ရေပူစနစ် ဘွိုင်လာတွေ တပ်ဆင်မယ်ဆိုရင် ဓာတ်မလိုက်အောင် ကာကွယ်နည်း
Water heater တွေရဲ့ အန္တရာယ်..
ခုတလော ဓာတ်လိုက်တဲ့အဖြစ်အပျက်တွေ ခဏခဏကြားနေရလို့ ရေးမိပါတယ်။
နေအိမ်တိုင်းမှာ သုံးနေတဲ့ မီးပူ၊ ပေါင်းအိုး၊ ရေနွေးအိုး၊ ရေခဲသေတ္တာ အ၀တ်လျှော်စက် စတဲ့ စက်တိုင်းမှာ လျှပ်စစ်ယိုစိမ့်မှုဖြစ်ရင် ကာကွယ်ဖို့ မြေစိုက်ကြိုး Earth wire ကို ထည့်ပေးထားတတ်ပါတယ်။အစိမ်းအဝါကြားကြိုးလေးပါ။ ဒီကြိုးလေးကို တပ်ရင် ပလပ်ခေါင်းက သုံးပင်ခေါင်းဖြစ်ရပါတယ်။ သုံးပင်ခေါင်းမှာ အပေါ်အချွန်ဘက်က ခေါင်းမှာ ဒီကြိုးကို တပ်ဆင်ထားတာပါ။ ဒီကြိုးတပ်ဆင်သုံးစွဲမယ်ဆိုရင် အိမ်မှာ မြေစိုက်ကြိုးစနစ်လို့ခေါ်တဲ့ Earthing System လုပ်ထားရပါတယ်။ (ကုန်ကျစရိတ်က ငါးသိန်းကနေ သိန်းနှစ်ဆယ်ကြား မြေအနေအထားလိုက်လို့ကုန်နိုင်ပါတယ်)
ဒီ Earthing စနစ်ရှိတဲ့ အိမ်မှာ လျှပ်စစ်ပစ္စည်းတိုင်းကို သုံးပင်ပလပ်သုံးတဲ့ မြေစိုက်ကြိုးစနစ်နဲ့ လျှပ်စစ်ယိုစိမ့်မှုကို ကာာကွယ်ပေးတဲ့ Breaker တွေကို စနစ်တကျ တပ်ဆင်သုံးစွဲရင် လူအတွက် 99% အန္တရာယ်ကင်းပါတယ်။ အခုပြောချင်တာကတော့ ရေပူအိုး Electric water heater စနစ်အကြောင်းပါ။
ရက်ပိုင်းအတွင်းမှာပဲ မိတ်ဆွေအရင်းထဲမှာကို Water heater ကနေ ဓာတ်လိုက်ပြီး အသက်သေဆုံးမှုတွေကြားရလို့ပါ။ Water heater တွေဟာ ရေကနေအလွယ်တကူ ဓာတ်လိုက်နိုင်ပါတယ်။ ရေကိုအပူပေးတဲ့ လျှပ်စစ်ကွိုင်တွေဟာ ကြာလာရင် လျှပ်ကာသတ္တိ လျော့လာပြီး ကွိုင်ကလျှပ်စစ်ဟာ ရေထဲကို စီးတော့တာပါပဲ။ အဲဒီအခါ လျှပ်စစ်ပစ္စည်းတွေကနေ လျှပ်စီးယိုစိမ့်ရင် ဖြတ်ချတဲ့ Earth leakeage, RCD, RCBO စတဲ့ လျပ်စီးကိုအလိုအလျောက်ဖြတ်ချပေးတဲ့ Circuit Breaker တွေက အလုပ်လုပ်ပေးပါတယ်။ ဒါတွေက သူ့ လုပ်ဆောင်ချက်အတိုင်း ကောင်းကောင်းအလုပ်မလုပ်ရင် လူရဲ့အသက်အန္တရာယ်ရှိပါတယ်။
