ရန်ကုန်ရှိ မြို့နယ်အချို့တွင် အနံ့ပျောက်လူနာ အရေအတွက် များပြားလာ၊ ဆေးရုံများတွင် နေရာလွတ် မရှိတော့
ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် အနံ့ပျောက်လူနာ အရေအတွက် များပြားလာ၊ ဆေးရုံများတွင် နေရာလွတ် မရှိတော့
ရန်ကုန်၊ လှိုင်မြို့နယ်မှာ အနံပျောက်နေတဲ့ ကိုဗစ်သံသယလူနာ (၈၂) ဦး ရှိနေပြီးတော့ ဆေးရုံးတွေမှာ လက်ခံဖို့ခက်ခဲနေတဲ့အတွက် လှိုင်မြို့နယ်မှာပဲတစ်စုထဲထားဖို့စီစဉ်နေတယ်လို့ လှိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။
“အခု RC 2 ထဲက မေခဆောင်မှာ ပြင်ဆင်ထားတယ်။ ကုတင်၊ အခင်း၊ အောက်ဆီဂျင်ဘူး၊ MEDIACAL TEAM တွေ စားဖို့သောက်ဖို့ရော၊ စေတနာဝန်ထမ်းတွေရောပြင်ဆင်ထားတယ်။ တိုင်းကျန်မားရေးက ခွင့်ပြုချက်ရရင်စလို့ရပြီ။” လို့ ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။
ဆေးရုံးတွေမှာ လူနာပြည့်နေတာကြောင့် လှိုင်မြို့နယ်မှာနေရာတစ်ခုစီစဉ်တာဖြစ်ပေမဲ့ ကျန်းမာရေးက ခွင့်မပြုဘူးဆိုတဲ့ ပြောဆိုမှုတွေရှိနေသလို အနံပျောက်သံသယလူနာတွေကို လာမခေါ်တာကြောင့် ရပ်ကွက်နေ ပြည်သူတွေကလည်း စိုးရိမ်ကြောက်လန့်နေတယ်လို့ သူကပြောပါတယ်။
ရပ်ကွက်ကလည်း ဒီလောက်အနံ့ပျောက်နေတဲ့လူကို အိမ်ပြန်လာတာကို သိပ်လက်သင့်မခံချင်ဘူး။ နောက်တစ်ခုက သူတို့ကိုယ်တိုင်ကိုယ်ကလည်း မိသားစုကများတဲ့ လူတွေရှိတယ်။ တစ်ခါတစ်လေကျရင်နေရထိုင်ရတာက ကြပ်တည်းတော့ သူတို့ကိုယ်တိုင်ကို အိမ်မှာမနေချင်ဘူးပေါ့လေ။ တစ်ခြားလူကြီးတွေဘာတွေကူးမှာစိုးလို့ အဲလိုအနေအထားမှာ တော်တော်လေးအဆင်မပြေ ဖြစ်နေတယ်ဟု သိရသည်။
ဒီတစ်ပတ်ထဲမှာပဲ စက်တင်ဘာ (၂၄) ရက်နေ့မနက်ထိ လှိုင်မြို့နယ် Hlaing Fever Clinic ကို လာပြသူတွေထဲမှာ ဆေးရုံကိုပို့ရမယ့် အနံ့ပျောက်သံသယ လူနာ (၅၂)ယောက်၊ ကာယကံရှင်တွေကိုယ်တိုင် ဖျားနာတာ၊ ချောင်းဆိုတာနဲ့ အနံ့ပျောက်တာကြောင့် သတင်းပို့တဲ့ သူအယောက် (၃၀)ရှိနေတာလို့ သိရပါတယ်။
အဲဒီ (၈၂)ယောက်ကို ဒီနေ့စက်တင်ဘာလ(၂၄)ရက်နေ့ထိ သူတို့နေအိမ်တွေမှာပဲ အသွားလာကန့်သတ်နေထိုင်ဖို့ လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြားထားပါတယ်။ စက်တင်ဘာလ (၂၃)ရက်နေ့ မနက်အထိတော့ လှိုင်မြို့နယ်ထဲမှာ ကိုဗစ်လူနာ(၂၁၄)ယောက်ထိရှိနေပါတယ်။
တောင်ဒဂုံမြို့နယ်ရှိ Fever Clinic သို့ လာရောက်ပြသသူများအနက် သံသယလူနာများကို စံပြဆေးရုံသို့ လွှဲပေးသော်လည်း ဆေးရုံမှ လက်ခံနိုင်သည့် နေရာမရှိဖြစ်နေပြီး လွှဲပြောင်းခဲ့သူများအနက် အများစုမှာ ပိုးတွေ့ လူနာများဖြစ်နေကြောင်း တောင်ဒဂုံမြို့နယ် Fever Clinic တာဝန်ခံဆရာဝန် ဒေါက်တာ ဇော်လင်းဘိုက ပြောကြားသည်။
တောင်ဒဂုံ Fever Clinic သို့ လာရောက်ပြသသူ အရေအတွက်မှာ စက်တင်ဘာလအတွင်း လူနာ ၄၀၀ ခန့်ရှိပြီး သံသယလူနာများကို စံပြဆေးရုံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးသော်လည်း ဆေးရုံတွင် လူနာများနေသဖြင့် လက်ခံခြင်း မရှိကြောင်း၊ ယင်းလူနာများအနက် အများစုမှာ COVID-19 ပိုးတွေ့လူနာများ ဖြစ်ကြောင်း ဒေါက်တာဇော်လင်းဘိုက ပြောကြားသည်။
