ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှ ဝန်ထမ်း (၂) ဦးထံတွင် ပိုးတွေ့၊ စုစုပေါင်း (၃) ဦး ရှိသွားပြီ
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှ ဝန်ထမ်း (၂) ဦးထံတွင် ပိုးတွေ့၊ စုစုပေါင်း (၃) ဦး ရှိသွားပြီ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းရှိ စုပေါင်းရုံးမှ ရုံးတက်ဝန်ထမ်း ၁၀၀ နီးပါးအား ယနေ့(အောက်တိုဘာ ၆) Swab Test ယူ စစ်ဆေးခဲ့ရာ နှစ်ဦးတွင် ကိုဗစ် Positive အဖြေထွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ လုံခြုံရေးယာဉ်တန်းမှ ရဲတပ်ဖွဲ့ဝင်တဦးတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိရ၍ တိုင်းအစိုးရအဖွဲ့ရုံးဝင်းကို အောက်တိုဘာ ၅ ရက်နေ့က စတင်ကာ အသွားအလာ ကန့်သတ်မှု ပြုလုပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်၏လမ်းကြောင်းတွင် လိုက်ပါခဲ့သူ များနှင့် အခြားဌာနဆိုင်ရာများမှ ရုံးဝန်ထမ်းများကို Swab Test ယူ စစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။
“ပထမပိုးတွေ့တဲ့ အခြေအနေရဲ့ နောက်ဆက်တွဲက စုပေါင်းရုံးမှာရှိတဲ့ ရုံးတက်ဝန်ထမ်းတွေကို စစ်တာ။ နှစ်ဦး Positive လို့ အကြမ်းဖျင်းသိရတယ်။ ဒီနှစ်ဦးက ဝန်ကြီး ချုပ်လမ်းကြောင်းနဲ့တော့ မဆိုင်ဘူး။ ရဲလိုင်းခန်းမှာနေတဲ့ ရဲတပ်သားတဦးရယ်။ ထွေအုပ်ရုံးက အမျိုးသမီးတဦးရယ် နှစ်ယောက် Positive တွေ့တာ” ဟု ရန်ကုန်တိုင်း အစိုးရ အဖွဲ့နှင့်နီးစပ်သူတဦးက ပြောပါတယ်။
စုပေါင်းရုံးမှ ရုံးတက်ဝန်ထမ်း ၁၀၀ နီးပါးအား Swab Test ယူ စစ်ဆေးမှုသည် ယနေ့ မွန်းလွဲပိုင်းတွင်ပြီးစီးခဲ့ပြီး Positive အဖြေထွက်ခဲ့သူ နှစ်ဦးကိုလည်း ကုသရေးစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။