ကိုဗစ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပြည်တွင်းလေကြောင်းတွေ ပုံမှန်ပြန်ဖွင့်ပြီ
ကိုဗစ်-၁၉ ကပ်ဘေး စတင်ပေါ်ပေါက်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေ ကပ်ဘေးမတိုင်မီကလို ပြန်ဖြစ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဝူဟန်မှာ ဗိုင်းရပ်စ်ကို မနှစ်နှောင်းပိုင်းမှာ စတင်တွေ့ရှိပြီးနောက် မြို့ကို ၇၆ ရက်ကြာ ပိတ်ထားခဲ့သလို ဆေးရုံတွေမှာ လူနာအမြောက်အမြား လှိမ့်ဝင်လာလို့ အရေးပေါ်ဆေးရုံ အမြန်ဆောက်ရတဲ့အထိ ဖြစ်ခဲ့တာပါ။
ဒီ့နောက် ပြီးခဲ့တဲ့ ဧပြီမှာ မြို့ကို ပြန်ဖွင့်ပြီးနောက် တဖြည်းဖြည်းနဲ့ လူနေမှုဘဝတွေ ပုံမှန်ပြန်ဖြစ်လာပြီး လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲလာသလို ခရီးသည်တွေလည်း ပြန်များလာလို့ ခုတော့ လုံးဝပုံမှန် ပြန်ဖြစ်ပါပြီလို့ ဝူဟန်မြို့ Tianhe နိုင်ငံတကာလေဆိပ် တာဝန်ရှိသူတွေက ဆိုပါတယ်။
နိုင်ငံတကာခရီးစဥ်တွေ ပြန်စနိုင်ဖို့လည်း လေဆိပ်ကို ပြင်ဆင်နေတယ်လို့ လေဆိပ်တာဝန်ရှိသူကို ကိုးကားပြီး ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ နိုင်ငံတကာကုန်တင်လေယာဉ်ခရီးစဉ်တွေကိုတော့ စတင်နေပြီဖြစ်လို့ စက်မှုဇုန်တွေနဲ့ မော်တော်ကားစက်ရုံတွေ ရှိတဲ့ မြို့တွေဟာ အမ်စတာဒမ် (နယ်သာလန်)၊ နယူးဒေလီ (အိန္ဒိယ) စတဲ့မြို့တွေနဲ့ အဆက်အသွယ်ရှိနေပါပြီ။
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ အသစ်ထပ်မတွေ့တော့တာ တလနီးပါးကြာပြီးနောက် ပြည်ပကနေ ကူးစက်လာသူ ဆယ်ဦးတွေ့ရှိထားတယ်လို့ ကျန်းမာရေးကော်မရှင်က အစီရင်ခံပါတယ်။
လက်ရှိမှာ ကိုဗစ်-၁၉ လူနာ ၁၅၁ ဦးကို ဆေးရုံတွေမှာ ကုသပေးနေတယ်၊ ဒါ့အပြင် ရောဂါလက္ခဏာမပြဘဲ ပိုးကူးစက်ကြောင်း တွေ့ရှိထားတဲ့ လူ ၃၅၇ ဦးကိုတော့ သီးခြားခွဲထားတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာကူးစက်သူ ရှစ်သောင်းငါးထောင်ကျော် (၈,၅၁၈၄ ဦး)၊ သေဆုံးသူ လေးသောင်းခြောက်ထောင်ကျော် (၄,၆၃၄ ဦး) ရှိတယ်လို့ တရားဝန် အစီရင်ခံထားပါတယ်။