“ အခုလောလောဆယ် ကျွန်တော်တို့ ဆေးခန်းမှာက ဒီလထဲ လူ ၄၀၀ လောက် လာပြကြတယ်။ လွှဲလိုက်တဲ့ လူနာက ဟိုတစ်နေ့ကဆို ၅၈ ယောက် ရှိတယ်။ အဲဒီမှာ Positive တွေ့တာ ၅၅ ယောက်ရှိတယ်။ အဲဒီနောက်ပိုင်းမှာ ဆေးရုံကိုလွှဲရတာ အခက်အခဲ ဖြစ်လာတယ်။ တချို ့လူနာတွေဆို ပေါင်းပြီး လွှဲရတာရှိတယ်။ တစ်နေ့က ကိုးယောက်လွှဲတာ ကိုးယောက်လုံး Positive ဖြစ်တယ်။ နောက်ပိုင်းမှာ လွှဲဖို့လိုလာတဲ့ လူနာတွေ ရှိပေမယ့် ဆေးရုံမှာလည်း လက်ခံနိုင်တဲ့ နေရာအင်အား မရှိဘူး။ ဖောင်ကြီးကလည်း လာမခေါ်ပေးတဲ့ အတွက်ကြောင့် တချို ့လူနာတွေကို ကျွန်တော်တို့ Stay at Home ပြန်နေခိုင်းရတယ်”ဟု တောင်ဒဂုံမြို့နယ် Fever Clinic တာဝန်ခံ ဆရာဝန်ဒေါက်တာ ဇော်လင်းဘိုက ပြောကြားသည်။
တောင်ဒဂုံမြို့နယ် ဖျားနာကုသဆောင်သို့ လာရောက်ပြသသည့် လူနာ ၄ဝဝမှ သံသယလူနာ ၁၀၀ နီးပါးအထိ တွေ ့ရှိရပြီး စံပြဆေးရုံသို့ ပြန်လည်လွှဲပေးခဲ့ရကြောင်း၊ ဆေးရုံမှ လက်ခံနိုင်သည့် နေရာအင်အား မရှိသဖြင့် အိမ်ကို ပြန်လွှတ်မည့်အစား သီးသန့်ခွဲထားသည့်နေရာ တစ်ခုကို အသုံးပြုစေချင်ကြောင်း ဒေါက်တာဇော်လင်းဘိုက ဆက်လက် ပြောကြားသည်။
“ ဒီနောက်ပိုင်း ဆေးရုံကို လွှဲတဲ့လူနာတွေက အိမ်ကိုပြန်လွှတ်တာတွေ ရှိတယ်။ ကျွန်တော်ကတော့ အိမ်ကို ပြန်လွှတ်မယ့်အစား Quarantine Center တွေကို အသုံးပြုစေချင်တယ်။ ကျွန်တော်တို့ လွှဲတဲ့လူနာတွေက အများအားဖြင့် Positive ဖြစ်တယ်။ အဲဒီတော့ သူတို့ကို သေချာတဲ့ သီးသန့်ခွဲထားတဲ့နေရာမှာ ထားလိုက်လို့ရတယ်။ ကျွန်တော်တို့ Isolation Centre တစ်ခုလောက် သုံးလို့ရမယ်ဆိုရင် Fever Clinic တွေက အဆင်ပြေနိုင်တယ်။ အခုအနေအထားက Fever Clinic တွေက လွှဲတယ်၊ ဆေးရုံက လက်မခံဘူး။ အဲဒီတော့ လက်မခံလို့ ပြန်ထွက်လာတဲ့ လူနာတွေ က Contact မရှိရင် Quarantine Center တွေမှာ ထားလို့မရတဲ့ အခါကျတော့ ဆေးရုံက ပြန်လွှတ်လိုက်ရင် အိမ်ပြန်ဖို့ နည်းလမ်းကလွဲပြီး ဘာမှမရှိဘူး” ဟု ဒေါက်တာဇော်လင်းဘို က ပြောကြားသည်။
ဆေးရုံမှ လက်မခံသော သံသယလူနာတစ်ဦးမှာ အိမ်တွင် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးရှိသောကြောင့် အိမ်သို့မပြန်ပဲ လျှောက်သွားနေသည့်အတွက် အိမ်တွင် Home Quarantine နေရန် ဖျောင်းဖျပြောဆိုခဲ့ရသည်ဟု တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောကြားသည်။
“သူက ရောဂါသံသယရှိလို့ဆိုပြီး ဆေးရုံကို လွှဲခံရတယ်။ ဒါပေမယ့် ဆေးရုံမှာ လူနာလက်ခံဖို ့နေရာမရှိတဲ့အတွက် အိမ်ကို ပြန်လွှတ်တယ်။ သူက အိမ်မပြန်ချင်ဘူး ။ သူ့အမျိုးသမီးက ကိုယ်ဝန်နဲ့မို့ သူမှာရောဂါရှိရင် ကူးမှာစိုးတယ်။ ဒါကို ကျွန်တော်တို့က သူ့အိမ်က အခန်းထဲမှာ သီးသန့်နေဖို့ ဖျောင်းဖျခဲ့ရတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
လက်ရှိတွင် အနံ့အရသာ မရတော့သဖြင့် ကူညီပေးရန် ဖုန်းဆက်ပြောကြားသူ တစ်နေ့လျှင် လူအယောက် ၃၀ ခန့်ရှိသည်ဟု တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။ စက်တင်ဘာ ၂၃ ရက် နံနက်အထိ တောင်ဒဂုံမြို့နယ်တွင် COVID-19 ပိုးတွေ့ လူနာ ၁၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။