ရန်ကုန်စစ်မျက်နှာပြင်မှာ ကိုဗစ်ကို တိုက်ဖို့ နည်းဗျူဟာ ပြောင်းလဲလိုက်တဲ့ အစိုးရ (ပြည်သူ့အားနဲ့ အနိုင်ယူရမယ့်ပွဲ)

မှောင်မိုက်သော နေ့ရက်များ

ရန်ကုန်မြို့ရဲ့ ရောဂါကူးစက်မှုအခြေအနေက မထိန်းချုပ်နိုင်သေးပါဘူး။ ပိုတောင်မြင့်တက်လာပါတယ်။ ဒါကတော့ မထိန်းနိုင်ရင် မြင့်တက်လာမှာက သဘာဝပါ။ ဒါကြောင့် သေနှုန်းလဲ များလာပါတယ်။ ဆေးရုံသစ်တွေ တိုးချဲ့နေပေမယ့် ကုသပေးမယ့် ဆရာဝန်အင်အားကတော့ အများကြီးတိုးမလာနိုင်ပါဘူး။ ဒါကြောင့် ဗျူဟာတွေ အများကြီးပြောင်းလဲဖို့ လိုလာပါတယ်။ တင်းကြပ်ဖို့လဲ လိုလာပါတယ်။

ရန်ကုန်ကဆေးရုံသစ်တွေ အားလုံးပေါင်းပါမှ ကုတင် ၄၀၀ ကျော်လောက်ပဲ ပိုပါတော့တယ်။ တချို့ဆေးရုံတွေကလဲ ဆောက်နေဆဲပါ။ ရန်ကုန်ဆေးရုံကြီးအပါအဝင် ဆေးရုံတွေမှာ လူနာတွေကို ကားကြီးတွေနဲ့ အုပ်စုလိုက်သယ်သွား၊ လူနာသစ်တွေက အုပ်စုလိုက် ထပ်ရောက်လာလိုက်၊ ထပ်ခေါ်သွားလိုက်နဲ့ မြင်ကွင်းက ချမ်းမြေ့စဖွယ်မရှိပါဘူး။ လိုက်လံခေါ်ယူနေရတဲ့ လူတွေလဲ ချက်ခြင်းမခေါ်ယူနိုင်တော့ပါဘူး။ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဇွဲ၊ လုံလနဲ့ ဝိရိယကို မလျှော့ပဲ ခြေကုန်လက်ပန်းကျနေတဲ့ကြားထဲကနေ စိတ်အားတင်းပီး တာဝန်ထမ်းနေကြတုန်းပါပဲ။

ရန်ကုန်တိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် တချို့မြို့နယ်တွေမှာ ကူးစက်မှုက မကျသေးပါဘူး။ အဲဒီမြို့နယ်တွေကို သေချာကိုင်တွယ်ရပါမယ်။ ဥပမာ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ လှိုင်သာယာတို့ အပါအဝင် တချို့မြို့နယ်တွေပါ။ လသာတို့ စမ်းချောင်းတို့ ဗဟန်းတို့ကတော့ ၁၀ ယောက်ထက် ပိုတွေ့တဲ့နေ့ မရှိပါဘူး။ ဒီမြို့နယ်တွေက လူတွေက ဒီအတိုင်းပဲ ဆက်လက်ချီတက်ကြပါ။ အိမ်အပြင် မထွက်ပါနဲ့။ မနေ့က ရန်ကုန်မှာ စုစုပေါင်း ၅၃၅ ဦးတွေ့ခဲ့တာ အလွန်များပါတယ်။ အာဆီယံမှာလဲ အများဆုံးပါပဲ။ ဒါကြောင့် ကုသရေးကော Quarantine ဗျူဟာတွေလဲ ပြင်ဆင်ရပါတယ်။ အမိန့်တွေကို ပိုတင်းကြပ်စွာ ထုတ်ပြန်ပါတယ်။ ဘာတွေပြောင်းသွားလဲ မသိရင် အောက်ပါရှင်းပြချက်တွေကို ဖတ်ပါ။

