မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပန်းဝင်ကြတော့မယ့် ကိုဗစ်ကာကွယ်ဆေးများအကြောင်း

မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပန်းဝင်ကြတော့မယ့် ကိုဗစ်ကာကွယ်ဆေးများအကြောင်း

ကိုဗစ်ကာကွယ်ဆေးတွေမှာ နောက်ဆုံးပန်းဝင်လာနိုင်သူတွေကို တန်းစီကြည့်ပါမယ်။ စုစုပေါင်း ကာကွယ်ဆေး (၁၁) တောင်မျိုးရှိပါတယ်။

ပန်းဝင်ပြီး တစ်ကမ္ဘာလုံးလက်ခံဖို့ အောက်ပါအဖွဲ့အစည်းတွေထဲက အနည်းဆုံးတစ်ဖွဲ့ရဲ့ အသိအမှတ်ပြုမှုကို လိုအပ်ပါတယ်။

အမေရိကန်က FDA

ဥရောပသမဂ္ဂရဲ့ EMA

ယူကေနိုင်ငံရဲ့ MHRA

WHO

အဲ့လို အသိအမှတ်ပြုရဖို့က …

▪️ ကာကွယ်ဆေးရဲ့အန္တရာယ်ကင်းမှု၊

▪️ အာနိစင်ထိရောက်မှုတို့အပြင်၊

▪️ ထုတ်သမျှအလုံးတိုင်းမှာ အရည်အသွေးတူညီဖို့၊

▪️ ထုတ်လုပ်ရာမှာ သန့်ရှင်းမှု (strict sterilization နဲ့ hygiene standards) တွေ လိုအပ်ပါတယ်။

နောက်ဆုံး FDA ရဲ့အသိအမှတ်ပြုရဖို့တအားနီးကပ်နေတာက ….

(၁) Pfizer/BioNTech – FDA တင်ထားပြီးပြီ။ ဒီဇင်ဘာလလယ်မှာကျနိုင်တယ်။

(၂) Moderna – FDA တင်တော့မယ်။ ဒီဇင်ဘာလလယ်မှာကျနိုင်တယ်။ သူတို့နှစ်မျိုးက RNA နည်းပညာနဲ့ထုတ်ထားတာ။ Non-replicating viral-vector ကာကွယ်ဆေးမျိုးတွေက (၄) မျိုးရှိတယ်။

(၃) Oxford/AstraZeneca – သူနဲ့မျိုးတူတွေထဲမှာ စိတ်အချရဆုံးနဲ့အန္တရာယ်အကင်းဆုံး ကာကွယ်ဆေးဖြစ်တယ်။ ခရစ်စမတ်မတိုင်ခင် EMA နဲ့ MHRA ကျနိုင်တယ်။ တတိယပန်းဝင်နိုင်တဲ့သူဖြစ်တယ်။

(၄) Johnson & Johnson – တစ်လုံးပဲထိုးဖို့လိုတဲ့အမျိုးက စက်တင်ဘာလထဲမှာ Phase 3 စစမ်းသပ်ထားတယ်။ သူလည်းပန်းဝင်ကာနီးနေပြီ။ နှစ်လုံးထိုးရတဲ့ နောက်တစ်မျိုးကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာစထားတယ်။ အဲ့ဒါကတော့ နောက်နှစ်ဆန်းထဲမှာမှ ပန်းဝင်မယ်။

(၅) တရုတ် CanSino က တရုတ်မှာပထမဆုံး အစိုးရက စစ်တပ်သုံးအဖြစ်ခွင့်ပြုပေးခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်။ တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)လောက်မှာ ပန်းဝင်လာမယ်။ CanSino ရဲ့ ကာကွယ်ဆေးဟာ ရိုးရိုးတုပ်ကွေးဗိုင်းရပ်စ်ကိုသုံးထားလို့ အာနိသင်ထိရောက်မှုကို #သံသယရှိနေကြတယ်။

