လက်ကျန်အင်အားနဲ့ ခုခံနေရတဲ့ ရန်ကုန်တိုက်ပွဲနဲ့ အလံမလှဲတမ်း နွှဲရမယ့် ပွဲ

လှေခွက်ချည်းကျန် အလံမလှဲ

ရန်ကုန်မြို့မှာ လူတွေ အိမ်ထဲမှာ နေကြတာ အခုဆို ၃ ရက်ခန့်ရှိလာပါပီ။ ဒါပေမယ့် လူနာဇယားကတော့ မြင့်တက်နေဆဲပါ။ နိုင်ငံတကာမှာလဲ ဒီလို မြင့်တက်နေတာကို အလျင်အမြန် ပြန်နိမ့်ကျစေဖို့ ကြိုးစားနေရပါတယ်။ တနည်း ဇယားကြီးမြင့်နေတာကနေ ပြားပြားဝပ်စေဖို့ပေါ့။

အခုတခေါက် ဒုတိယလှိုင်းက အတော်ပြင်းပါတယ်။ တကမ္ဘာလုံးကို အကြီးအကျယ် ပြန်ရိုက်ခတ်နေပါတယ်။ တရုတ်မှာလဲ ပိုးတွေ့လူနာတွေရှိသလို အိန္ဒိယဆို နေ့စဉ် သိန်းဂဏန်းနီးပါး တွေ့နေရပါတယ်။ ကျနော်တို့ မြန်မာပြည်ကတော့ အာဆီယံမှာ နေ့စဉ် လူနာ ထောင်ကျော်တွေ့နေတဲ့ ဖိလစ်ပိုင်ပီးရင် အများဆုံးလိုပါပဲ။ နေ့စဉ် လူနာရာဂဏန်း တွေ့နေရပီး ဇယားက ပြန်မကျသေးပါဘူး။ သေဆုံးနှုန်းကလဲ လူနာ သောင်းကျော်ရှိတဲ့ စင်ကာပူထက် များသွားပါပီ။ ဒါတွေအတွက်က အသေးစိတ်လေ့လာရဦးမှာဖြစ်ပေမယ့် မြန်မာပြည်မှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအခံရှိသူတွေများတာ၊ သက်ကြီးဝါကြီးတွေများတာနဲ့ မိသားစုတွေက စုပီးနေကြတော့ လူငယ်တွေဆီက လူကြီးတွေကို ကူးတာတွေကြောင့် ဖြစ်ပါတယ်။

ဒီပိုးဟာ ပြင်းထန်ပါတယ်။ ပေါ့ဆရမယ့်အရာ မဟုတ်ပါ။ လူငယ်တွေလဲ ပြင်းထန်စွာ ခံစားရနိုင်သလို လူကြီးတွေကျ အသက်ဆုံးရှုံးနိုင်ပါတယ်။ အိမ်ထဲမှာ တတ်နိုင်သလောက်နေကြပါ။ အိမ်ထဲမှာ ကြာကြာနေနိုင်လေ ကောင်းလေပါ။ ဒီပိုးက လူတွေကို ကြားခံပြုပီး လှုပ်ရှားတာပါ။ အိမ်ထဲနေလိုက်ရင် ပိုးကူးစရာ လမ်းပျောက်ပီး အပြင်မှာ ပိုးနဲ့ စိန်ခေါ်ပီး နပန်းလုံးနေတဲ့ ဆရာဝန်တွေ အဆင်ပြေပါလိမ့်မယ်။ တကယ်ပိုးကူးခံရတာဖြစ်စေ Q ဝင်ရတာဖြစ်စေ အခုလို ကာလမှာ ဘယ်အရာမှ အဆင်မပြေပါဘူး။ လူထောင်ချီကို လိုက်လုပ်ပေးနေရဖို့က ဆရာဝန်တွေလဲ မတတ်နိုင်ပါဘူး။ သူနာပြုတွေလဲ ပင်ပန်းနေသလို workers တွေလဲ နွမ်းလျနေပါပီ။ ပြောရရင် ရန်ကုန်ဟာ စစ်မြေပြင်တခုလို ဖြစ်နေပါတယ်။ Volunteer လုပ်ချင်တဲ့ အများအကျိုးဆောင်ချင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့ လူငယ်တွေအတွက်တော့ ဒီအချိန်ဟာ အများအကျိုးကို အဆောင်သင့်ဆုံးအချိန်ပါပဲ။ ကူညီကြပါ။

