အိမ်ပြန်လွှတ်လိုက်ရတဲ့ အနံ့ပျောက်လူနာများ စည်းကမ်းလိုက်နာမှုနဲ့ ရန်ကုန်မြို့ရဲ့ ကံကြမ္မာ

အိမ်ပြန်လွှတ်လိုက်ရတဲ့ အနံ့ပျောက်လူနာများ စည်းကမ်းလိုက်နာမှုနဲ့ ရန်ကုန်မြို့ရဲ့ ကံကြမ္မာ

မိဘပြည်သူများသို့ အသိပေးအကြောင်းကြားခြင်း

ယခုအခါတွင်ရန်ကုန်တစ်မြို့လုံးရှိ ဖျားနာကုဆေးခန်း (fever clinic) များသို့ ကိုဗစ်သံသယလူနာမြောက်များစွာ လာရောက်ပြသနေကြပါသည်။

ပိုးတွေ့လူနာအရေအတွက်မှာ လွန်စွာများပြားလာသောကြောင့်ဆေးရုံများမှာလည်း လူနာများအတွက်နေရာအခက်အခဲများ ဖြစ်ပေါ်နေပြီး အကန့်အသတ်နှင့်သာ လက်ခံဆောင်ရွက်ပေးနေရပါသည်။ ဖျားနာကုဆေးခန်း (fever clinic) များမှ လွှဲပို့သော သံသယလူနာအားလုံးကို လက်ခံဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ အချို့ကိုသာ လက်ခံပေးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေပါသည်။

အဆိုပါသံသယလူနာများသည် positive ဖြစ်နိုင်‌ချေများသူများဖြစ်ကြပါသည်။ သံသယလူနာများအား သီးသန့်ထားရှိရန် နေရာအဖြစ် တရားဝင်ဆောင်ရွက်ထားခြင်းများ မရှိသေးပါ။ အချို့မြို့နယ်များတွင်သာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နားလည်မှုယူ၍ သံသယလူနာများ သီးသန့်နေထိုင်ရန် နေရာများဆောင်ရွက်ထားပါသည်။ သို့သော် အရေအတွက် အလွန်နည်းပါးသဖြင့် အကန့်အသတ်ဖြင့်သာ လက်ခံဆောင်ရွက်‌ပေးနိုင်ပါသည်။ မြို့နယ်အများစုတွင်မူ အဆိုပါနေရာများမရှိကြသေးပါ။

Positive ဖြစ်နိုင်ချေများသည့် သံသယလူနာများအား သီးသန့်ထားရှိရန်နေရာများ လုံလောက်စွာမရှိသည့်အတွက် ၎င်းတို့အား အိမ်တွင် home Q ပေး၍ပြန်လွှတ်နေရပါသည်။ ၎င်းလူနာများသည် positive ဖြစ်နိုင်ချေများသော်လည်း ပိုးတွေ့အတည်ပြုလူနာအဖြစ် တရားဝင်သတ်မှတ်ထားခြင်း မရှိပါသဖြင့် အသွားအလာကန့်သတ်ခြင်း၊ lockdown ချခြင်းများ ပြုလုပ်ရန်အဆင်မပြေပါ။

မိမိအသိစိတ်ဓါတ်ဖြင့် တစ်အိမ်လုံး home Q ကိုသေချာလိုက်နာရန်သာ မှာကြားပေးနိုင်ပါသည်။ ထိုကဲ့သို့ home quarantine ပေးထားသောအိမ်များ ရန်ကုန်မြို့အတွင်းတွင် အမြောက်အများရှိနေပါသည်။

မိမိတို့ဖျားနာကုဆေးခန်းများအနေဖြင့်လည်း အဆိုပါသံသယလူနာများအား ကန့်သတ်တားမြစ်ထိန်းချုပ်နိုင်ရန် အင်အားနှင့် အခွင့်အာဏာများမရှိပါ။ သို့ပါ၍ အဆိုပါသံသယလူနာများသည် မှာကြားချက်များကို လိုက်နာပါက ကိစ္စမရှိသော်လည်း လိုက်နာခြင်းမရှိဘဲ အပြင်သို့သွားလာနေပါက မိဘပြည်သူများအတွက် အလွန်ပင်အန္တရာယ်များပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အသွားအလာအနေအထိုင်ဆင်ခြင်ပြီး မိမိကိုယ်ကို ရောဂါပိုးကူးစက်ခြင်းမှ ကင်းဝေးစေရန် ဂရုပြုနေထိုင်ကြစေလိုပါသည်။

ဒေါက်တာရဲညီညီထွဋ်
တာဝန်ခံဆရာဝန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ဖျားနာကုဆေးခန်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page