(၆) ရုရှားရဲ့ Gamaleya က သူ့ဟာသူတော့ ၉၂% ထိရောက်တယ်ကြေညာထားပေမယ့် Phase 3 ရလဒ်ကို လူသိရှင်ကြားသေချာချပြဖို့လိုတယ်။ အဲ့လိုချပြလို့ လက်ခံနိုင်ရင်တော့ နံပါတ် (၆) နေရာမှာပန်းဝင်လာနိုင်တယ်။

နောက်ထပ် (၄) မျိုးက Inactivated virus ကာကွယ်ဆေးမျိုးတွေဖြစ်တယ်။ Inactivated virus ဟာ ကာကွယ်ဆေးထုတ်လုပ်ရေးအပိုင်းမှာ သေသေချာချာကိုဂရုစိုက်ဖို့လိုတယ်။

(၇) တရုတ် SinoVac ရဲ့ကာကွယ်ဆေးဟာ နောက်လထဲမှာ Phase 3 ရလဒ်ကိုထုတ်ပေးနိုင်မယ်ပြောနေတယ်။ တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)/(၆)/(၇) တစ်နေရာရာလောက်မှာ ပန်းဝင်လာမယ်။

(၈) (၉) Sinopham ရဲ့ကာကွယ်ဆေးကလည်း တရုတ်မှာ လူတစ်သန်းနီးပါးလောက်ကိုထိုးပေးထားတယ်ကြားတယ်။ Phase 3 ရလဒ်အပြည့်အစုံမထွက်သေးပဲနဲ့ ချနေတာ။ တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)/(၆)/(၇)/(၈) တစ်နေရာရာလောက်မှာ ပန်းဝင်လာမယ်။ Sinopham က Beijing Institute နဲ့ တစ်မျိုးထုတ်ပြီးတော့ Wuhan Institute နဲ့လည်း တစ်မျိုးထုတ်ကာ နှစ်သီးစားဖို့လုပ်ထားတယ်။

(၁၀) Bharat Biotech က အိန္ဒိယကကာကွယ်ဆေးကလည်း Phase 3 စမ်းသပ်နေပြီမို့ နံပါတ် (၁၀) လောက်မှာ ပန်းဝင်လာနိုင်တယ်။ အိန္ဒိယရဲ့ ဂုဏ်ယူဖွယ်ကာကွယ်ဆေးတစ်ခုဖြစ်လာနိုင်တယ်။

(၁၁) မျိုးမတူလို့နောက်ဆုံးမှာရေးထားပေမယ့် နံပါတ် (၄)/(၅) လောက်မှာပန်းဝင်လာနိုင်တာက Novavax ဆိုတဲ့ အမေရိကန်ကုမ္ပဏီရဲ့ကာကွယ်ဆေး။ သူက စက်တင်ဘာ ၂၃ ကတည်းက Phase 3 စတင်ခဲ့တာဆိုတော့ ၂၀၂၁ နှစ်ဆန်းမှာ ပန်းဝင်နိုင်တယ်။ သူက Protein subunit ဆိုတဲ့ ပရိုတိန်းကိုအခြေခံတဲ့ကာကွယ်ဆေး။

အခုဆိုရင် နောက်ဆုံးအဆင့်မှာ ပန်းဝင်ဖို့ကပ်နေတဲ့ ကာကွယ်ဆေး (၁၁) မျိုးတောင်ရှိတယ်ဆိုတာ သိထားကြဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီကာကွယ်ဆေးတွေနဲ့အတူ အထိရောက်ရောက်ဆုံးကာကွယ်ဆေးတစ်ခုအဖြစ် #တွဲပြီးတစ်နှစ်လောက်ကျင့်သုံးနေရမှာက Mask တပ်ခြင်း၊ လက်ကိုသေသေချာချာဆေးခြင်းနဲ့ ခပ်ခွာခွာနေခြင်းတို့ဖြစ်ပါကြောင်း။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page