တရုတ်နဲ့ စစ်ထိုးနေရသော်လည်း လှုပ်ရှားမှုရှိနေတဲ့ ရုရှားကိုလည်း မျက်ခြေမပြတ်တဲ့ အမေရိကန်

အလာစကာကမ်းလွန်တွင် ရုရှားစစ်လေယာဉ်များကို အမေရိကန် F-22 တိုက်လေယာဉ်များက ကြားဖြတ်ဟန့်တား…

အလာစကာကမ်းလွန် နိုင်ငံတကာလေပိုင်နက်မှာ ရုရှကင်းလှည့်လေယာဉ်တွေကို အမေရိကန်ရဲ့ F-22 တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တား မောင်းထုတ်ခဲ့တယ်လို့ မြောက်အမေရိကလေကြောင်းကာကွယ်ရေးဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ် ၂၇ နှောင်းပိုင်းက အလာစကာလေကာတပ် စိစစ်မှုဇုန်ထဲ ဝင်ရောက်လာတဲ့ ရုရှား Tu-142 ရေကြောင်းကင်းလှည့်လေယာဉ်နှစ်စီးစီပါတဲ့ အုပ်စုသုံးခုကို KC-135 လေကြောင်းဆီဖြည့်လေယာဉ်တွေ အထောက်အကူနဲ့ အမေရိကန်ရဲ့ F-22 တွေက ကြားဖြတ်ဟန့်တားခဲ့တာလို့ ထုတ်ပြန်ခဲ့တာပါ။

ရုရှားလေယာဉ်ဟာ အလာစကာကမ်းခြေက ရေမိုင် ၅၀ အကွာထိ ဝင်ရောက်လာပေမယ့် နိုင်ငံတကာလေပိုင်နက်ထဲမှာပဲ ရှိနေခဲ့တယ်လို့လည်း ဆိုပါတယ် (စိစစ်မှုဇုန်က နိုင်ငံတကာပိုင်နက်ထဲလည်း ပါဝင်ပါတယ်)။

သြဂုတ် ၂၇ ရက်မှာပဲ အာလာစကာကမ်းလွန် နိုင်ငံတကာရေပိုင်နက်မှာ ရုရှားရေငုပ်သင်္ဘောတစ်စီး ရေပြင်ပေါ် တက်လာလို့ အမေရိကန်က စောင့်ကြည့်ခဲ့ရပါသေးတယ်။ ရေငုပ်သင်္ဘောကိစ္စက ပုံမှန်မဟုတ်ဘူးလို့ အမေရိကန်ဘက်က ယူဆပါတယ်။

ဆီးရီးယားမှာလည်း ရုရှားစစ်ကားတွေ ဝင်တိုက်လို့ အမေရိကန်သံချပ်ကားတစ်စီးထဲက တပ်ဖွဲ့ဝင်တချို့ ထိခိုက်ခဲ့ပါသေးတယ်။

ဒီနှစ်အတွင်း ရုရှားစစ်လေယာဉ်တွေကြောင့် အမေရိကန်တိုက်လေယာဉ်တွေလွှတ်ပြီး ကြားဖြတ်ခဲ့ရတာ အကြိမ်တစ်ဒါဇင်ရှိသွားပြီမို့ အရင်နှစ်တွေက ဖြစ်စဉ်တွေထက် ပိုများနေပြီလို့ မြောက်အမေရိကလေကြောင်းကာကွယ်ရေးဌာနချုပ် တပ်မှူး ဗိုလ်ချုပ်ကြီး ဂလန်းဗန်ဟာ့ခ်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်ကလည်း အင်အားပြတဲ့အနေနဲ့ သြဂုတ် ၂၈ ရက်က B-52 ဗုံးကြဲလေယာဉ်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးပေါ်ကနေ လှည့်လည်ပျံသန်းခဲ့တယ်လို့ သိရကြောင်းပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page