တရုတ် ဒုံးပျံ ပစ်လွှတ်ထားတဲ့ နေရာအနီးကို အမေရိကန် ဖျက်သင်္ဘော ဖြတ်သန်းခုတ်မောင်း

စိန်ခေါ်ရင် စကြာဝဠာအထိ လိုက်မယ့် အမေရိကန်နဲ့ ငေးကြည့်နေရုံပဲ တတ်နိုင်တော့တဲ့ ပေါက်ဖော်််််ကြီး

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ပါရာဆဲကျွန်းများအနီး အမေရိကန်စစ်သင်္ဘောတစ်စီး ဖြတ်သန်းခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောကြားခဲ့ပြီး တရုတ်က ပိုင်ဆိုင်ကြောင်း ပြောကြားမှုကို စိန်ခေါ်ခဲ့သည်။ ဆောင်ရွက်နေဆဲ စစ်ရေးလေ့ကျင့်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်က ထိပ်ဖူးတပ်ဒုံးများ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် တစ်ရက်အကြာ သြဂုတ် ၂၇ တွင် အမေရိကန်စစ်သင်္ဘော ဖြတ်သန်းမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

တရုတ်၏နယ်မြေပိုင်ဆိုင်မှု အငြင်းပွားချက်များကို စိန်ခေါ်သည့်အနေနှင့် အမေရိကန်သည် ‘လွတ်လပ်စွာ ရေကြောင်းသွားလာမှု စစ်ဆင်ရေး’ ကို ပုံမှန်ဆောင်ရွက်လေ့ရှိသည်။ ဒုံးဖျက်သင်္ဘော USS Mustin သည် ပါရာဆဲကျွန်းအနီးတစ်ဝိုက်တွင် ခုတ်မောင်းခဲ့ကြောင်း အမေရိကန်ရေတပ်၏ ပစိဖိတ်ရေယာဉ်အစုက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သင်္ဘောသည် ပါရာဆဲကျွန်းများအနီး တရုတ်ပိုင်နက်နယ်မြေကို အခွင့်အာဏာမယူဘဲ ဝင်ရောက်ခဲ့ကြောင်း တရုတ်စစ်တပ်က သြဂုတ် ၂၈ တွင် စွပ်စွဲခဲ့သည်။ ယင်းသင်္ဘောကို တရုတ်တပ်ဖွဲ့များက ခြေရာခံခဲ့ပြီး ပြန်လည်ထွက်ခွာရန် သတိပေးခဲ့ကြောင်း စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် လီဟွာမင်က ပြောကြားခဲ့သည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုနှင့်ပတ်သက်ပြီး ရန်လိုစွာ ဆောင်ရွက်နေသည်။ ပိုင်နက်အငြင်းပွားနေရာများတွင် ကျွန်းတုများ တည်ဆောက်ခြင်း၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

နှစ်စဉ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဒေါ်လာ ထရီလျံနှင့်ချီ ဖြတ်သန်းရာဖြစ်သော တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်တို့က တရုတ်နှင့် အငြင်းပွားနေသည်။ ပေကျင်းက ရှီရှားဟုခေါ်သည့် ပါရာဆဲကျွန်းများအနီးတွင် မကြာသေးမီရက်များက တင်းမာမှုမြင့်တက်လာခဲ့ပြီး တရုတ်စစ်တပ်က ထိုကျွန်းများအနီး စစ်ရေးလေ့ကျင့်နေသည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို နှောင့်ယှက်ရန်အတွက် အမေရိကန်သည် မပျံသန်းရဇုန်၌ U-2 သူလျှိုလေယာဉ်ကို ဖြတ်ပျံခဲ့ကြောင်း ပေကျင်းက သြဂုတ် ၂၅ တွင် စွပ်စွဲခဲ့သည်။

ထိပ်ဖူးတပ်ဒုံးများ ပစ်လွှတ်မှုပါဝင်သည့် ယင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ဝေဖန်ခဲ့ပြီး ‘ဥပဒေနှင့်မညီသော ရေပိုင်နက် တောင်းဆိုမှုများအတွက် တရုတ်က အင်အားသုံးနေကြောင်း၊ ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေကြောင်း’ ပင်တဂွန်က စွပ်စွဲပြောကြားခဲ့သည်။

ပစိဖိတ်ကျွန်းနိုင်ငံများတွင် မဟာဗျူဟာ ကျသော ပါလာအူသို့ သုံးနာရီကြာ သွားရောက်ခဲ့သော အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက တရုတ်သည် ပစိဖိတ်ကို မတည်မငြိမ်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်ကို လက်တွဲဖြုတ်ကာ တရုတ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် ဆော်လ်မွန်ကျွန်းနှင့် ကီရီဘာတီတို့ကို ယမန်နှစ်က စည်းရုံးနိုင်ခဲ့ပြီး ပေကျင်းသည် မကြာသေးခင်က ပစိဖိတ်တွင် အောင်မြင်မှုများ ရရှိနေသည်။

ပါလာအူသည် ပစိဖိတ်တွင် ထိုင်ဝမ်၏ကျန်ရှိသော မဟာမိတ်လေးနိုင်ငံအနက် တစ်နိုင်ငံ ဖြစ်သည်။ ထိုင်ဝမ်သည် ကမ္ဘာတစ်ဝန်းတွင် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် မဟာမိတ် ၁၅ နိုင်ငံသာ ကျန်ရှိသည်။ ဖိလစ်ပိုင်အရှေ့ဘက် မိုင် ၉၃၀ တွင် ရှိသော ပါလာအူသည် လူဦးရေ ၂၂၀၀၀ ရှိပြီး သမ္မတ တော်မီရင်မင်ဂီဆာအူလက်ထက်တွင် ထိုင်ဝမ်၊ အမေရိကန်တို့နှင့် ဆက်ဆံရေး အခိုင်အမာ ထူထောင်ထားသည်။

တရုတ်က ပါလာအူကို ဖိအားပေးနေပြီး ၂၀၁၈ ခုနှစ်က တရုတ်ခရီးသွားများ ပါလာအူသို့ မသွားကြရန် တားမြစ်ပိတ်ပင်ခဲ့သည်။ ပါလာအူသည် လွတ်လပ်သောနိုင်ငံ ဖြစ်သော်လည်း ကိုယ်ပိုင်စစ်တပ်မရှိဘဲ ၎င်း၏ကာကွယ်ရေးကို အမေရိကန်က တာဝန်ယူရန် သဘောတူညီချက် ရယူထားသည်။ ယင်းသဘောတူညီချက်အရ အမေရိကန်သည် ပါလာအူကျွန်းများကို အသုံးပြုခွင့်ရရှိထားသည်။ သို့သော်လည်း အမေရိကန်သည် လောလောဆယ်တွင် ပါလာအူ၌ တပ်စွဲထားခြင်း မရှိပေ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page