ကိုဗစ်စစ်မြေပြင်‌ရှေ့တန်းက ဆရာဝန်မလေး တယောက်ရဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ဝတ္ထုတပုဒ်

ကိုဗစ်စစ်မြေပြင်‌ရှေ့တန်းက ဆရာဝန်မလေး တယောက်ရဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ဝတ္ထုတပုဒ်

အမွန်…. သမီး ထမင်းလေးတော့ စားသွားပါ သမီးရယ်” “အမေရယ် အမွန်နောက်ကျနေပြီ …. ထမင်းချိုင့် စောစောဖွင့်စားလိုက်မယ်အမေနော်” “အခုတလော ဆေးရုံမှာ လူနာတွေ အရမ်းများတာ အမေရဲ့.. အမတွေလည်း ပင်ပန်းရှာတယ် အမွန်နောက်ကျရင် အားနာလို့” “အေးပါ သမီးရယ် အသွားမှာ ဘုရားစာလေးရွတ် မေတ္တာပို့အုံးနော်” “ဟုတ် အမေ… အမွန် ချစ်တယ်… လိမ်လိမ်မာမာအိမ်မှာနေနော်” Bus stop မှာ အမွန့်ဆေးရုံရောက်မဲ့ ကားလေးတွေ့တာနဲ့ အပြေးလေးတက်ရင်း အမေ့အကြောင်းကို တွေးနေမိတယ်

အမေဟာ မုဆိုးမဖြစ်ပေမဲ့ တယောက်တည်းရုန်းကန်ရင်း သူ့သမီး အမွန့်ကို အရမ်းချစ်တတ်သူ အဖေရဲ့မေတ္တာရော အမေ့ရဲ့နေရာပါ မလစ်ဟင်းအောင် စောင့်ရှောက်နိုင်လွန်းသူ တောမှာ ရှာဖွေ ရသမျှ ဆေးကျောင်းသူ အမွန့်အတွက် မပြတ်ပို့ ကျူရှင်ခ အဆောင်ခ မလစ်ဟင်းရစေအောင် ကြိုးစားပေးပြီး အမွန့်ကို ဆရာဝန်မလေးတယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးသူ အမွန် PG ကျောင်းသူဘဝမှာ ငယ်စဉ်က ပေခဲ့လေခဲ့သမျှဒဏ်ကြောင့် ဆီးချို နှလုံးဖြစ်တော့ အမေတခု သမီးတခုဘဝ မခွဲတော့ဘူးရယ်လို့ အမွန်ကခေါင်းမာစွာ အမေ့ရွာကရှိသမျှအကုန်ရောင်းပြီး တိုက်ခန်းသေးလေးမှာ သားအမိနှစ်ယောက် အတူနေကြတာ အခုမှ တနှစ်မပြည့်သေး

မချမ်းသာပေမဲ့ အမေဟာ အမွန့်ဆရာဝန်ဘဝကိုပဲ တွေးရင်းဂုဏ်ယူမဆုံးသူပေါ့။ အမေ့အကြောင်းတွေးရင်း အမွန့်ဆေးရုံမှတ်တိုင်ရောက်ပြီမို့ အပြေးကလေးဆင်းလိုက်တယ်

” အမွန် ….. အမတို့ ဒီနေ့ အစည်းအဝေးနော်” “ဟုတ် မ” Incharge အမနဲ့အတူ အစည်းအဝေးထဲ ဝင်တော့ ” သမီးတို့ အားလုံး အခု ကိုဗစ်-19ရဲ့ ရောဂါလက္ခဏာနဲ့ လူတွေ တခြားနိုင်ငံမှာလိုပဲ ဆရာတို့ဆီ များလာပြီ.. ရောဂါပိုးရှိတဲ့သူတွေက သာမန်နဲ့လဲ မသိနိုင်ဖူး ဆရာတို့ကတော့ ကိုယ့်ဆီရောက်လာတဲ့သူတွေကို တတ်နိုင်သရွေ့ကုရမှာပဲ ဒါပေမဲ့ ငါ့သမီးတွေ ကိုယ့်ကိုကိုယ် သတိထားရမယ်နော်”

