ကိုဗစ်ကာလအတွင်းမှာ ရဟန်းစားရတဲ့ ဆွမ်းတနပ်

“ကိုဗစ်ကာလ ဘုန်းကြီးတစ်ပါးရဲ့ ရင်တွင်းစကား”

​စိမ်းစိုသန့်ရှင်းနေတဲ့ ဘုန်းကြီးကျောင်းထဲတစ်ယောက်တည်းပတ်ကြည့်နေချိန်မှာ ဟန်ရင်ကျောင်းပေါ်က ဘုန်းကြီးတစ်ပါးဆင်းလာကာ ကျနော့်ဆီလျှောက်လာပါတယ်။

“လမ်းတွေက သစ်ရွက်တစ်ရွက်မှမရှိဘူးဘုရား။” “ဟုတ်တယ်။ ဦးဇင်းတို့လှဲကျင်းထားတာ။ ခဏနေ မိုးရွာရင် ပြန်ကျလာလိမ့်မယ်။ ဒါနဲ့ ဒကာကြီးက ဧည့်သည်လား?”

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းက ဒီနေရာတွေမှာ တပည့်တော်ရဲ့ခြေရာတွေထပ်နေခဲ့တာဘုရား။” “တနင်္ဂနွေနေ့မနက်တိုင်း ၉ ပါးသီလယူရတယ်။ ပြီးရင် ဘုန်းကြီးကျောင်းထဲလျှောက်ဆော့တော့တာပဲ။ မောရင် ဗိဋကတ်တိုက်ထဲဝင်ပြီး စာပေဗိမာန်ထုတ်စာအုပ်တွေရယ်၊ ဘုရားစာတွေရယ်ကို ဖတ်လေ့ရှိတယ်။”

“အရှင်ဘုရားအခုသီတင်းသုံးနေတဲ့ ဟန်ရင်ကျောင်းရှေ့က ရွက်လှပင်တွေဟာ အခုဆိုရင် နှစ် ၃၀ ကျော်ပြီ။ တပည့်တော် ငယ်ငယ်ပိစိလေးကတည်းက ဒီအပင်တွေရှိတာ။ တပည့်တော်ကိုရင်ဝတ်တုန်းက ရှိလှ ခုနှစ်နှစ်ပေါ့။ သပိတ်တောင်မနိုင်တနိုင်ရယ်။ ပိစိလေး။”

“အခုမြင်နေရတဲ့ သီဟိုဠ်ပင်ကြီးတွေဟာ တပည့်တော်နဲ့ ဆရာတော်ဦးဝိစက္ခဏတို့ စိုက်ထားတာဘုရား။” “ဟိုထန်းတောကတပည့်တော်တောကြက်တွေကို ငယ်ငယ်ကအမဲလိုက်တမ်းဆော့တဲ့နေရာ၊ ဟိုသရက်ပင်တောက တပည့်တော်ဖက်ဆစ်ဂျပန်တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာပဲဘုရား။ ဘေးနားကအုန်းပင်တွေကနေ အုန်းလက်ခုတ်ပြီး သေနတ်လုပ်ခဲ့တာပေါ့။အနောက်ဖက်မှာ ခွေးကိုပတ်တဲ့နွယ်ရှင်ပင်ရှိခဲ့ဖူးတယ်။”

“တကာကြီး ဒီအပင်ကြီးကိုမြင်ဖူးလား?” “ဒါသပြုသီးပင်ကြီးပဲ အင်္ဂလိပ်လိုတော့ Elephant apple tree လို့ခေါ်တယ်။ ငယ်ငယ်က အမေကငါးပြေမနဲ့ ချဉ်ရည်ဟင်းချက်ကျွေးတယ်ဘုရား။”