တချို့လျှပ်စစ်လုပ်သူတွေဟာ နည်းပညာအားနည်းတာကတကြောင်း၊ အန္တရာယ်မရှိလောက်ပါဘူးဆိုပြီး ပေါ့လျော့တာကတကြောင်း၊ လျှပ်စစ်ယိုစိမ့်ရင် ဖြတ်ချတဲ့ ဒီပစ္စည်းတွေရဲ့ အရေးပါမှုကို လျှော့တွက်ပြီး တပ်ဆင်ပေးမိတာကတကြောင်း စတာကြောင့် လူတွေရဲ့အသက်အန္တရာယ်ထိခိုက်ရပါတယ်။
တချို့ကြတော့ ပညာရှင်ကနားလည်ပေမယ့် အိမ်ရှင်သုံးစွဲသူရဲ့ မလိုအပ်ပဲ နှမြောတွန့်တိုပြီး အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေပဲသုံးစွဲစေတာ ၊ ဈေးပေါပြီး ကျွမ်းကျင်မှုနည်းပါးသူတွေကို လုပ်ဆောင်စေတာ၊ သက်တမ်းလွန်နေတဲ့ လျှပ်စစ်ကာကွယ်ရေးပစ္စည်းတွေကို မပစ်ရက်ပဲ လူကို အထိခိုက်ခံ သုံးစွဲတာတွေက လူကိုအန္တရာယ်ဖြစ်စေတာပါပဲ။
ရေပူအိုးတွေမှာ Instant heater စနစ်နဲ့ ရေပူဘွိုင်လာအိုးစနစ်နှစ်မျိုးမှာ instant heater ရော ၊ ဘွိုင်လာအိုး နှစ်မျိုးလုံးမှာ။ လျှပ်စစ်ယိုစိမ့်တဲ့အန္တရာယ်ရှိပါတယ်။
လျှပ်စစ်ယိုစိမ့်မှုကာကွယ်ရေး ပစ္စည်းတွေဖြစ်တဲ့ Circuit Breaker တွေရဲ့ အချက်ကျကျ လုပ်နိုင်စွမ်းရှိသလားမရှိဘူးလား အခါအားလျော်စွာ စစ်ဆေးပေးသင့်ပါတယ်။ ကျွမ်းကျင်သူကို ခေါ်ယူစစ်ဆေးစေသင့်ပါတယ်။
ဘိုင်လာအိုးတွေမှာဆိုရင် ရေပူလာရင်ဖြတ်တဲ့ အပူထိန်းခလုပ်အလုပ်မလုပ်ရင် ဘွိုင်လာအိုးဟာ ရေငွေ့ဖိအားလွန်ကဲလာနိုင်ပါတယ်။ ဖိအားလွန်ကဲရင် အလိုအလျောက်ပွင့်စေတဲ့ Safety valve တွေ ပါလေ့ရှိပါတယ်။
ဒီ Valve တွေဟာလည်း သံချေးတက်ရင် တပ်ဆင်ရာမှာစနစ်မကျရင် ပွင့်ရမည့်အချိန်မှာ အလိုအလျောက်မပွင့်ရင် ဘွိုင်လာအိုးထဲက ရေငွေ့ဖိအားဟာအဆမတန်တင်လာပြီး ဗုံးတလုံးလို ပေါက်ကွဲနိုင်ပါတယ်။ ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်တွေလည်း အများအပြားရှိပါတယ်။ ဒီလိုဖြစ်ရင် အန္တရာယ်အရမ်းများပါတယ်။
ဒါကြောင့် ရေပူစနစ် ဘွိုင်လာတွေတပ်ရင် တကယ်နားလည်တတ်ကျွမ်းသူတွေနဲ့ ၊ မှန်ကန်တဲ့အရည်အသွေးရှိတဲ့ ပစ္စည်း တွေသုံးပြီး စနစ်တကျတပ်ဆင်သုံးစွဲသင့်ပါတယ်။ တော်တော်များများက ထီပေါက်ရင်သာကိုယ်လည်းပေါက်နိုင်တယ်တွေးကြပေမယ့် ဒီလိုမျိုးဖြစ်စဉ်တွေဟာ ကိုယ့်မှာလည်းဖြစ်နိုင်တယ်လို့ တွေးသူကတော့ နည်းပါးပါတယ်။
KoNandaMoe