ကိုဗစ် ကပ်ရောဂါကာလနဲ့ မြန်မာပြည် ဝန်ထမ်းလောကရဲ့ အလွဲများ

ဒီနေ့ဖတ်ရတဲ့ သတင်းတခုအကြောင်းတွေးမိတယ်။ ရခိုင်ပြည်နယ်က အမျိုးသမီးငယ်တယောက်ဟာ သူ့အစ်မနဲ့အတူ နေပြည်တော်အထိလာပြီး အငယ်တန်းစာရေးအလုပ်အတွက် အင်တာဗျူးလာဖြေသတဲ့။ ဘူးကွဲ ဝန်ထမ်းအိမ်ရာမှာတည်းသတဲ့။ စျေးလေးဘာလေးသွားသတဲ့။ လိုင်းကားနဲ့လာ။ မိတ်ဆွေဝန်ထမ်းကားဆရာက ကားဂိတ်မှာကြို။ အစရှိသဖြင့်ပေါ့…

ဖြစ်ချင်တော့ သူမခမျာ ကိုဗစ် စစ်လိုက်တော့ Positive ဖြစ်နေရှာသတဲ့။ သူမ သွားလာခဲ့တဲ့ နေရာတလျှောက်က contact တွေ။ သူမ အလုပ်အင်တာဗျူးဖြေရာ ရုံးက ဗျူးတဲ့သူတွေ၊ ဝန်ထမ်းတွေ။ တွေးကြည့်ရင် မနည်းလှဘူး။ နိုင်ငံတော်အစိုးရခမျာ စရိတ်အကုန်ခံပြီး swab test လုပ်ရပေတော့မယ်။ ဒါကတဖက်ပေါ့။

ကိုယ်တွေးမိတဲ့နောက်တမျိုးကတော့ အငယ်တန်းစာရေးရာထူးအတွက် ရခိုင်ပြည်နယ်ကနေ နေပြည်တော်အထိ အင်တာဗျူးလာရတဲ့ကိစ္စ။ မိန်းကလေးဆိုတော့ လမ်းခရီး အဖော်လေးပါမှ။ အစ်မပါခေါ်လာ။ စရိတ်စက။ ဒီရာထူးမျိုးဆိုတာ အမှုထမ်းငယ်အဆင့်ရာထူးပါ။ အရာရှိရာထူးအတွက်ဆိုထားပါတော့။ ဒီလိုရာထူးအတွက်ဆို သက်ဆိုင်ရာ ပြည်နယ်/တိုင်းရုံးတာဝန်ခံများအဆင့်လောက်နဲ့ အင်တာဗျူးခန့်အပ်ရင်ရော မရဘူးလားဆိုတာ တွေးကြည့်မိတယ်။ ကျနော်အလုပ်လုပ်တဲ့ ဌာန စိုက်မွေးဆည်မှာဆိုရင်လည်း နေ့စားလုပ်သားမှူးလောက်ကို permanent ဖြစ်ဖို့ကို နေပြည်တော်မှာသွားဖြေရတာမျိုးရှိနေတယ်။

အလုပ်ခန့်အပ် အင်တာဗျူး စနစ်တကျရှိတာ အလွန်ကောင်းပါတယ်။ သို့သော် အမှုထမ်းငယ်အဆင့်ရာထူးဖြစ်ဖို့ သွားရလာရ ကုန်ကျစရိတ် လမ်းခရီးစားစရိတ်ဆိုတာမျိုးတွေ မလိုအပ်ပဲ အသုံးပြုရတာမျိုးကျတော့ စဉ်းစားသင့်တယ်လို့ထင်မိတယ်။ သက်ဆိုင်ရာ အလုပ်ဌာနအကြီးအကဲရယ်၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်း တာဝန်ခံလောက်ရယ်က အခုအဆင့်လောက်ကို အင်တာဗျူးပေးလို့မရဘူးလား။ ရမှတ် မှတ်ချက်ကို ဝန်ကြီးဌာနအထိ ပေးပို့ဆုံးဖြတ် ခန့်အပ်လို့ရော မရနိုင်ဘူးလားပေါ့လေ။

ဒီလိုမှမဟုတ်ရင်လည်း ဇွန်းမ်းတို့ တို့ ဖေ့ဘုတ်မီတင်တို့ ဂူးဂဲလ်မီတင် တို့နဲ့ အင်တာဗျူးရင်ရော မရနိုင်ဘူးလားပေါ့။ အင်တာနက်ဆိုတာ ဒီလိုအကြောင်းအရာတွေကို အကျိုးရှိရှိအသုံးချလို့လည်း ရပါတယ်လေ။ အလုပ်သမားအဆင့်က ဇွန်းမ် သုံးတတ်ပါ့မလားဆိုတာမျိုး ဖြစ်လာနိုင်သလား။ သူမသုံးတတ်လည်း သက်ဆိုင်ရာရုံးက တယောက်ရဲ့အကောင့်နဲ့ သုံးလို့ရတာပဲလေ။

ဒီခေတ်မှာ အခုထိ ဝန်ကြီးဌာနတွေ အကောင်အထည်မဖော်နိုင်တာလား၊ အကောင်အထည်ဖော်ဖို့ မေ့နေတာလား၊ အသုံးမချတတ်တာလားမသိတာကတော့ domain email လို့ခေါ်တဲ့ ဌာနဆိုင်ရာအလိုက် သတ်မှတ်ထားတဲ့အကောင့်မျိုးပေါ့။ E government ကို ပြောလာတာလည်းကြာပေါ့လေ။ ဒါကို ဒီလိုအသုံးချရင် ရတယ်ဆိုတာမျိုး အိုင်ဒီယာလေးတွေရှိရင်လည်း လျှော်ကန်သင့်မြတ်လှကြောင်း တွေးမိတယ်။

ဗဟိုချုပ်ကိုင်မှုလျော့မယ်လည်း ပြောတာပဲ။ အခုလို အစီအစဉ်တွေကလည်း ရှိနေတာပဲ။ လွယ်လို့ရတာကို လွယ်အောင်လုပ်၊ မလိုပဲ မခက်တော့ မကောင်းဘူးလား။ ဒီချိန်ဒီခါ ကိုဗစ်ကာလ ဒါမျိုးလေးထည့်တွက်လျှင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပေါ့လေ။ ရာထူးရမရ မသိ။ လမ်းစရိတ်ထောင်း၊ risk များ။ ကြည့်ကျက်လုပ်ပေးကြရင် ကျေးဇူးတင်မိမှာအမှန်ပါပဲ။ မလိုသည်များကို ခြစ်ပစ်သင့်ပြီလေ။

Thin Kyu Kyu

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page