မန္တလေးသို့ ဝင်မည့် ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် (၄) ဦးတွင် ပိုးတွေ့

မန္တလေးသို့ ဝင်မည့် ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် (၄) ဦးတွင် ပိုးတွေ့

မန္တလေးသို့ လာရောက်မည့် ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ရမည်းသင်းမြို့နယ် သဲကွဲ ကုန်တင်ယာဉ် စစ်ဆေးရေးဂိတ်၌ ကိုဗစ် ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာ လေးဦးတွင် ရောဂါပိုး တွေ့ရှိ (Positive)ကြောင်း ရမည်းသင်းမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်က ပြောပါတယ်။

အောက်တိုဘာ(၂)ရက်က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄၀၀)ကျော်ကို Text Kits များဖြင့် COVID-19 ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာ လေးဦးတွင် ပိုးတွေ့ရှိခြင်း ဖြစ်သည်ဟု ဦးဇော်မင်းဟန်က ပြောပါတယ်။

“ဒီနေ့ (အောက်တိုဘာ၂ရက်) စာရင်းချုပ်မယ်ဆိုရင် (၄၀၉) ယောက် စစ်ဆေးပြီး ဖြစ်တယ်။ အဲဒီမှာ Negative (ပိုးကင်းစင်) လက်မှတ် (၃၉၉) စောင် ထုတ်ပေးခဲ့တယ်။ Positive (ပိုးတွေ့ရှိ) လူနာကတော့ လေးယောက် ထွက်ခဲ့တယ်” ဟု ၎င်းက ရှင်းပြပါတယ်။

အဆိုပါပိုးတွေ့ လူနာ လေးဦးသည် ဝမ်းတွင်းမြို့နယ်မှ အသက်(၄၀)အရွယ် ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်း ဒဂုံအရှေ့ပိုင်းမြို့နယ်မှ တစ်ဦး၊ ပခုက္ကူမှ တစ်ဦးတို့ဖြစ်ပြီး ကျန်တစ်ဦးမှာမူ နေရပ်လိပ်စာ အတိအကျ စိစစ်နေဆဲဟု ၎င်းက အောက်တိုဘာ(၂)ရက် ညနေပိုင်းက ပြောပါတယ်။ ထို့အပြင် အဆိုပါ ပို့းတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ (၆)ဦး ရှိပြီး ၎င်းတို့ကိုလည်း ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်၌ ကွာရန်တင်း နေထိုင်ရန် ပို့ဆောင်ထားကြောင်းတယ်လို့ ဆိုပါတယ်။

ရမည်းသင်းမြို့နယ်၌ အောက်တိုဘာ(၂)ရက် ညနေပိုင်းအထိ ကိုဗစ် ရောဂါပိုးတွေ့ရှိသူ (၁၈)ဦး ရှိနေပြီး ယခင်က ဒေသခံ ပိုးတွေ့လူနာ (၁၄)ဦးနှင့် ယနေ့ စစ်ဆေးရေးဂိတ်၌ တွေ့ရှိသည့် ပိုးတွေ့လူနာ လေးဦးတို့ ဖြစ်ပါတယ်။

မန္တလေးမြို့သို့ လာရောက်မည့် ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အနေဖြင့် ကိုဗစ် ရောဂါပိုး ကင်းရှင်းကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပေးသည့် (၁၄)ရက်အတွင်း ကျန်းမာရေး ထောက်ခံချက် ပါရှိမှသာ ဖြတ်သန်းမောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရက စက်တင်ဘာ(၂၉)ရက်တွင် အမိန့်ထုတ် သတ်မှတ်ထားသည်။

အဆိုပါ ကန့်သတ်ချက်အမိန့် ထုတ်ပြန်ပြီးနောက် ကျန်းမာရေး ထောက်ခံချက် မပါရှိသော ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ရမည်းသင်းမြို့နယ် သဲကွဲ စစ်ဆေးရေးဂိတ်၌ အောက်တိုဘာ(၂)ရက်မှ စတင်ကာ ကိုဗစ်ရောဂါ ရှိ၊မရှိ အခမဲ့ စစ်ဆေးပေးခြင်း ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြင့် ကိုဗစ် ရောဂါပိုး ရှိ၊မရှိ စစ်ဆေးလိုပါက မိမိနေထိုင်ရာ မြို့နယ်ရှိ ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့ ဆက်သွယ်စုံစမ်းကာ တစ်ကြိမ်လျှင် ကျပ် သုံးသောင်းနှုန်းဖြင့် စစ်ဆေးမှု ခံယူနိုင်ကြောင်း မန္တလေးတိုင်းအစိုးရ သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုမူ ရမည်းသင်းမြို့နယ် သဲကွဲစစ်ဆေးရေးဂိတ်၌ ကိုဗစ် ရောဂါပိုး ရှိ၊မရှိ ဆက်လက် စစ်ဆေးပေးမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page