ဝန်နဲ့ အား မမျှတော့တဲ့ အစိုးရဆေးရုံကြီးတွေနဲ့ ဆေးရုံ မသွားချင်ကြတော့တဲ့ လူနာများ

လတ်တလော လူနာတွေ ဆေးရုံမသွားဘဲ အိမ်မှာပဲ ဘာလို့ အသေခံနေကြတာလဲ

အရေးပေါ်လူနာပဲဖြစ်ဖြစ် ကိုဗစ်လူနာပဲဖြစ်ဖြစ် ဆေးရုံသွားတဲ့အခါမှာ မျှော်လင့်ချက်က နှစ်ခုတည်းရှိပါတယ်။ ဖြစ်နေတဲ့ရောဂါကို ကုသမှုခံယူနိုင်ဖို့ရယ်၊ သက်တောင့်သက်သာရှိဖို့ရယ်ပါ။ ပထမတစ်မျိုးက ပိုအရေးကြီးပြီး ဒုတိယတစ်ခုကတော့ ရနိုင်ရင် လိုချင်ကြပါတယ်။ လူကောင်းတစ်ယောက်တောင် သက်တောင့်သက်သာနေချင်တာပဲဗျာ။ နာမကျန်းဖြစ်နေတဲ့သူတွေဆိုရင် ပိုပြီးတော့ သက်တောင့်သက်သာဖြစ်ချင်တာပေါ့။ အစိုးရဆေးရုံတွေမှာ အဲဒီနှစ်ခုကို ရနိုင်မယ်ဆိုရင် ဆေးရုံလာပြကြပါလို့ ခေါ်နေစရာတောင်မလိုပါဘူး။ အားကိုးစရာဒါပဲရှိတော့ မဖြစ်မနေကို လာကြမှာပါ။

အခုဘာလို့ လူနာတွေက အိမ်မှာနေပြီးသာအသေခံချင်တော့တယ်ဆိုတဲ့ စိတ်မျိုးဖြစ်နေရတာလဲဆိုတော့ အဲဒီအခြေခံ အချက် နှစ်ချက်ကိုတောင်မရနိုင်လို့ပါ။ အရေးပေါ်လူနာတစ်ယောက်ဆေးရုံရောက်တယ်။ အရေးပေါ်ကုသမှုတွေအရင်မရဘဲ ကိုဗစ်ဟုတ်မဟုတ်စစ်ဆေးဖို့ ရက်နဲ့ချီစောင့်ရတယ်၊ စောင့်ရတာကလည်း သက်တောင့်သက်သာမဟုတ် လူတွေပြည့်လျှံနေတဲ့အခန်းထဲမှာစောင့်ရတယ်။ ကိုယ့်မိသားစုတွေမျက်နှာမမြင်ရဘဲ သေသွားတဲ့သူတွေလည်းအများကြီးပဲ။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ အများစုက သေခါမှသေရော အိမ်မှာပဲ သက်တောင့်သက်သာ မိသားစုဘေးမှာထားပြီး သေလိုက်ချင်တော့တယ်ဆိုတာတွေဖြစ်လာတယ်။ ကျွန်တော်တို့အိမ်မှာနေပါ တိုက်တွန်းနေလို့မဟုတ်ဘူးနော်။ ရောဂါဝေဒနာခံစားနေရချိန်မှာ တကယ်အကူအညီပေးနိုင်တဲ့နေရာကို ဘယ်လိုပြောပြောသွားကြမယ့်သူတွေချည်းပဲ။ ဒါပေမယ့် ကြုံရဆုံရမယ့် ဒုက္ခကိုမခံစားနိုင်ကြလွန်းလို့သာ အိမ်မှာပဲ အသေခံမယ်ဆိုတာတွေဖြစ်လာတာ။

ဆေးရုံတွေမှာ ဘာလို့ အဲဒီလောက်ထိ ကျပ်ညပ်ကုန်ရတာလဲ။ တစ်ရက်က ကိုဗစ်အကြောင်းဆွေးနွေးပွဲမှာလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ ခေါင်းသေးသေးလေးရဲ့ အမြင်မှာ အချက် သုံးချက်ရှိတယ်။

၁။ အထွေထွေရောဂါကုဆရာဝန် (GP) တွေကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်ထဲကို မထည့်နိုင်ဘူး။