“တပည့်တော်တို့ငယ်ငယ်က ဒီနေရာဟာ ရှောင်လင်ကျောင်းကြီးကြနေတာပဲ။ ဒီဘက်က ဥုးအိမ်တုံကျောင်းဝင်းထဲမှာ ကိုရင်တွေ သိုင်းလေ့ကျင့်နေတာ လက်သိုင်း၊ တုတ်သိုင်း၊ နံချပ်ကူ၊ စံချပ်ကူအကုန်စုံတယ်။ အချိန်ကျရင် သိုင်းကျင့်နေတာရပ်ပြီး စာအံကြသေးတာ ဆူညံနေတာပဲ။ ဥုးဇင်းတွေ၊ ကိုရင်တွေ ဝတ်တက်ကြရင်အများကြီးပဲ။ တန်ဆောင်မုန်းလပြည့်ညဆို အမေက ဘုန်းကြီးကျောင်းဝင်းထဲ မေသီလရှင်ကြီးနဲ့ပတ်ပြီး ပံ့သကူပစ်တာ။ မနက်ဆို လမ်းပေါ်မှာ ငွေတွေမြက်ခင်းတွေကြားမှာ။ ကိုရင်တွေဆိုတာ ပျော်လိုက်ကြတာ။ မြက်ခင်းတွေထဲလိုက်ရှာရတာပျော်စရာကြီး။ အသက်အတော်ကြီးမှ အဲ့ငွေတွေက အမေပစ်တာမှန်းသိရတာ။”

“ကိုရင်တွေကလည်း အားတာနဲ့ တပည့်တော်ကို ဒူးလေးပစ်တာသင်တယ်။ လေးပစ်သင်ပေးတယ်။ ရွံ့တွေခူးပြီးအိုးဖုတ်တာသင်ပေးတယ်။ သစ်ပင်တက်သင်ပေးတယ်။ အဲ့ဒီတုန်းက တပည့်တော်က ခုနှစ်နှစ်သားလောက်ရှိတာပိစိလေး။ တပည့်တော်ကို မျိုးသန့်လေးလို့ချစ်စနိုးခေါ်ကြတယ်။”

“ဒီလောက်သံဃာတွေများတဲ့ စာသင်တိုက်ကြီးကနေ အခုအခါတစ်ကျောင်းတစ်ပါးတောင်မကျန်ပဲ ကျောင်းလွတ်တွေများနေတာ ဝမ်းနည်းစရာပဲဘုရား။”

“နောင်ဒီထက်ဆိုးမယ်တကာကြီး” “အခု ငါးပါးခြောက်ပါးလောက်ကျန်တယ်။ မျိုးဆက်သစ်ကိုရင်လေးတွေလုံးဝမွေးမရဘူး။ မွေးတာနဲ့မိဘတွေကခိုင်းစားဖို့ပြန်လာခေါ်သွားကြတယ်။” “ကိုဗစ်အကြောင်းပြောရအုံးမယ်တကာကြီး​ရေ။ အဲ့ဒီကိုဗစ်ဆိုတာကြီးက အတော်ဆိုးသတဲ့။ ကျုပ်တို့ကိုလည်း အတော်နှိပ်စက်တာပဲဗျ။”

“ဘယ်လိုဖြစ်လို့လဲဘုရား။ ဆွမ်းကွမ်းအဆင်ပြေရဲ့လား။” “မနက်ဆို လေးနာရီလောက်ထပြီး ရွှေမု​ေဋ္ဌာကို လမ်းလျှောက်ဆွမ်းခံကြွတယ်။ ဘုရားမှာဆွမ်းလောင်းအသင်းရှိတယ်။” “အဝေးကြီးပဲဘုရား။”

“ဘယ်တတ်နိုင်မလဲ တကာကြီး။ ဒီလိုပဲဆွမ်းမခံလို့မှမဖြစ်တာ။ မိုးသည်းနေလည်း ဆွမ်းခံသွားရတာပဲ။ ဆောင်းတွင်းဘယ်လောက်အေးအေး သွားရတာပဲ။ ကျုပ်တို့ကအနွေးထည်ခြုံလို့မှမသင့်တော်တာ။

နေ့ဆွမ်းအတွက်ကတော့ ရပ်ကွက်ထဲမှာ လေးငါးအိမ်လှည့်ကြွလိုက်ရင်ရတယ်။ ကိုဗစ်ကာလမှာ ပါးရှားလာတော့ လောင်းတဲ့သူလျော့တာလည်းရှိတာပေါ့။ သူတို့တောင်စားဖို့အနိုင်နိုင်ဆိုတော့လည်းတကာကြီးရယ်။

