦးရေ (၇)သန်းလောက်နေထိုင်ပြီး မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးမောင်းနှင်မှု အချက်အချာမြို့ကြီးပါ။ သူဟာ အဝင်အထွက်တွေ၊ ချိတ်ဆက်မှုတွေ၊ ကုန်စည်စီးဆင်းမှုတွေနဲ့ လည်ပတ်နေရတဲ့မြို့ကြီးပါ။
ယနေ့အထိ ရန်ကုန်ဟာ ပြည်ထောင်စုထဲက ဘယ်နေရာ ဘယ်ဒေသကပြည်သူတွေပဲ ရောက်လာရောက်လာ ရင်ဖွင့်ကြိုနေဆဲမြို့ကြီးပါ။
မေတ္တာဖြင့်
Kyaw Swar Myint