“ဟုတ် ” ဆရာကြီး …. ဒီပိုးဟာ မြန်မာပြည်ကိုရောက်လာခဲ့ပြီ အရေအတွက်နည်းတယ်ဆိုပေမဲ့ ကျန်းမာရေးအဆင့်အတန်း အများကြီးလိုအပ်နေသေးတာ အမွန်တို့ဆရာဝန်တွေ အသိဆုံးမို့ ရင်လေးတယ် တွေးနေလည်း မထူးပါဖူး ကိုယ်ကတော့ ရသလောက်ကုရမှာပဲလေ Ward Round အုံးမှ “ဟာ အန်တီကြီး ခေါင်းဆိုးရင် ပါးစပ်ပိတ်ဆိုးလေ … ကိုယ့်ပိုးတွေ သူများဆီကူးမယ်” “ဟုတ်ကဲ့ ဆရာမ ” “ဟုတ်ကဲ့ကနောက် ရော့အရင် mask တပ်” “ဟာ ဒီနား ဘယ်သူ ကွမ်းတံတွေးထွေးလဲ ” “စည်းကမ်းမရှိပါလား”

Ward Round ပြီးဆို အမွန်အော်ရပြီ ပါးစပ်ကတရစပ်ပြော လက်က တရစပ်လုပ် ဒါဟာ အမွန်တို့ ဆရာဝန်တွေရဲ့အကျင့် “အဲဆရာမ ရုပ်ကလေး နုနုငယ်ငယ် အားကြီးစွာတယ်” ​ထောင့်က လူနာစောင့် အဒေါ်ကြီးစကားကို အမွန် မကြားချင်ယောင်ဆောင်လိုက်တယ် “ရိုးနေပီလေ”

တနေ့ကုန်လို့ အမွန်ဂျူတီဆင်းချိန် မောမောပန်းပန်း တံခါးဖွင့်လိုက်တာနဲ့ “အမွန် သမီး ပင်ပန်းလာပြီလား” ” အာ အမေကလည်း .. ဆေးရုံကပြန်လာတာကို သမီးဆီမကပ်နဲ့ ပြောထားတယ်လေ … အခု ပိုးတွေက ကူးတယ် အမွန့်ဆီပါလာရင် ဘယ်လိုလုပ်မလဲ” စိတ်တိုတိုနဲ့ အမွန်အော်ပေမဲ့ အမေက အမွန် ဂျူတီကုတ်ကို ယူပြီး ပြုံးပြုံးလေး ရေချိုးခန်းထဲဝင်သွားလေတယ် “အမွန် သမီး ထမင်းစား … ကော်ဖီဖျော်ထားတယ်နော်” အမေရဲ့ ရေချိုးခန်းက အော်သံကြားတယ် အမေ့ကို ဆူပေမဲ့ အမေရှိကတည်းက အမွန့်ရင်ထဲအားရှိလိုက်တာ အိမ်အပြန် အမေ့မျက်နှာ တံခါးဝမှာ မြင်ရတာလောက် ကျက်သရေရှိတာ မရှိဖူး

တညကုန်လို့ နောက်နေ့ရောက်တော့ “အမွန် ပြောတယ်နော် အမေ ဈေးမသွားနဲ့နော် လိုတာ အမွန် Online က မှာပေးမယ် ကိုဗစ်တွေကူးနေတယ်နော်” “အေးပါ အမွန်ရယ် ငါသမီး ဆရာဝန်မရှိတယ် ဘယ်ပိုးမှ အမေ့ဆီမလာဖူး အမွန်သာ ဂရုစိုက် ဆေးရုံမှာ ” အမေ့ကို စိတ်ပူပေမဲ့ ဆေးရုံရောက်တော့လည်း အမေ့ကို မေ့ပျောက်ပြီး အလုပ်တွေကြားရှုပ်နေပြန်ရော ကိုဗစ်ဟာ တော်တော့်ကို ဆိုးလာပြီ လူတွေတေယ်တော်ကူးလာလို့ အစိုးရက Home Stay အမိန့်တွေ ထုတ်ကုန်ပြီ “အမေ အမွန် ဆေးရုံမှာ နေရမယ်ထင်တယ် အသွားအလာနဲ့ အမွန့်ဆီက အမေကူးမှာ အမွန်စိုးတယ်” “အမေ တယောက်တည်း အမွန်ရယ်” အမေ့မျက်နှာ ညှိုးလို့