ဆေးရုံတွေအနေနဲ့ ဖောင်ကြီးမှာ တိုးချဲ့နေသလို သုဝဏ္ဏမှာလဲ ၅၅၀ ကုတင်ဆန့်တဲ့ ဆေးရုံတခု လုပ်နေပါတယ်။ လှိုင် Q စင်တာကိုလဲ လက္ခဏာမပြတဲ့ ပိုးတွေ့လူနာတွေ ထားဖို့ ပြင်နေရသလို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီးနဲ့ အနောက်ပိုင်းဆေးရုံတွေမှာလဲ သံသယလူနာတွေထားဖို့ ယာယီရွက်ဖျင်တဲတွေ အရေးပေါ် ထိုးနေရပါတယ်။ မြန်မာပြည်ရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး တိုက်ပွဲကို ရင်ဆိုင်နေရတာပါ။ ကျန်းမာရေး အရေးပေါ်အခြေအနေမျိုးပါ။ ဝင်လာတဲ့ လူနာအရေအတွက်နဲ့ တောင့်ခံနေရတဲ့ ကျန်းမာရေးဘက်က လက်ကျန်အားနဲ့ အပြင်းအထန် ရင်ဆိုင်တိုက်နေရတာပါ

ရန်ကုန်မှာ ရှေ့တန်းက တိုက်နေရတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အများကြီး ကူးစက်ခံလာနေရတယ်။ Q ဝင်နေရတယ်။ ရှိတဲ့အားနဲ့ လက်ကျန်လူနဲ့ ဆက်လက်ရုန်းကန်နေရပါတယ်။ အခုတော့ ရန်ကုန်ကို ကူညီဖို့ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကယားပြည်နယ်တွေက ကျန်းမာရေးဝန်ထမ်းတွေ ဆင်းလာကြပါပီ။ လိုအပ်ရင် လိုအပ်သလို အခြားတိုင်းဒေသကြီးတွေကလဲ ရဲဝံ့စွန့်စားကူညီကြမယ့် ကျန်းမာရေးဝန်ထမ်းတွေ လာကြပါလိမ့်မယ်။ ရန်ကုန်ဟာ မြန်မာပြည်ရဲ့ အသဲနှလုံးဖြစ်သလို အားလုံးက ရန်ကုန်ကို တတ်နိုင်သမျှ အစွမ်းကုန်ကာကွယ်ကြမှာပါ။ ဝန်ကြီးဌာနကလဲ လူလိုအပ်ရင် သားဖွားသင်တန်းကျောင်း ၅၀ က ဆရာဝန်တွေ၊ ဆရာ၊ ဆရာမတွေကို အားဖြည့်ကုသဖို့စီစဉ်နေပါတယ်။ တပ်မတော်က တပ်ထောက်ကုတွေလဲ ပါဝင်ဖို့လိုရင် လာပါလိမ့်မယ်။ လက်ရှိမှာလဲ ဆေးတက္ကသိုလ်တွေက သင်ကြားရေးက ဆရာဝန်တွေ ရှေ့တန်းမှာ ဝင်ရောက်ကုသပေးနေကြပါပီ။ အပြင်ဘက်မှာ ရှိကြတဲ့ GP ဆရာဝန်တွေနဲ့ အခြားဆရာဝန်တွေကလဲ တတ်နိုင်တဲ့ဘက်ကနေ ကူညီနေကြပါတယ်။ လိုအပ်ရင် စာထုတ်ခေါ်ပါ။ အကူအညီတောင်းပါ။ ကူညီဖို့ အသင့်ရှိနေသူတွေ အများကြီးပါ။ ရန်ကုန်ဟာ ရန်တွေကို ကျော်လွှားရပါမယ်။

