မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ စွဲမြဲနေတဲ့ ဗီအိုင်ပီနဲ့ ဆွေတော်မျိုးတော် ရောဂါ

VIP ရောဂါ

VIP ဆိုတဲ့ စကားလုံးက မြန်မာပြည်မှာ တော်တော်လေး တွင်ကျယ်တယ်.. ဒီက လူတော်တော်များများက VIP ရောဂါရှိကြတယ်.. နှစ်အတော်ကြာ အုပ်ချုပ်သွားတဲ့ ဦးဦးတို့​က သူတို့အနီးအနားက အဆွယ်အပွားတွေကို VIP ဘိန်းကလေး ကျွေးသွားခဲ့တယ်.. တစ်သက်မေ့မရ အမြဲတမ်း တမ်းတနေရလောက်အောင် သူ့ အရသာကလည်း တော်တော်လေး ချိုမြိန်တာကိုး..

ဘယ်​နေရာ မီးပျက်ပျက် VIP ဆို မပျက်ဘူး၊ ရာထူးဌာနတွေမှာ VIP နဲ့ ဆွေတော်မျိုးတော်ဆို နေရာကောင်းရတယ် အခွင့်ကောင်းရတယ်၊ အလုပ်လာစရာမလိုဘဲ အချိန်တန် မျက်နှာပြောင်နဲ့လစာထုတ်လို့ရတယ်၊ ​အများနည်းတူတန်းစီစရာ မလိုဘူး ကျော်တက်လို့ရတယ် ၊ မိသားစုထဲက နိုင်ငံခြားသွားဖို့ လေဆိပ်လိုက်ပို့တာခြင်းတူတူ သူတို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေဆို အထဲထိ လိုက်ပြီး တာ့တာ လုပ်လို့ရတဲ့ ကဒ်ပြားရမယ်.. ကျန်တဲ့သူတွေရှေ့ မော်မော်ကြွားကြွား ကဒ်ပြားကြီးတွေကိုင်ပြီး သွားလို့ရတယ်၊

ကားမောင်းရင်း ရဲဖမ်းခံရရင် ပြန်ဟောက်လိုက်လို့ရတယ်.. VIP အတွက် ခုံ၊ VIP အတွက် အခန်း.. အများနဲ့မတူ တစ်မူကို ထူးခြားနေရမယ်.. ဘယ်သူမကြိုက်ရှိပါ့.. ဒီနိုင်ငံမှာ VIP ဆိုတဲ့ စကားလုံးက ဘယ် အချိန်က စပြီး ခေတ်စားလာလဲတော့ သေချာ မသိပေမယ့် ကိုယ် House surgeon ဆင်းချိန် ၂၀၀၅-၂၀၀၆ ကစလို့ VIP နဲ့ နဖူးတွေ့ဒူးတွေ့ စတွေ့ခဲ့ပြီး မြင်ပြင်းကပ်ခဲ့တာ ခုထိပဲ.

အစိုးရဆေးရုံတွေမှာ FOC စနစ်က အဲဒီအချိန်မှာထဲက ရှိခဲ့တယ်.. OG မှာဆင်းတုန်းက မွေးလူနာတွေ မွေးရင်သုံးဖို့ လိုတဲ့ ပစ္စည်း package လေးတွေ လုပ်ထားတယ်.. FOC ထုတ် 4 ထုတ်လောက်အမြဲအဆင်သင့်ရှိတယ်.. ထင်ခဲ့တာက ဆင်းရဲတဲ့သူတွေလာရင် ပေးဖို့ပေါ့.. တကယ်ကျ အဲ့ VIP ဆိုတာ​တွေချည်းပေးနေရတယ်.. များလိုက်တဲ့ VIP ဆိုတာ..

အစိုးရဌာနတွေဟာ VIP တွေနှိပ်စက်တာကို အများဆုံးခံရတယ်.. VIP တွေများဆေးရုံတက်ပြီဆို ဆေးရုံတစ်ခုလုံးမှာ အကောင်းဆုံးအခန်းမှ နေမှာဆိုလို့ ကိုယ် ဆရာဝန်တွေ အိပ်တဲ့ နားတဲ့ အခန်းကပါ ဖယ်ပေးခဲ့ရတယ်.. ကိုယ့်ထမင်းကိုယ် စားပြီး အလုပ်လုပ်​ပေးနေတဲ့သူတွေကို VIP အမည်ခံတွေ လာ လာ လူပါးဝနေတာတော်တော်ကိုစိတ်ကုန်ခဲ့တယ်..