” အမတို့ကို နေစရာမပေးနိုင်ဖူးတဲ့ အမွန်” “ဆေးရုံမှာ နေဖို့ အဆင်မပြေလောက်ဖူး” ” အမရယ် အမွန်တို့ အိမ်ကို ကူးကုန်ရင်ကော… ဒီမှာ ဒီလောက်သေနှုန်းမြင့်လာတာ … အမေက ဆီးချိုနှလုံးနဲ့ အမရယ် အမွန်စိတ်ပူတယ်” “အမ ဆေးရုံအုပ်ကြီးကို ထပ်ပြောကြည့်အုံးမယ်”

“အမေ အမွန် အပြင်မှာ သွားနေမှရမယ်…. ” “သမီးရယ်… အနေအစားဆင်းရဲမှာပေါ့…” “အမွန်ကရတယ် အမေ… အမေ့ကို စိတ်ပူလို့” “အမေ့ကို တယောက်တည်းမထားခဲ့ပါနဲ့ အမွန်ရယ်…. တခုခုဖြစ်ရင်တောင် အမွန်ဘေးမှာရှိတော့ အမေ အားရှိတယ်” “ဖွဟဲ့ လွဲပါစေ… အမေကလည်း စိတ်ညစ်လိုက်တာ”

ဆေးရုံမှာ ICU တွေ ပြည့်ကုန်ပြီ Ventilator တွေမလောက်တော့ဘူး Silent Carrier တွေ ဘယ်လောက်များနေလဲ အမွန်တို့ ဆရာဝန်တွေ Positive တွေ စထိကုန်ပြီ အမွန်တို့ နေ့တွေ ညတွေ ဂျူတီတွေ ဆက်လာပြီ အိမ်က အမေ့ကို သတိရချိန်တွေထက် လူနာတွေဆီ အမွန့်စိတ်ရောက်နေချိန်များတယ်

“အဟွတ် …. အဟွတ်…..” ” အမေ ချောင်းတွေဆိုးနေတာလား….. နေမကောင်းဖူးလား” ” ကောင်းပါတယ် အမွန်ရဲ့ မနေ့က အိပ်တာ အဲယားကွန်းအေးသွားလို့ ” “အမေ အဲလိုမပေါ့နဲ့နော် မျက်နှာနွမ်းနေတယ်နော် နေမကောင်းဖူးလား” “ကောင်းပါတယ်ဆို …ကဲပါ စကားများမနေနဲ့ သွားဆေးရုံ နောက်ကျတော့မယ်” ဆေးရုံဆိုတော့ ပြေးရပြန်ပြီ

“အမေ …. အမေ …. အငွေ့တွေ ထွက်ပြီး ဒီလောက် လှိုင်နေတာ” ” အမေ ဘာတွေ လုပ်နေတာလဲ” မီးဖိုချောင်ထဲ ပြေးဝင်သွားတော့ အမွန့်အတွက် ဟင်းချက်နေတဲ့ အမေက ဘာမှမဖြစ်သလို ဖျော့တော့တော့မော့ကြည့်တယ် အမွန့်ရင်ထဲ ထိတ်ခနဲခုန်ရင်း အမေ့နဖူးပြေးပြီး လက်တင်ကြည့်တော့ အဖျားငွေ့ငွေ့နဲ့ “အမေ ရော့ ဒါလေးစားကြည့်”လို့ ချက်ပြီးသား ဟင်းတတုံးထိုးကျွေးတော့ “အမေ နေလို့သိပ်မကောင်းတော့ စားမကောင်းဖူး အမွန်”တဲ့ အမွန့် ခြေထောက်တွေ ခွေကြသွားတယ်

“အမရေ …. အမွန့်အမေ လက္ခဏာတွေ ပြနေပီ” ငိုသံသဲ့သဲ့နဲ့ အမွန် Senior အမကို ဖုံးဆက်လိုက်တယ် “အမေ အင်္ကျီထည့် အမွန်တို့ ဆေးရုံသွားမှ ရတော့မယ်” “ဘာလို့လဲ သမီးရယ် ” အမေက အားမရှိတဲ့ ပုံနဲ့ ပြန်ပြောတယ်