Quarantine

ရန်ကုန်နဲ့ ရခိုင်မှာ Q အစီအစဉ်ကို ပြောင်းလိုက်ပါတယ်။ ပြည်တော်ပြန်တွေနဲ့ Stay Home မြို့နယ်က လာသူတွေကို FQ မှာ ၇ ရက်ပဲ ထားပါတော့မယ်။ ၅ ရက်နေရင် swab ယူပါမယ်။ ပိုးမတွေ့ရင် Home Q ၇ ရက်နေလို့ရပါတယ်။ အိမ်မှာ လူကြီးမိဘ၊ ကျန်းမာရေးမကောင်းသူတွေရှိရင်တော့ FQ မှာ ၇ ရက်ဆက်နေပါ။

ပိုးတွေ့သူနဲ့ ထိတွေ့မိသူ ( Primary Contact) တွေကိုလဲ FQ မှာ ၇ ရက်ထားပါမယ်။ ပထမနေ့နဲ့ ၅ရက်မြောက်နဲ့ ၇ ရက်မြောက်နေ့အကြားမှာ swab ၂ ခါ ယူပါမယ်။ ၂ ခါလုံး Negative ဆို အိမ်မှာ ဆက် Q ပါ။ ပိုးမတွေ့ပေမယ့် ကျန်းမာရေးက စိတ်မချရဘူးလို့ ဆရာဝန်က ဆုံးဖြတ်ရင်တော့ FQ ၇ ရက် ဆက်နေရပါမယ်။ ဒီတော့ အရင်လို FQ မှာ ၁၄ ရက် မနေရတော့ပါဘူး။ အဆင်ပြေရင် ၇ ရက်နဲ့ အိမ်ပြန်နိုင်ပါပီ။

ဆေးရုံတက် ကုသနေသူတွေအတွက်တော့ ညနေက တင်ခဲ့ပီးဖြစ်လို့ မရေးတော့ပါဘူး။

Stay at Home အမိန့်

ဒီအမိန့်က ပိုတင်းကြပ်လိုက်တာပါ။ ဒါပေမယ့် အများစုက သဘောမပေါက်လို့ လာလာမေးနေကြလို့ တတ်နိုင်သလောက် ရှင်းအောင် ရေးကြည့်ပါမယ်။

(၁) အားလုံးအိမ်မှာပဲနေရပါမယ်။

(၂) အစိုးရဝန်ထမ်းဆို ၂ ပတ်ရုံးတက်၊ ၂ ပတ် အိမ်မှာနေစနစ်နဲ့ သွားရပါမယ်။

(၃) ဘဏ်နဲ့ ငွေကြေးလုပ်ငန်း၊ စက်သုံးဆီဆိုင်၊ စားသောက်ကုန်နဲ့ သားငါး အအေးခန်းလုပ်ငန်း၊ ဆေးနဲ့ ဆေးပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်း၊ ရေသန့်ထုတ်လုပ်ရေး၊ နေ့စဉ်တကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းတွေက ဝန်ထမ်းတွေကတော့ အလုပ်သွားရပါမယ်။

(၄) အဲဒီလုပ်ငန်းတွေမဟုတ်တဲ့ ကျန်တဲ့ Company၊ ကျောင်း၊ သင်တန်းတွေ၊ အဖွဲ့အစည်းတွေ အကုန်လုံးက Work from Home ရပါမယ်။ အလုပ်သွားပီး လူမစုရပါဘူး။ ဘယ်နေ့ထိလဲဆို နောက်တခါ မကြေညာသေးသရွေ့ပါ။

(၅) CMP စက်ရုံတွေ၊ အလုပ်ရုံတွေ ( အထည်ချုပ်အများစု) က အလုပ်သမားတွေကတော့ ၂၄.၉.၂၀၂၀ ကနေ ၇.၁၀.၂၀၂၀ ထိ အလုပ်သွားဖို့ မလိုပါ။ ပိတ်ပါတယ်။ အိမ်မှာပဲနေပါ။ စက်ရုံကနေ အစုလိုက်အပြုံလိုက် ကူးမှာစိုးလို့ပါ။

(၆) အပြင်ထွက်ရင် Mask တပ်ပါ။

(၇) အပေါ်က အလုပ်သွားရမယ့် ဝန်ထမ်းတွေရဲ့ ယာဉ်တွေနဲ့၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကား၊ Volunteer ကူညီနေတဲ့ ပရဟိတကားတွေကိုပဲ မိမိရပ်ကွက်ကို ကျော်လွန်ပီး သွားလာလို့ခွင့်ပြုပါတယ်။ အိမ်စီးကားတွေ၊ အခြားကားတွေ လျှောက်သွားနေလို့မရပါ။

