ကမ္ဘာတဝှမ်း ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံတော့မယ့် အခြေအနေနဲ့ မြန်မာပြည် ‌ဆေးရမယ့်အချိန်

ဗြိတိန်နိုင်ငံကတော့ နောက်တပတ်ထဲမှာ ကိုဗစ် ကာကွယ်ဆေး စထိုးပါတော့မယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး ကာကွယ်ဆေး စထိုးပေးမယ့် နိုင်ငံဖြစ်လာမှာ ဖြစ်ပြီး လူဦးရေ သန်း ၂၀ ကို စတင်ထိုးပေးမှာ ဖြစ်ပါတယ်။ တဦးကို ၂ ကြိမ်ထိုးရမှာမို့ ဆေးအလုံးရေ သန်း ၄၀ လိုအပ်မှာဖြစ်ပီး ဆေးအလုံးရေ ၁၀ သန်း ရရှိနေပီလို့ သိရပါတယ်။ အမေရိကန်ကတော့ မကြာခင်မှာ ထိုးပေးနိုင်ဖွယ်ရှိပီး CDC က ဆေးကို ဘယ်သူတွေ အရင်ရသင့်တယ်ဆိုတာ အစည်းအဝေးလုပ်နေကြပါတယ်။

ဗြိတိန်မှာ ထိုးပေးမှာက Pfizer က ထုတ်တဲ့ဆေးဖြစ်ပီး တလုံးကို ဒေါ်လာ ၂၀ ခန့် ကျသင့်ပါတယ်။ Moderna က ဆေးကတော့ ၃၃ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပီး Oxfordနဲ့ ပူးပေါင်းပီး Astrazeneca က ထုတ်တဲ့ဆေးကတော့ ၄ ဒေါ်လာပဲ ကျသင့်မှာဖြစ်ပါတယ်။

ရုရှားက ထုတ်တဲ့ Sputnik V ဆေးကတော့ ၁၀ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။ Moderna နဲ့ Pfizer က ဆေးက ၉၅ % ကာကွယ်နိုင်ပီး ရုရှားထုတ် Sputnik V တော့ ၉၂ % နဲ့ Astrazeneca ကဆေးကတော့ ၆၉-၉၀ % ထိ ကာကွယ်နိုင်ပါတယ်။ အအေးလမ်းကြောင်းကော စျေးနှုန်းနဲ့ကော တွက်ဆမယ်ဆိုရင်တော့ Astrazeneca က ဆေးက အသင့်တော်ဆုံးပါ။ ထိုင်းကတော့ သူတို့ဆီက ဆေးတွေ မှာယူထားပါပြီ။

ကျနော်တို့ တိုင်းပြည်အပါအဝင် ကမ္ဘာပေါ်က နိုင်ငံအများစုကတော့ COVAX အစီအစဉ်ကိုပဲ အဓိက အားကိုးကြရမှာပါ။ နောက်နှစ်ကုန်ရင်တော့ မြန်မာ့ လူဦးရေရဲ့ ၂၀ % ထိ ထိုးနှံနိုင်ဖို့ကို အတော်ကြိုးစားရပါမယ်။ COVAX အတွက် အခု ဒီဆေးတွေကို ရရှိနိုင်ဖို့ ဆေး company တွေနဲ့ စျေးနှုန်းညှိနှိုင်းတာ အပါအဝင် ထုတ်လုပ်နိုင်စွမ်းတွေကိုပါ ဆွေးနွေးနေကြပါတယ်။

ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှု အများဆုံးနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယမှာတောင် သူတို့လူဦးရေအကုန် ထိုးနှံပေးဖို့ နှစ်နဲ့ချီ ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယဆေး Company တခုဖြစ်တဲ့ Bharat ဟာ တတိယအဆင့် စမ်းသပ်မှုတွေကို ယခုလမှာ စတင်မှာဖြစ်ပီး လူပေါင်း ၂၆၀၀၀ နဲ့ စမ်းသပ်မှာ ဖြစ်ပါတယ်။ အိန္ဒိယဟာ ကာကွယ်ဆေးကို မြန်မာနဲ့ မျှဝေထုတ်လုပ်ဖို့ ဆန္ဒရှိတာကြောင့် သူတို့အောင်မြင်ရင် မြန်မာနိုင်ငံရရှိဖို့ အလားအလာကောင်းပါတယ်။

အချုပ်အားဖြင့် မြန်မာနိုင်ငံဟာ WHO ရဲ့ COVAX အစီအစဉ်ကနေ ဆေးရရှိလာမယ့်အချိန်ကို စောင့်စားနေရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အစိုးရက တခြား နည်းလမ်းတွေကိုလဲ စဉ်းစားလုပ်ကိုင်နေပီး တခြားနိုင်ငံက ပြည်သူတွေနည်းတူ မြန်မာပြည်သူတွေလဲ နောက်ကျ မကျန်ခဲ့ပဲ အများနဲ့ တန်းတူ သင့်တော်တဲ့စျေးနှုန်းနဲ့ COVID ကာကွယ်ဆေးထိုးနိုင်ဖို့ ဖြစ်နိုင်သမျှနည်းလမ်းတွေကို အချိန်နဲ့ တပြေးညီ လုပ်ဆောင်နေပါတယ်လို့ အသိပေးလိုက်ရပါတယ်။ { လက်ရှိတော့ Mask တပ်၊ လက်ဆေး၊ ခွာခွာနေထိုင်ကြပါစို့။}

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page