ဗြိတိန်မှာ စတင်ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေး လူတိုင်းနဲ့ မတည့်ဟုဆို

ဗြိတိန်မှာ စတင်ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေး လူတိုင်းနဲ့ မတည့်ဟုဆို

ဗြိတိန်မှာ စတင်ထိုးနှံပေးနေတဲ့ Pfizer ကိုဗစ်ကာကွယ်ဆေးက (၉၅) ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိသလို ဘေးကင်းမှုလည်းရှိတယ်လို့ တွက်ဆခဲ့ပေမဲ့ ဒီဇင်ဘာ (၈) ရက်နေ့က ကာကွယ်ဆေးထိုးစထိုးတဲ့အခါမှာတော့ ကျန်းမာရေးဝန်ထမ်းနှစ်ဦးမှာ ဘေးထွက်ဆိုးကျိုးအဖြစ် ဓာတ်မတည့်တဲ့ ရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆေး စမ်းသပ်ကာလကတည်းက ပင်ကို ဆေးမတည့်၊ အစားအစာနဲ့ အနံ့မတည့်တဲ့ သူတွေအတွက် ပိုဆိုးတဲ့ ဘေးထွက်ဆိုးကျိုးတွေ့ထားတယ်လို့ ဆိုပါတယ်။

အခု ဗြိတိန်က ကျန်းမာရေးဝန်ထမ်းနှစ်ဦးဟာလည်း အရင်ကတည်းက Allergic ရှိခဲ့တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ဆိုးဆိုးရွားရွားခံစားခဲ့ရတာကြောင့် အင်္ဂလန်အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့က Allergic သမားတွေ ဒီကာကွယ်ဆေးထိုးရင် အန္တရာယ်ရှိတယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကျန်းမာရေးဝန်ထမ်း နှစ်ဦးစလုံးကတော့ ကုသမှုခံယူလို့ သက်သာသွားကြပြီဖြစ်ပေမယ့် ဒီ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးဟာ ဓာတ်မတည့်သူတွေ မသုံးရတဲ့ဆေးဖြစ်တယ်လို့ ပရော်ဖက်ဆာစတီဖင်ပိုဝစ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆေးကိုစမ်းသပ်ကတည်းက အရွယ်ရောက်ပြီးသူနဲ့ သက်ကြီးရွယ်အိုတွေအတွက်သာ စမ်းသပ်ခဲ့တာဖြစ်ပြီး (၁၆) နှစ်အောက် ပိုးကူးစက်သူတွေ အများစုဟာလည်း ကိုယ်ခံအားကောင်းပြီးသားဖြစ်တာကြောင့် ရောဂါလက္ခဏာတွေ မပြတဲ့အတွက် ဒီအရွယ်လူငယ်တွေ ကာကွယ်ဆေးထိုးနိုင်ဖို့က ထပ်ပြီး စနစ်တကျ စမ်းသပ်မှုတွေလုပ်ပြီးမှသာ ထောက်ခံချက်ပေးနိုင်လိမ့်မယ် ဆိုပါတယ်။

ကာကွယ်ဆေးအများစုဟာ ကိုယ်ဝန်ဆောင်တွေမထိုးဖို့ တားမြစ်ချက်ရှိတာကြောင့် အခု Pfizer-BioNTech ဆေးဟာလည်း ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ဝန်ယူဖို့ စီစဉ်နေတဲ့သူတွေထိုးရင် ဘေးထွက်ဆိုးကျိုးရှိပြီး မိခင်နဲ့ သန္ဓေသားလောင်းကို ထိခိုက်မှုရှိမရှိ အချိန်ယူပြီး စမ်းသပ်အဖြေရှာပြီးမှ အတိအကျသိနိုင်မယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့က ဒီဇင်ဘာ (၉) ရက်နေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

ဗြိတိန်မှာ ဒီဇင်ဘာလ (၈) ရက်နေ့ကစပြီး Pfizer ဆေးကို ကိုဗစ်ကာကွယ်ဆေး အဖြစ်လက်ခံပြီး ဆေးထိုးနှံပေးနေရာမှာ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်နိုင်ငံက ဆေးရုံပေါင်း (၅၀) ကျော်မှာ လူထောင်နဲ့ချီပြီး ပထမအဆင့် ကာကွယ်ဆေးကို ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page