တစစီ ဖျက်ဆီးခံရတော့မယ့် အိန္ဒိယ လေယာဥ်တင် သင်္ဘောရဲ့ နောက်ဆုံး ခရီး

အိန္ဒိယရေတပ်ကနေ တပ်တော်ဝင်ပယ်ဖျက်ခဲ့ပြီးဖြစ်တဲ့ လေယာဉ်တင်သင်္ဘော INS Viraat ရဲ့ နောက်ဆုံးခရီးအနေနဲ့ ဒီနေ့ စက်တင်ဘာ ၁၉ မှာ ရေတပ်သင်္ဘောကျင်းကနေ သင်္ဘောကို တစ်စစီ ဖျက်ပစ်မယ့် ဂူဂျာရက်ပြည်နယ် ဘာဟဗ်နာဂါခရိုင် အယ်လ်လန်းမြို့ဆီ သွားရောက်ခဲ့ပါတယ် (ဆွဲယူ သို့မဟုတ် တွန်းယူသွားတာပါ)။

INS Viraat ကို အိန္ဒိယရေတပ်မှာ နှစ် ၃၀ အသုံးပြုပြီးနောက် ၂၀၁၇ ကထဲက တပ်တော်ဝင် ပယ်ဖျက်ထားတာပါ။ INS Viraat ဟာ ဗြိတိန်ကတည်ဆောက်ခဲ့ပါတယ်။ ဗြိတိသျှဘုရင့်ရေတပ်မှာ HMS Hermes အဖြစ် ၁၉၅၉ ကထဲက အသုံးပြုခဲ့ပြီး ၁၉၈၄ မှာ တပ်တော်ဝင်ပယ်ဖျက်လို့ အိန္ဒိယကို ရောင်းချခဲ့ပါတယ်။ အိန္ဒိယရေတပ်မှာ INS Viraat အဖြစ် ၁၉၈၇ မှာ စတင် တပ်တော်ဝင်အသုံးချခဲ့တာပါ။

ကမ္ဘာပေါ်မှာ အသုံးပြုဆဲ လေယာဉ်တင်သင်္ဘောထဲမှာ သက်တမ်းအရင့်ဆုံးဖြစ်လာတဲ့ INS Viraat ကို ၂၀၁၅ ကထဲက အိန္ဒိယရေတပ်က တပ်တော်ဝင်ပယ်ဖျက်ဖို့ စတင်ခဲ့ပြီး ၂၀၁၇ မှာ ပယ်ဖျက်ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်အင်ဂျင်နဲ့ နောက်ဆုံးခုတ်မောင်းခဲ့တာက ၂၀၁၆ ဇူလိုင်က ဖြစ်ပြီး မွမ်ဘိုင်းကနေ ကိုချိကို မောင်းခဲ့တာပါ။

INS Viraat ကို ဟိုတယ် ဒါမှမဟုတ် ပြတိုက်လုပ်ဖို့ အစီအစဉ်တွေလည်း မအောင်မြင်ခဲ့တဲ့နောက် တစ်စစီဖျက်ဆီးပစ်ပြီး သံတိုသံစအဖြစ် ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးသင်္ဘောဖျက်လုပ်ငန်းတွေရှိတဲ့ Alang မြိုကအခြေစိုက် Shree Ram အုပ်စုက သင်္ဘောကိုတစ်စစီဖျက်ချဖို့ လေလံအောင်ခဲ့ပါတယ်။ ဝန်အပြည့်တန်ချိန် ၂၈၇၀၀ ရှိပြီး ဆီးဟယ်ရီယာဂျက်တိုက်လေယာဉ် ၁၆ စီးနဲ့ ရဟတ်ယာဉ် ၁၀ စီး တင်ဆောင်အသုံးပြုနိုင်တဲ့ လေယာဉ်တင်သင်္ဘောဟာ မကြာခင်မှာ သံတိုသံစအဖြစ် ရောက်ရှိပါတော့မယ်။

Stand By Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page