ကိုဗစ်ဖြစ်တာ မြန်မာနိုင်ငံမှာ ၇ လကျော်လာပြီ အခုချိန်ထိ ဂျီပီတွေမှာ ဖွင့်ရမှာလား ပိတ်ရမှာလားမသဲကွဲဘူး။ တိကျတဲ့လမ်းညွှန်မှုတွေ ဗျူဟာတွေလည်းမချပေးဘူး။ မင်းတို့ကြိုက်တာလုပ် ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့အနေအထားမျိုး။ အကာအကွယ်အပြည့်နဲ့ ကုသမှုပေးတဲ့ဂျီပီတွေကိုလည်း လူနာပေါ့စတစ်ဖြစ်တာနဲ့ Q ဝင်ခိုင်း။ ဆေးခန်းပိတ်ခိုင်း။ ဒီတော့ ဂျီပီအများစုက ဆေးခန်းမဖွင့်တော့ဘူး။ လူနာကုသမှုတွေမလုပ်ပေးနိုင်တော့ဘူး။ ဒီတော့ လူနာတွေက ဘယ်ကိုရောက်သွားမယ်ထင်လဲ။ ရောဂါမှန်သမျှက ဘယ်မှမသွားအိမ်မှာသေရင်သေ ဒါမှမဟုတ် ဆေးရုံကြီးကို စုပြုံရောက်။

၂။ ပုဂ္ဂလိကဆေးရုံတွေကို လုပ်ပိုင်ခွင့်မပေးဘူး။ ကုသမှုလမ်းကြောင်းထဲ ထည့်ပြီး ဝန်မျှမယူခိုင်းဘူး။

ရန်ကုန်မှာဆိုရင် ပုဂ္ဂလိကဆေးရုံတွေအများကြီး။ သူတို့ရဲ့ လူနာလက်ခံနိုင်မှုအင်အားက ထောင်နဲ့ချီရှိတယ်။ အရမ်းရှုပ်ထွေးတဲ့စစ်ဆေးမှုတွေ ကုသမှုတွေတောင် ပြုလုပ်နေတဲ့ ဆေးရုံတွေအနေနဲ့ ကိုဗစ်လူနာကို လက်ခံကုသတာပဲဖြစ်ဖြစ် ကိုဗစ်စစ်ဆေးမှုတွေပြုလုပ်တာပဲဖြစ်ဖြစ် သူတို့လုပ်နိုင်တယ်။ ဒါပေမယ့် အစိုးရက သူတို့အားကိုမယူဘူး။ ကိုဗစ်လူနာတွေ့တာနဲ့ ဆေးရုံပါလော့ဒေါင်းချပစ်တယ်။ ကိုဗစ်စစ်ဆေးဖို့ကို ပုဂ္ဂလိကဆေးရုံတွေကိုပေးမလုပ်ဘူး။ ဒီတော့သူတို့က လူနာအသစ်တွေလက်မခံတော့ဘူး။ ကိုဗစ်သံသယနည်းနည်းလေးရှိတာနဲ့ လုံးဝကုသမှုမပေးတော့ဘူး။ ဒီတော့ အရေးပေါ်လူနာမှန်သမျှ ဘယ်ကိုရောက်လဲ။ အစိုးရဆေးရုံတွေကိုရောက်တယ်။ အပြင်မှာကိုဗစ်မစစ်ဆေးနိုင်တဲ့အတွက်ကြောင့် စစ်ဆေးမှုတွေအကုန် လူနာတွေအကုန် အစိုးရဆေးရုံရောက်တယ်။ ဒီမှာတင်ထပ်ပြီးပြည့်လျှံကုန်တော့တာပဲ။ နဂိုအားဖြင့် အစိုးရဆေးရုံကိုမသွားကြတဲ့သူတွေတောင် အခုရောက်လာတော့ မနိုင်တဲ့ဝန်က နောက်ထပ် နှစ်ဆမတိုးဘူးလား။