” သမီး အမေ Positive တဲ့ Q ဝင်ရမယ်” “သမီးလည်း စစ်ရမယ်နော်” “ဟုတ်ဆရာကြီး” ဆေးရုံက ကုတင်လေးမှာ အမေက ညှိုးငယ်တဲ့ပုံနဲ့ ထိုင်နေတယ်

” သမီး အမေ မောတယ်” နောက်ဆုံးတွေ့တဲ့ အချိန်က အမေ တိုးတိုးလေးပြောသွားတာ “အမွန် … သမီး အမေကို ICU တင်ထားတယ် Oxygen Level ကျလာလို့” “ဆရာကြီး မြန်လိုက်တာ …. အမွန့်အမေလေ … ဘာလို့ အဲလောက်မြန်တာလဲ…. ဆရာကြီး အမေ့ကို ကုပေးပါ… အမွန် ICU ထဲဝင်ပါရစေ” “သမီး အမွန် သမီးဝင်လို့မရဖူးလေ သိတယ်မလား” “အမွန့် အဖြေထွက်လာပြီလေ ဆရာကြီးရယ် …. အမွန် Positive လေ… အမွန့်ဆီက အမွန့်အမေကူးတာပါ ဆရာကြီးရယ်…. အမွန့်အမေကို အမွန်သတ်တာပါ … အမွန် အမေဘေးနေပါရစေ” “သမီး စိတ်ထိန်းနော် .. ဆရာကြီးသေချာကုပေးနေတယ်” “ဆရာကြီး အမွန့်ကို အမြန်ခေါ်နော် အမွန် အမေ့ကိုတွေ့ချင်တယ်… အမေ အမွန့်ကို စောင့်နေမှာ”

PPE ဝတ်စုံနဲ့ အမွန့်ကို အမေ စက်တွေကြားက ပြုံးပြတယ် “သမီး အမွန်” “အမေ…. အမေ ပြန်ကောင်းမှာသိလား…. နေမကောင်းဖြစ်တာ…. အမေ ရိုးရိုးနေမကောင်းဖြစ်တာပါ အမေရယ်.. အမွန့်မေမေပြန်ကောင်းမှာပါ” “သမီး… အမွန်… ဆေးရုံနောက်ကျမယ်… ” အမေ့အသံတိုးတိုးလေး ဒါပေမဲ့ အမွန့် ကမ္ဘာပျက်သွားတယ်

“သမီး အမွန် စိတ်ထိန်းပါ သမီးရယ်…. ဆရာကြီးတို့လည်း စိတ်မကောင်းပါဖူး အမေ့ ဈာပနကို ဆရာကြီးတို့ ဆေးရုံက သေချာစီစဉ်ပေးပါ့မယ်”

” ဟင့်အင်း ဆရာကြီး…. အမွန် အမေ့ကို တယောက်တည်း ပေးမသွားဖူး…. အမွန့်အမေ တယောက်တည်း အကြာကြီးနေလာတာ… အမွန်တို့ သားအမိနေရတာ အခုဆို ဘယ်လောက်မှ မရှိသေးဖူးလေ ဆရာကြီးရယ်…. အမွန် ဘာမှားလို့လဲ ….. အမွန့်အမေဖြစ်စေချင်တဲ့ ဆရာဝန်ဖြစ်အောင် အမွန်ကြိုးစားတယ်လေ…. အမွန် ရောဂါဖြစ်တဲ့သူတွေ သေချာစောင့်ရှောက်တယ်လေ…. အခု အမွန်က အမွန့်အမေကို သတ်လိုက်တဲ့ လူသတ်သမားဖြစ်သွားပြီ ဆရာကြီးရဲ့… သူကျွေးမွေးစောင့်ရှောက်လာတဲ့ သူ့သမီးဆရာဝန်မက ဆေးရုံက ပိုးတွေသယ်လာပြီး သူ့ကို သတ်ပလိုက်တာ ဆရာကြီး… အမွန်က လူသတ်သမား… အမွန့်အမေ အထီးကျန်ပြီး တယောက်တည်းသွားရတယ်…..”