အဲ့ဒါဆွမ်းနည်းနေတာ သပိတ်လှန်လိုက်လို့ နောက်တစ်အိမ်ကမြင်လို့ မနေနိုင်ရင် ဆွမ်းထပ်ခပ်ပြီးဖြည့်လောင်းပေးတယ်။ ဟင်းမတွေ့လို့ နောက်တစ်အိမ်ကမြင်ရင် သူတို့စားဖို့အထဲက ခပ်လောင်းလိုက်တဲ့သူလည်းရှိတယ်။ သူတို့ကိုလည်းအားနာစရာပါ။ ဆွမ်းကွမ်းအတွက်ကမပူပါဘူး။ ဘုန်းပေးလို့ဖြစ်ပါတယ်။ ဘုရားသားတော်တွေပဲ။ ခက်တာက သုံးစရာဝတ္တုငွေမရှိဘူးဗျ။

လူတွေကဘုန်းကြီးဘာမှ ငွေသုံးစရာမရှိဘူးထင်နေတာ။ အသုံးအဆောင်လေးတစ်ခုပျက်လို့ ဝယ်ဖို့ရာက ဝတ္ထုငွေလေးနည်းနည်းပါးပါးတော့ ရှိအုံးမှပေါ့တကာကြီးရယ်။ ပုထုဇဉ်တွေပဲဗျာ၊ ငွေလုံးဝမကိုင်နဲ့တော့ ဘယ်ရမလဲ။ ချမ်းသာတဲ့ဘုန်းကြီးတွေကျတော့ ချမ်းသာလိုက်တာဗျာ။

သာသနာဆိုတာတစ်နေရာတည်းစွတ်ပြီးပြည့်စုံနေလို့မှမရတာ။ တစ်နေရာတည်းကို ချီးမြှောက်နေလို့မှမရတာ။ မေသီလရှင်တွေဆိုရင် ပိုသနားစရာကောင်းတာ။ ဘယ်မှာဆွမ်းခံလို့ရလို့တုန်း။ အဲ အခုလို ကိုဗစ်ကာလမှာပိုဆိုးတာပေါ့။

နေမကောင်းမဖြစ်အောင် အရမ်းဂရုစိုက်နေရတယ်။ ကုစရာငွေတစ်ပြားမှမရှိဘူး။ အနားကဆေးခန်းသွားရင် ဆရာဝန်မလေးက စမ်းသပ်ခတစ်ပြားမှမယူဘူး။ ဆေးခန်းကတော့ ဆေးဖိုးယူတယ်။ တစ်ခါသွားရင် ကံကောင်းလို့ တစ်ထောင်ကျော်လောက်ကျတာ။ ဒါတောင်ဆိုက်ကားနဲ့မသွားလို့။

“ကျုပ်တို့အရင်က တရားလေးထွက်ဟောပြီး ဆေးဖိုးလေး၊ ဖုန်းဖိုးလေး၊ အသုံးအဆောင်လေးဝယ်နိုင်တယ်။ အခုဖုန်းတောင် ဘေမဖြည့်နိုင်ဘူးတကာကြီး။” အဲ့ဒီကိုယ်တော်က ရင်တွင်းစကားတွေသာထုတ်နေတာ အလှုငွေလိုချင်တဲ့ပုံမပေါ်။

“ကျုပ်ပြောနေတာက ကျုပ်တစ်ပါးတည်းမဟုတ်ဘူး။ အကုန်လုံးဖြစ်နေတာ။ ခြေစောင့်လက်စောင့်လေးမှမရှိတော့ တစ်ခုခုဆိုမခက်လား?”

