တနေ့တာ သေဆုံးမှုစာရင်းမှာ ကမ္ဘာ့အဆင့် ၂၀ အတွင်းဝင်သွားတဲ့ မြန်မာနဲ့ ချိနဲ့စပြုလာတဲ့ ဗျူဟာကုန်းများ

တနေ့တာ သေဆုံးမှုစာရင်းမှာ ကမ္ဘာ့အဆင့် ၂၀ အတွင်းဝင်သွားတဲ့ မြန်မာနဲ့ ချိနဲ့စပြုလာတဲ့ ဗျူဟာကုန်းများ

(၁) Covid-19 designated Hospital များ အဖြစ် ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီး ၃ ခုတည်း ရှိနေရာမှ လူနာအင်အား ဆတိုးများပြားလာသည့်အခါ ရန်ကုန်မြို့ပေါ်ရှိ အခြားဆေးရုံအသီးသီးကိုလည်း designated hospital များအဖြစ် ပြင်ဆင်ထားရန် စီစဉ်နေဆဲမှာပင် ထိုဆေးရုံများမှာ သူ့အလိုလိုပင် designated hospital များအဖြစ် ပြောင်းလဲနေပြီးသားဖြစ်နေသည်ကို တွေ့နိုင်ပါသည်။

(၂) ဆေးရုံတင်လူနာသတ်မှတ်ရေး Admission Criteria တွင် သာမာန်လက္ခနာရှိသူများ၊အနံ့ပျောက်သူများထက် ရောဂါလက္ခနာ ပိုဆိုး၊ပိုပြင်းထန်သူများကိုသာ ဆေးရုံတင်ကုသရန် စီစဉ်နေဆဲမှာပင် လာသမျှလူနာ ၁၀ ယောက်မှာ ၁၀ ယောက်လုံးနီးပါး ဖတ်ဖတ်မောလို့၊ သွေးတွင်း အောက်စီဂျင် ၈၀% နှင့် ၉၀% ရာခိုင်နှုန်းကြား၊ အချို့ဆို အံ့ဩလောက်စရာ ၃၀-၄၀%၊ အဆုတ်ဓါတ်မှန်များတွင် ကိုဗစ်ကိုက်ဒါဏ်ရာဒါဏ်ချက်များ အဖွေးသားဖြင့်၊ သူ့အလိုလို admission criteria ပြောင်းသွားပြီးသား ဖြစ်နေပြန်ပါသည်။

(၃) containment strategy ကို လွှတ်ချလိုက်ပါတော့လားဟု အားလုံး ညာသံပေး၍ အော်နေစဉ်မှာပင် အဆိုပါ အနံ့ပျောက်နှင့် သာမာန်လက္ခနာရှိသူအများစုမှာ မိမိတို့အိမ်အသီးသီးမှာပင် အောင်းနေပုံရသည့်အတွက် modified containment ဟုဆိုဆို၊ mitigation ဟုပဲ အာလုတ်သံပြုပြု သူ့အလိုလို ပြောင်းပြီးဖြစ်နေပြန်ပါသည်။

(၄) ယခု အခါ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံအသီးသီးသည် အရှေ့ဘက်မှ စစ်မျက်နှာဖွင့် အားကုန်ထုတ်လာပြီဖြစ်သော ရန်သူ ကိုဗစ်နှင့် သူသေကိုယ်သေ ရင်ဆိုင်နေရချိန်တွင် အနောက်ဘက်မှ Non-Covid ရန်သူများကလည်း နောက်ကျော ဓါးနှင့် ထိုးနေပါပြီ။ ဗျူဟာကုန်းများသည် တစ်နေ့တစ်နေ့ ချိနဲ့စပြုလာနေပါပြီ။ ကတုတ်ကျဉ်းများထဲမှာလည်း လူအင်အား ခပ်နဲ့နဲ့။

(၅) ငယ်ငယ်ကကြည့်ဖူးသော စစ်ကားများထဲက မင်းသားကြီး ဗိုလ်ဗကို​၏ နောက်ခံစကားပြောသံကို ကြားယောင်နေမိပါသည်။ “အဲ အခုဆိုရင် …ကျူးကျော်သူတွေဟာ ထောင်သောင်းအလုံးအရင်းနဲ့ အမိမြေထဲကို ကျူးကျော်ဝင်ရောက်လာနေပြီခင်ဗျ။ ဗျူဟာကုန်းမှာ ကျန်နေတဲ့ ဗမ နဲ့ တပ်မတော်သားလေး ၂ ဦးကတော့ ရဲစွမ်းသတ္တိအပြည့်နဲ့ ၊ ရှိတဲ့ လက်နက်အင်အားနဲ့ ခုခံနေတုန်းပဲခင်ဗျ။”
ဒီလို ပြောပြီး သိပ်မကြာခင်မှာပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ လက်နက်ကြီး ပစ်ကူတွေရော၊ လေယာဉ်တွေရော၊ စစ်ကူတွေ “ကျား” အော်ရင်း တက်လာတာလည်း ဖွေးဖွေးလှုပ်လို့၊ ကြည့်နေတဲ့ ပရိတ်သတ်ကလည်း ကြက်သီးတွေထ၊ လက်ခေါက်တွေ မှုတ်လို့၊ ​အောင်ပွဲ။

(၅) ဗျူဟာကုန်းတွေမှာ လူစုကြဖို့ လိုပါပြီ။ (Hein Yarzar Aung)

မနေ့က (၁၈-၁၀-၂၀၂၀) ရက်နေ့မှာ မြန်မာတနိုင်ငံလုံး ကိုဗစ်ကြောင့် သေဆုံးသူ (၄၂) ဦး ရှိခဲ့ပါတယ်။ အဆိုပါ ပမာဏသည် တကမ္ဘာလုံးတွင် တနေ့တာ သေဆုံးနှုန်း စာရင်း၌ အဆင့် (၁၉)သို့ ရောက်ရှိခဲ့ပြီး ပိုးကူးစက်မှု ကမ္ဘာ့တတိယ အများဆုံး ဘရာဇီးနိုင်ငံထက် တဆင့် မြင့်ခဲ့တာ ဖြစ်ပါတယ်။ ယင်း စာရင်းတွင် အိန္ဒိယနိုင်ငံက သေဆုံးသူ (၅၆၅) ဦးဖြင့် အဆင့် (၁) မှာ ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် လတ်တလော အချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း (၈၈၀) ဦး ရှိပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page