VIP ဆိုတာ ရှိသင့်ပါတယ်.. နိုင်ငံ့တာဝန် ထမ်းဆောင် နေတဲ့ အကြီးအကဲတွေ.. အရေးကြီးပုဂ္ဂိုလ်တွေ.. လုပ်ပါ VIP.. ကြည်ဖြူပါတယ်.. ပြည်သူ့အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေဆို လုပ်ပေးချင်ပါတယ်.. ဒါပေမယ့် ဟိုခေတ်က VIP ဆိုတာတွေက ဘယ် ဗိုလ်မှူးရဲ့ တူမ ငါးဝမ်းကွဲတို့၊ ဘယ် ဝန်ကြီးရဲ့ ထမင်းချက်တို့ ထိ အကုန်ပါတယ်..

အဲဒီ VIP ဆိုတာတွေက ငွေကြေးအားဖြင့် မတတ်နိုင်ကြတာ မဟုတ်ဘဲ ငါတို့က VIP ဆိုပြီး ဂုဏ်ယူချင်တာ… လူပေါ်လူဇော် လုပ်ချင်တာ.. ငါ ဘယ်သူလဲဆိုတာ မသိဘူးလား.. ငါကဘာကောင်ဆိုတာမျိုး ပြောရတာ အရသာတွေ့တာ.. သူများတွေအပေါ် အခွင့်ထူးခံလုပ်နေရတာ ရွံစရာ ရှက်စရာကောင်းမှန်းတောင် မတွေးတတ်ကြတော့ပဲ ငါ့ ဘုန်း ငါ့ကံကြောင့် ငါ့ တို့ကို မနာလိုမဖြစ်ကြနဲ့ဆိုတဲ့ အပေါက်မျိုးတွေ ချိုးကြတော့တာပဲ..

ဟို အုပ်စု အခုချိန်ထိ ဒီလောက် ငမ်းငမ်းတက်ဖြစ်နေတာလည်း ငွေကြေးကြောင့် မဟုတ်.. သူတို့မှာ ဆယ်သက်စားမကုန်အောင်ကို ဖူလုံသွားပြီ.. သူတို့မှာ အလိုမပြည့်နိုင်တာ အဲဒီ VIP ရောဂါအခံကြောင့်ပဲ.. လူတွေ အပေါ် ကျော်တက်ရ.. အခွင့်ထူးခံရတာကို မက်မောတယ်.. သာယာတယ်.. သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း အစွန်အဖျားတွေကလည်း ဒီလို အခွင့်အရေးတွေကို ရကြတယ်.. ဒါကြောင့် အဲဒီ​ခေတ်ကို တမ်းတတယ်.. ပြန်လိုချင်တယ်..

ပညာတတ်တွေ မုန်းတာ အဲဒီ VIP တွေကိုပဲ.. လေးစားချင်စရာ ဘာမှမရှိတဲ့.. ဗုံမဟုတ် ပတ်မဟုတ်၊ တိုင်းပြည်အတွက် ဘာအကျိုးမှ ရေရေရာရာမပြုခဲ့သူတွေက လာပြီး VIP တံဆိပ် ကပ် နေရာတကာ အသာစီးယူနေတာကိုပဲ အခံရခက်ကြတာ.. အဲဒီ VIP ​တွေရဲ့ ဒဏ်ကို အရပ်ဘက်မဟုတ်တဲ့ အဖွဲ့အစည်းက လူတွေမှာလည်း ခံစားကြရတာ အဲဒီက မိတ်ဆွေတွေဆီက တဆင့် သိခဲ့ရ ကြားခဲ့ရဖူးတယ်..

အန်အယ်ဒီ အစိုးရလက်ထက်မှာ အဲဒီနေရာတကာ VIP တွေ သိသိသာသာကိုလျော့လာတာတွေ့ရတယ်.. ရှိတာတော့ရှိနေသေးတယ်.. အခုလေ မီးပျက်ရင် ပျက်မယ်.. ရေပျက်ရင် ပျက်မယ်.. ဒါပေမယ့် အားလုံးတူတူ ပျက်လို့ ဘယ်လောက်ပျက်ပျက် ကျေနပ်တယ်.. VIP တွေ မရှိလို့ ကြည်နူးတယ်.. အခု ရွေးကောက်ခံ အမတ်မင်းများလည်း VIP ချင်စိတ်များပေါက်လာကြရင်တော့ ကန်တော့ဆွမ်းပါပဲလို့…

(VIP မလုပ်ခဲ့​ကြသူများကို လေးစားပါကြောင်း..) (ကွကိုယ်အေးဆေးမနေဘူး.. လျှောက်ရေးပြန်ပီ .. ဘွာတေး)
Khin Hnin Pwint

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page