“တရားပွဲတွေမလုပ်ရဆိုတာလည်း လက်ခံပါတယ်တကာကြီး တရားသွားဟောရင်း တကာကိုကူးရင်လည်းမကောင်း၊ တကာကဘုန်းကြီးကိုကူးလို့ကတော့ အခုကျောင်းဝင်းထဲမှာရှိတဲ့ ကိုယ်တော် ငါးပါး ခြောက်ပါး အကုန်ကူးပြီး ဘုန်းကြီးကျောင်းတော့ တစ်ပါးမှကျန်မှာမဟုတ်ဘူး။ ကျုပ်တို့ခြောက်ပါးက ဆွမ်းတော့ ဆွမ်းစားကျောင်းမှာအနည်းဆုံး အာရုံတော့စုဘုန်းပေးရတာပဲ။ ​ကူးစက်မှုသာဖြစ်ရင် ရှင်နည်းရာအဂ္ဂပျံလွန်တော်မူဖြစ်မယ်။

တရားပွဲမရှိတော့လည်း သုံးစရာတောင်မရှိ။ တနေ့တနေ့ကျောင်းထဲမှာ ဘယ်သူနဲ့မှမထိတွေ့ပဲ စိတ်ဓာတ်ကျတယ်တကာကြီး။ “အနည်းဆုံးတော့ ဘုန်းကြီးကျောင်းတွေကို တရားပွဲလုပ်မှလှုတာမလုပ်ပဲ ခြေစောင့်လက်စောင့်လေးတော့ ကျောင်းကိုလှုတာမျိုးလုပ်စေချင်တယ်။”

အဲ့ဒီအချိန်မှာ အမေက သီလရှင်ကျောင်းဘက်က အသက် ၉၀ ကျော်မယ်သီလရှင်ကြီးကို သွားတွေ့ပြီးပြန်ထွက်လာတာတွေ့တော့ စကားစပြတ်သွားတယ်။ ကျနော့်အမေလည်း သီလရှင်ကျောင်းဘက်ကထွက်လာရင်း အဲ့ဒီကိုယ်တော်ကိုတွေ့တော့ ဝတ္တုငွေလေးကပ်တယ်။ သာဓု သာဓု သာဓုနဲ့ ဆုတွေပေးနေတယ်။

ကိုဗစ်ကာလမှာ အားလုံးဒုက္ခရောက်ကြပါတယ်။ ဘာပွဲမှကိုလုပ်လို့မဖြစ်ပါ။ ဘာသာရေးပွဲတွေ လုံးဝမလုပ်သင့်ပါ။ ဦးဇင်းတွေလည်း သိကြပါတယ်။ အဲ့ဒီတော့ အလိုက်တသိနဲ့ ဘုန်းကြီးကျောင်းကို mask တပ်၊ ခပ်ခွာခွာကနေ ဝတ္ထုငွေလေး တစ်ခါတစ်ရံ ကိုယ်နိုင်သလောက်ကပ်သင့်ပါတယ်။ ဘုန်းကြီးကို ဘေးကနေဝိုင်းဝန်းထားပြီး လက်တွေဆုံကာကပ်တာမျိုးလုံးဝမလုပ်သင့်ပါ။ လက်ဆုံကူးတာ ဖြစ်စေပါတယ်။

စင်ကာပူမှာဆိုရင် ဘုန်းကြီးကျောင်းတွေဟာ တကာတွေသာမရှိတာ လစဉ်ကျောင်းနေရာဌားခကပေးနေရတာကို သိထားသင့်ပါတယ်။ စာသင်တိုက်တွေမှာ ကိုရင်တွေမွေးရတာ အတော်ခက်နေပါပြီ။ နောင်မှာ စာတတ်ပေတတ်ဘုန်းကြီးနည်းလာပါလိမ့်မယ်။ အခုကိုယ်တော်နဲ့တွေ့ခဲ့တာ ဩဂတ်စ်လမကုန်ခင်ကပါ။ အခုအချိန်သာဆိုရင်ပိုဆိုးပါမယ်။ “ကိုဗစ်ကာလမှာ ဥုးဇင်းတွေကို အွန်လိုင်းက ဖုန်းနဲ့ တရားပေးတာလုပ်တတ်အောင် သင်ပေးကြရပါမယ်။ Zoom တရားပွဲပေါ့။ ပြီးမှစုလှုကြပေါ့။”

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page