၃။ အသစ်တွေတိုးချဲ့နေပေမယ့် ရှိရင်းစွဲတွေကို ဝန်ဆောင်မှုမတိုးမြှင့်ပေးနိုင်ဘူး။

အပေါ်က နှစ်ချက်မှာ ဂျီပီတွေမကြည့်ပေးနိုင်တော့တာရယ် ပုဂ္ဂလိကဆေးရုံတွေ တာဝန်မယူတော့တာရယ်ကြောင့် အစိုးရဆေးရုံတွေမှာ ဝန်သုံးဆလောက်တိုးတယ်။ ဝန်တိုးလာပေမယ့် ဝန်ဆောင်မှုနဲ့ အင်အားမှာကျ ဖြည့်တင်းမှုတွေ ထင်သလောက်မရဘူး။ Q စင်တာအသစ်တွေတိုးချဲ့နေပေမယ့် လူနာလက်ခံမှုအများဆုံးဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးလို မြောက်ဥက္ကလာဆေးရုံကြီးလိုနေရာတွေမှာတော့ ထူးထူးခြားခြားမဖြစ်လာဘူး။ ကိုဗစ်စဖြစ်ကတည်းက လူနာတွေအများကြီးလက်ခံနေရတဲ့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကုသမှုဌာန ကိုဗစ်လက်ခံနေရာဟာ အစကတည်းကနေ အခုချိန်ထိ ဒီအတိုင်းပဲ။ အခုဆိုရင် ဆေးရုံရောက်တာနဲ့ နည်းနည်းလေး သံသယရှိနေရင်တောင် တခြားအရေးပေါ်ကုသမှုတွေထက်အရင် ကိုဗစ်စစ်ဆေးရတယ်။ စစ်ဆေးမှုကလည်း ချက်ခြင်းမဟုတ် ရက်နဲ့ချီစောင့်ရတယ်။ သေမယ့်လူနာဆို ပင်ပင်ပန်းပန်းနဲ့ သေပေတော့ပဲ။ ဒီတော့ လူနာတွေခမျာ နှစ်ထပ်ကွမ်းနစ်နာရရှာပါတယ်။

လူနာတွေအိမ်မှာကျိတ်မကုစေချင်ရင် ဆေးရုံကိုတကယ်အားကိုးလို့ရတဲ့နေရာတစ်ခုအဖြစ် လာစေချင်တယ်ဆိုရင် ဒီဟာလေးတွေကို ပြုပြင်ပေးလို့ရတာပဲ။

၁။ ဂျီပီတွေအတွက် အဆင်ပြေနိုင်မယ့် ဝန်ထုတ်ဝန်ပိုးကို အတူထမ်းပေးနိုင်မယ့် ဗျူဟာနဲ့ နည်းစနစ်တွေချမှတ်ပေးပါ။ လူနာတွေမှာ ဆေးခန်းသွားချင်ကြရှာပါတယ်။ ဆရာဝန်တွေလည်းကုသမှုပေးချင်ကြရှာပါတယ်။ ဒါပေမယ့် ဘာမှ စနစ်တကျမရှိ တစ်ကျောင်းတစ်ဂါထာဖြစ်နေတော့ ကုရမှာလား ပိတ်ရမှာလားမသိဖြစ်နေကြရတယ်။

၂။ ပုဂ္ဂလိကဆေးရုံတွေရဲ့ အင်အားကိုယူပေးပါ။ သူတို့ကို ကုသဖို့အတွက် ညွှန်ကြားချက်တွေထုတ်ပေးပါ။ ဆေးရုံလိုနေရာမျိုးကို လူနာတစ်ယောက်တွေ့တာနဲ့ အကုန်ပိတ်ဆိုတာမျိုးက အဓိပ္ပါယ်မဲ့ပါတယ်။ ကိုဗစ်စစ်ဆေးမှုတွေလုပ်နိုင်အောင် ခွင့်ပေးပါ။ အရမ်းရှုပ်ထွေးတဲ့စစ်ဆေးမှုတွေ လုပ်နိုင်နေကြတဲ့သူတွေကို ကိုဗစ်လိုအရာမျိုး စစ်ဆေးခွင့်မပေးဘူးဆိုတာ နည်းလမ်းမကျဘူး။

၃။ စင်တာအသစ်တွေတိုးချဲ့သလိုမျိုးပဲ ရှိရင်းစွဲနေရာတွေရဲ့ အင်အားတွေ၊ ဝန်ဆောင်မှုတွေကိုလည်း တိုးချဲ့ပေးပါ။ ဘက်ဂျက်အကန့်အသတ်မဲ့ သုံးစွဲမယ်ပြောပြီး စုတ်ပြတ်သတ်နေတဲ့အရေးပေါ်ဌာနတွေကတော့ ဒီအတိုင်းပဲဆိုတာ တော်တော်ကြည့်ရဆိုးပါတယ်။

ဘယ်သူမှတော့ အိမ်မှာနေပြီး အသေမခံချင်ပါဘူး။ ကုသမှုတွေရမယ်ဆိုရင် အဆင်ပြေမယ်ဆိုရင် ဆေးရုံသွားကြမယ့်သူတွေချည်းပဲ။ ဒါပေမယ့်အခုဖြစ်နေတဲ့ အနေအထားတွေ မြင်ကြားသိနေရတာတွေ အရတော့ ကျွန်တော်အခုချိန် တစ်ခုခုဖြစ်လည်း အိမ်မှာပဲ အသေခံသွားဖို့ရှိပါတယ်။ ဒါပါပဲ။

ဒေါက်တာသူရိန်လှိုင်ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page