(၈) စျေးဝယ်လို့ရပါတယ်။ တအိမ်ကို တယောက်ပဲ ဆင်းဝယ်ပါ။ ယာဉ်မောင်းခေါ်မယ်ဆို ကားပေါ်မှာ ယာဉ်မောင်းနဲ့ ၁ဦး၊ ဆေးရုံလာမယ်ဆို ယာဉ်မောင်းနဲ့ အခြား ၂ဦးပဲ ကားပေါ်လိုက်ပါလို့ရပါမယ်။

(၉) အကယ်လို့ ကားပေါ် သက်မှတ်လူဦးရေထက်ပိုပီး လိုက်ပါရမယ့် ကိစ္စရှိရင် ရပ်ကွက်ရုံးကို အသိပေးပါ။ ခွင့်ပြုချက်ယူပီးမှ သွားပါ။ အပြန်မှာလဲ ရပ်ကွက်က မဟုတ်တဲ့ လူပိုတွေ ခေါ်မလာပါနဲ့။ ရပ်ကွက်တွေထဲ ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး။

ဒီလောက်ဆို သဘောပေါက်ကြမယ်ထင်ပါတယ်။ ဒါဆို လူတွေ ဒီလိုနေမနေ ဘယ်သူက စောင့်ကြပ်ကြည့်ရှူမလဲဆိုရင် အခုလို စီစဉ်ထားပါတယ်။ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးအာဏာပိုင် ၁ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦးနဲ့ စေတနာ့ဝန်ထမ်း (၁၀ ဦးကနေ ၁၅ ဦး) အထိ ပါဝင်တဲ့ အဖွဲ့ငယ်တွေ ဖွဲ့ပါမယ်။ ရပ်ကွက်ထဲမှာ Q ထားတဲ့သူတွေရဲ့ အမည်၊ အသက်၊ လိပ်စာတွေကို စာရင်းပြုစုပါမယ်။ လိုအပ်တာတွေကို သူတို့ကို ဆက်သွယ်ပီး အကူအညီတောင်းပါ။ နေထိုင်မကောင်းရင် ကျန်းမာရေးဝန်ထမ်းကို ဆက်သွယ်ပါ။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း Ambulance ရောက်လာပီး ဆေးရုံ သို့ အဆောက်အဦးတခုကို ခေါ်ဆောင်ပီး ကုသပေးပါမယ်။

ဒီလောက်ဆို အားလုံးလဲ ပြောင်းလဲလိုက်တဲ့ ဗျူဟာသစ်အကြောင်းကို သဘောပေါက်ကြမယ်ထင်ပါတယ်။ ရန်ကုန်ဟာ မှောင်မိုက်တဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ အမှောင်ဆုံးအချိန်တွေကို ကျော်ဖြတ်ရင်း ရောဂါပိုးကို ကြံ့ကြံ့ခိုင်နေပါတယ်။ အခု အစီအစဉ်ဟာ အခြေခံလူတန်းစားကို ထိခိုက်နိုင်ပေမယ့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ ဆုံးဖြတ်လိုက်ကြရတာဖြစ်ပါတယ်။ အားလုံးတောင့်ထားပါ။ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လိုအပ်တာတွေ ကူညီလှူဒါန်းပေးကြလို့လဲ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ကြပါမယ်။ ပြည်သူတွေက အိမ်ထဲနေခြင်းအားဖြင့်၊ တတ်နိုင်တဲ့ဘက်က လှူဒါန်းခြင်း၊ ပရဟိတအနေနဲ့ ပါဝင်ခြင်းတွေနဲ့ ရင်ဆိုင်ကြပါမယ်။ ဒီစည်းကမ်းအသစ်တွေကို လိုက်နာခြင်းဖြင့် ကျနော်တို့ဟာ သီတင်းကျွတ်မတိုင်ခင် ဒီရောဂါကို ငြိမ်သက်အောင် ထိန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စိတ်မပျက်ပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ အနိုင်ရမယ်လို့ ယုံကြည်ပါ။ မနက်ဖြန်ကစ ဗျူဟာအသစ်၊ စစ်မျက်နှာအသစ်နဲ့ ရန်သူကို အပြင်းအထန် တိုက်ထုတ်ကြမယ်။

အမှောင်ဆုံးအချိန်ဆိုတာ မိုးမသောက်ခင် ကြုံရစမြဲပဲ။

ပြီးရင်တော့ ရောင်နီကို မြင်ရမယ်။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page