ရုတ်တရက် အသက်ကယ်ဖို့ လိုအပ်လာတဲ့ ကိုဗစ်လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံမှု

ရုတ်တရက် အသက်ကယ်ဖို့ လိုအပ်လာတဲ့ ကိုဗစ်လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံမှု

လူနာ တစ်ယောက် ဝုန်းခနဲ လဲကျသွားတာ မြင်ရတော့လည်း ဆရာဝန်တွေ ဆရာမတွေအနေနဲ့ မနေသာ။ သွားပြီး ပြုစုရတော့တယ်။

ကြည့်လိုက်တော့ အသက်ရှူပုံ နှလုံးခုန်ပုံ မရတော့။ ဒီတော့လည်း အသက်ကယ်ကုသတဲ့ Cardiopulmonary Resuscitation CPR ကို လုပ်ကြရတော့တယ်။

သို့သော်လည်း ဆေးရုံပြင်ပမှာ ဒီလို အသက်ကယ်နည်းနဲ့ ကယ်ရင် ၄၅% လောက် အသက်ပြန်ရှူ နှလုံးပြန်ခုန်တတ်တယ် (အသက်တော့ ရှင်ချင်မှ ရှင်မယ်) ဆိုပေမယ့် ဒီတခါတော့ သူတို့တတွေ လူနာကို လက်လွှတ်ရတော့တယ်။

၄၅% နှလုံး ပြန်ခုန်နိုင်တဲ့ နိုင်ငံခြားနဲ့ အခုအဖြစ်က အခြေအနေခြင်းက မတူဘူး။ နေရာက Community Fever Clinic။ လာပြသူက အသက်ကြီးကြီး ဆီးချို ရှိနေသူ။ ဖျားတာက တစ်ညတည်းလို့ ဆိုတယ်။ ဆေးခန်းမှာ ပြဖို့ ထိုင်နေရင်း ဆုံးပါးသွားရှာတယ်။

ပြဿနာက ရုတ်တရက် သေဆုံးသူမို့ ကိုဗစ်-၁၉ စစ်ဆေးရာမှာ အပေါင်း + ထွက်သွားတာ။ ဒီတော့ အသက်ကယ်ဖို့ ကြိုးစားခဲ့ကြတဲ့ ဆေးအဖွဲ့သားတွေ Q ဝင်ကြရတယ်။ ဒါဆိုရင် သူတို့က အကာအကွယ် မဝတ်ကြဘူးလား မေးစရာ ရှိတယ်။ Level 2 လို့ခေါ်တဲ့ အနေအထားကို ပုံမှာလို ဝတ်ထားကြတယ်။

သို့သော် လူနာရဲ့ ရင်ဘတ်ကို ဖိပြီး သွေးလည်ပါတ်အောင် ကြိုးစားရချိန်မှာ လူနာပါးစပ်က အာငွေ့တွေ ဆောင့်ဆောင့်ထွက်ရလို့ Aerosol နဲ့ ကိုဗစ်-၁၉ ကူးနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါဆိုရင် အသက်ကယ်ဖို့ ကြိုးစားသူတွေမှာ ရောဂါကူးနိုင်မှာလား ကြောက်ကြရလို့ လေပြွန်ထဲ ပိုက်ထည့်ပြီး အသက်ကယ်ကြရတဲ့ ဆေးရုံထဲက အနေအထားမျိုးဆိုရင် Full PPE ဝတ်ကြဖို့ လိုမယ်လို့ အကြံပေးကြတယ်။

ခုလည်း ကျနော်တို့ Fever Clinic က အသက်ကယ်ဖို့ ကြိုးစားခဲ့တဲ့ ကျန်းမာရေး အဖွဲ့သား ၃ ယောက် Full PPE မဟုတ်လို့ Q ဝင်ခဲ့ကြရတယ်။ နှာခေါင်း တို့ဖတ် ယူကြရတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာ လမ်းဘေးမှာ လဲကျ အသက်ရှူရပ်နေသူတွေကို လမ်းသွားလမ်းလာတွေက အသက်ကယ်တဲ့ Basic CPR (Bystander CPR) တွေ လုပ်လေ့ ရှိကြတယ်။ အခုလို ကိုဗစ် ကာလမှာ ကယ်ဖို့ လက်တွန့်ကြမယ်။

၂၀၂၀ဖေဖေါ်ဝါရီလလောက်က အမေရိကန်မှာ ခရီးသွားမှု ထိတွေမှု မရှိခဲ့ ဒေသတွင်း ကူးစက်မှု ပထဆုံးလူနာတုန်းကပေါ့။ ကိုဗစ်၁၉ ဖြစ်နိုင်တယ်လို့ မတွေးကြတော့ ဆေးရုံ-A မှာ ၄ရက်လုံးလုံး Nebulizer, Bipep, ET tube တွေနဲ့ ကုပေးကြတယ်။ Bronchoscopy ကြည့်ပေးကြတယ်။ အဖျား ၇ ရက်မြောက်လို့ ဆေးရုံ B ကို ပြောင်းတော့ PCR စစ်ကြည့်တော့ COVID-19 မှန်းသိကြတယ်။

အကာအကွယ်မဲ့ Mask only နဲ့ ဆေးကုပေးခဲ့တဲ့ ဆေးဝန်ထမ်း ၁၂၁ ယောက်မှာ ၃ ယောက် (5%) ကတော့ PCR + ၂ ပါတ်အတွင်းမှာ ထွက်ခဲ့တယ်။ ဆိုလိုတာက Aerosol ထွက်တဲ့ Procedure တွေ လုပ်ပေမယ့် ကူးစက်မှု ထင်သလောက် မများခဲ့ဘူး။

အခု ကျနော်တို့ မန်းလေး Fever Clinic က ဆေးဝန်ထမ်း ၃ ယောက် Dr Way Yan Moe Myint, Daw Naw Ludi, Daw Khaing Zar Lin တို့ သုံးယောက် နဲ့ အဓိက chest compression လုပ်ပေးသူ Dr Hlaing Zin Min တို့ ၄ ယောက် Q ဝင်ပြီး PCR စစ်ကြရတယ်။ အားလုံး Negative မို့ ဝမ်းလည်း သာရတယ်။ သူတို့ရဲ့ မူရင်း လုပ်အားပေး ဆေးခန်းမှာ Volunteer အလုပ်ပြန်ဆင်းနေကြပြီမို့ ချီးကျူး ဂုဏ်ပြုပါတယ်။ ဘေးအန္တရာယ် ကင်းဝေးကြပါစေ။

Maung Maung Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page