“သမီး…. အမွန်ရယ်” “ဒီပိုးက အဆုတ်တွေကို ဖျက်တယ်တဲ့လား မဟုတ်ဖူး နှလုံးသားကိုဖျက်တာ ဆရာကြီး …. ဘာလို့လဲ… အမွန်တို့ ဘာမှားလို့လဲ…. ဘာလို့ အမွန်တို့ သားအမိ ဒီလိုခွဲရတာလဲ…. အမွန်အမေ အမွန်ကြောင့် သေရပြီ”

” အမွန်တို့ ဆရာဝန်တွေလည်း လူတွေလေ…. အမွန်တို့ မိသားစုတွေ အမွန်တို့နောက်မှာရှိတယ်လေ…. အမွန်တို့ ရှေ့တန်းမှာတိုက်ရင်း လဲကျသေဆုံးခဲ့ရင်တောင် အမွန် ရင်ကော့ခေါင်းမော့နေနိုင်ပါတယ်ဆရာကြီးရယ်…. အခုတော့ အမွန့်ကို အမေသင်ပေးတဲ့ ပညာကြောင့် အမေ့ကိုသေစေတဲ့ လူသတ်သမားဘဝရောက်စေခဲ့တဲ့လား… အမွန်တို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ

စည်းကမ်းမလိုက်နာတဲ့ သူတွေကိုလား သေသေချာချာ မစီမံပေးနိုင်တဲ့ ဆရာကြီးတို့ကိုလား အမေ့ကို တယောက်တည်း ပစ်ထားခဲ့ရမှာကို မထားခဲ့တဲ့ အမွန့်ကိုယ်တိုင်ကိုလား အမွန်ပါ သေပါရစေ ဆရာကြီးရယ် အမွန်သေလိုက်ပါရစေ”….

——————-

ကေသီတို့ ကျန်းမာရေးအခန်းကဏ္ဌမှာ လစ်ဟာမှုတွေ အများကြီးရှိပါတယ် ဗူးအပေါက်နဲ့ ရေရအောင် ခတ်နေကြတဲ့ ကျန်းမာရေးလုပ်သားတွေဟာ ကြမ်းတမ်းခက်ထန်တဲ့ ဘဝကနေ ကြိုးစားရုန်းကန်လာကြရသူတွေပါ သူတို့ရဲ့ အနောက်မှာ သူတို့ကို မှီခိုနေကြတဲ့ မိသားစုတွေရှိပါတယ် သူတို့ရဲ့ ကိုယ်ကျိုးစွန့်လွှတ်မှုဟာ သူတို့ရဲ့ အသက်တင်မကပဲ သူတို့ မိသားစုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေပါ ပါဝင်ပါတယ် ဒါကြောင့် သိပ်လေးစားစရာကောင်းတဲ့ ကျန်းမာရေးလုပ်သားတွေကို အကူအညီပေးဖို့ သူတို့တိုက်နေတဲ့ တိုက်ပွဲမှာ ကိုယ့်ကြောင့်အနှောင့်အယှက်အဟန့်အတားမဖြစ်စေဖို့ ဗိုင်းရပ်စ်ရောဂါဆိုးကြီးကို ကျန်းမာရေးလုပ်သားတွေ အောင်မြင်အောင် တိုက်ထုတ်နိုင်ဖို့

ကေသီတို့ ပြည်သူတွေက စည်းကမ်းလိုက်နာမယ် ကိုယ့်ကိုကိုယ် သတိနဲ့နေမယ် ကိုယ်နှင့်တကွ ကိုယ့်မိသားစုကိုလည်း စည်းကမ်းတကျနေအောင် စောင့်ရှောက်ရမယ် ဒါဆို ဒီကပ်ရောဂါဆိုးကြီးကို အမြန်ဆုံးကျော်လွှားနိုင်ရင်း Our Hero တွေကိုလည်း အားပေးကူညီကျေးဇူးဆပ်ရာရောက်ပါတယ်လို့

တောင်းဆိုပါတယ် သတ်မှတ်တဲ့ရက်တွေမှာ စည်းကမ်းအတိုင်းလိုက်နာပေးပါလို့

ချစ်တဲ့,
ကေသီကံဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page