ရန်ကုန်မြို့ဟာ အခုချိန်မှာ အမှောင်မိုက်ဆုံးနေ့ရက်တွေကို ကျော်ဖြတ်နေရပါတယ်။ ပြည်သူတွေရဲ့ ကူညီမှုက အထူးလိုအပ်ပါတယ်။ လက်ရှိအချိန်မှာ အိမ်မှာနေတာ အလုံခြုံဆုံးပါ။ လိုအပ်နေတဲ့နေရာတွေမှာ လုပ်အားပေးတာ။ ထမင်းဗူးတွေ လှူတာ၊ လိုအပ်တဲ့ပစ္စည်းတွေ လှူတာတွေလဲ ကူညီလို့ရပါတယ်။ အကူအညီအဖြစ်ဆုံးကတော့ အိမ်မှာနေ၊ အပြင်သွားရင် Mask တပ်၊ လက်ဆေးခြင်းပါပဲ။ လူစုတာတွေ၊ မဲဆွယ်တာတွေ လုံးဝ မလုပ်ကြပါနဲ့။ အသဲကြားက မဲတပြားမတိုင်ခင် အဆုတ်ကြားက ပိုးတမွှားက အရင်ဖြစ်လာပါလိမ့်မယ်။

ရဲဘော်ရဲဘက်တွေ ကျန်းမာရေးက ညီအစ်ကို မောင်နှမ ဆရာ ဆရာမတွေ အားလုံး အားတင်းထားကြပါ။ ဘယ်အရာကမှ အမြဲ ခက်ခဲမနေပါဘူး။ လက်လျှော့လိုက်ရင် အားလုံး ကျဆုံးသွားမယ်။ ပြည်သူတွေရဲ့ အသက်တွေက ကျနော်တို့အပေါ် မူတည်နေပါတယ်။ လက်ရှိအချိန်ထိ စိတ်ဓာတ်အပြည့်နဲ့ တိုက်ပွဲဝင်နေကြသလိုပဲ ဆက်လက်တိုက်ခိုက်သွားမယ်။ ဆေးရုံတွေမှာ တိုက်မယ်။ Q စခန်းတွေမှာ တိုက်မယ်။ Fever Clinics တွေမှာ တိုက်မယ်။ နောက်ဆုံးမိနစ် စက္ကန့်တွေအထိ အလံမလှဲပဲ ဆက်လက်တိုက်ပွဲဝင်ကြမယ်။ ဘယ်တော့မှ လက်မြှောက် အရှုံးမပေးဘူး။ ကျန်းမာရေးဝန်ထမ်းတွေ ပြည်သူတွေ အစိုးရ အားလုံး ညီညီညာညာ ပူးပေါင်းကြရင် နောက်ဆုံးမှာ အောင်ပွဲဟာ ရောက်ကိုလာရမယ်။ ကျနော်တို့ ယုံကြည်ထားပါတယ်။

ရှေ့တန်းကသူတွေတောင် အသက်စွန့် တိုက်နေကြသေးရင် ပြည်သူတွေလဲ စိတ်ဓာတ်မကျပါနဲ့။ ဒီလိုတာဝန်ကျေသူတွေအတွက် ခင်ဗျားတို့ သတ္တိပြကြပါ။ ဝိုင်းဝန်းကြပါ။ ကူညီကြပါ။ စည်းကမ်းလိုက်နာကြပါ။ မြန်မာပြည်အတွက် ခေါင်းတွေမော့ထား လက်တွေတွဲထားကြပါ။ မုန်တိုင်းပြီးရင် လေပြေလာပါလိမ့်မယ်။

( ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြသူများကို လေးစားသောအားဖြင့် ဂုဏ်ပြုပါသည်။)

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page