မြန်မာပြည်မှာ ဒီနေ့ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆရာကြီးဒေါက်တာ တင့်ဆွေလတ် ပြောပြီ

ဆေး ပညာရှင်များ အမြဲ သတိပြုလိုက်နာရတဲ့ ဆေးပညာ ကျင့်ဝတ် လေးချက် ရှိပါတယ်။ ၁။ Non- malefecence ၂။ Benefecence ၃။ Justice ၄။ Autonomy

ဆရာဝန် ရဲ့ ကုထုံးဟာ လူနာအတွက် ဘေး မဖြစ်စေရပါဘူး။ လူနာ အတွက် အကျိုးရှိရာရှိကြောင်း ပဲဖြစ်သင့်တယ်။ ဆင်းရဲ ချမ်းသာမရွေး၊ ရသင့်တဲ့ ကုထုံး အားလုံးရသင့်တယ်။ လူနာအတွက် ဆုံးဖြတ်ချက်တွေ ချတဲ့အခါ လူနာကိုယ်တိုင် ပါဝင် သင့် တယ်။ လူနာရဲ့ ဆန္ဒကိုလည်း အလေးပေး ထည့်သွင်း စဉ်းစားသင့်တယ်။ ဒါက ဆေးပညာ ကျင့်ဝတ်ကို ပေါ့ပေါ့ပါးပါးလေး ၊ နားလည်လွယ်အောင် ဆွေးနွေးတာပါ။ အဓိကက ဆရာဝန်တစ်ဦး အနေနဲ့ လူအများ ဘေးအန္တရာယ် ဖြစ်မှာတွေ မပေးရဘူး၊ အကြံ မပေးရဘူး ဆိုတာ ပါ ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိုဗစ်နဲ့ ပတ်သက်လို့ ကိုယ်ခံအား မြင့်တင်ပေးလို့ ရောဂါမရအောင် ကာကွယ်ရေးမှာ အထောက်အကူ ဖြစ်နိုင်တဲ့ ဆေးတွေ အကြောင်း ရေးခဲ့တယ်။ အမှန်တော့ ကျွန်တော် မရေးလည်း ၊ လူထုထဲမှာ တဆင့်စကား တဆင့် ကြားနဲ့ သောက်နေကြတာပါပဲ။ အဓိက စေတနာ ကတော့ သောက်နေကြတဲ့ အတူတူတော့ ၊ မှန်ကန်လေး သောက်စေကြစေချင်တယ်။ အန္တရာယ် မဖြစ်မှာတွေပဲ သောက်စေချင်ကြတယ်။ ခိုင်လုံတဲ့ အထောက်အထား၊ နဲ့ ပညာရှင်တွေကိုပဲ မှီငြမ်း ကိုး ကား ပါတယ်။ ယုံရင် သောက်ပေါ့၊ မယုံရင်လဲ မသောက်ပါနဲ့။

အမေရိကန်နိင်ငံ ရဲ့ Institute of Medicine ရဲ့ ၂၁ ရာစုမှာ ရှိသင့်တဲ့ ကျန်းမာရေးအတွက် အကြံပြုထားတဲ့ စာတမ်းမှာ လူနာဗဟိုပြုတဲ့နည်းလမ်းနဲ့ ကုသမှု စနစ်ကို ပြောင်းလဲသင့်တယ်လို့ ဆိုပါတယ်။ လူနာများကို ကုသမှု ပေးရာမှာ စံနှုန်းမီတဲ့ ကုသမှုတွေ ပေးရာမှာ ၊ လူနာရဲ့ဆန္ဒ၊ လိုအပ်ချက်၊ တန်ဖိုးတွေကိုလည်း ထည့်စဉ်းစားဖို့ ပြောထားပါတယ်။

အမေရိကန် သမ္မတကြီး နေမကောင်းတော့ ဘာဆေးတွေ ပေးလဲ။ ရမ်ဒစ်စီဗွား ဆေးထိုးပေးကြတယ်။ ဗိုင်ရပ်ပိုးကို သတ်တဲ့ဆေးပေါ့။ တရုတ်ပြည်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ ထိရောက်တဲ့ အာနိသင် မရှိဘူးလို့ ဆိုခဲ့တယ်။ အမေရိကန်မှာ လုပ်ခဲ့တဲ့သု တေသနကတော့ နည်းနည်းတော့ အကျိုးရှိတယ် ပြောကြတယ်။ ဒါပေမယ့် အဲဒီဆေးက အမေရိကန် FDA အစားအစာ နဲ့ ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့က အရေးပေါ်ကာလသုံးစွဲခွင့် Emergency Use Authorization (EUA) နဲ့ ခွင့်ပြုထားတဲ့ဆေး သာလျင် ဖြစ်ပါတယ်။ နောက် ဆေးတစ်ခုက ရီဂျီနွန် ဆိုတဲ့ ပဋိပစ္စည်းဆေးပေါင်းကို ပေးကြတယ် ။ သိရသလောက် တော့ Phase 3 trial တောင် လုပ်မထားသေးဘူး။

ဒီ့အပြင် ဗီတာမင်း D3, ဇင့်, မယ်လတိုနင်, ဖာမိုတီဒိုင်း ဆေးတွေ ပေးထားတယ်။ အရေးကြုံ လာတော့လည်း၊ ပေးစရာ ဆေးမရှိတော့လည်း သီအိုရီနဲ့ သိထားတဲ့ scientific knowledge ကို အခြေခံ ပြီးတော့ ရှိတဲ့ ဆေးထဲက ကောင်းနိုးရာရာတွေ စဉ်းစားပြီး ပေးရတာပါပဲ။ စာရေးသူ တင်ပြခဲ့တဲ့ EVMS တက္ကသိုလ်ရဲ့ စာတမ်းမှာ ပါတဲ့ဆေးတွေကလည်း အဲဒီဆေးတွေပါပဲ။ အဲဒီ ဆေးတွေကို ကျွန် တော် ကိုယ်တိုင် သောက်ပါတယ်။ ကျွန်တော့ မိသားစုတွေကိုလည်း တိုက်ပါတယ်။ ဒီဆေးတွေ မသောက်ခင် ဆေးတွေ အကြောင်း အများကြီး လုပ်ပါတယ်။ စာတွေ အများကြီး ဖတ်ပါတယ်။ ပြီးမှ ဒီဆေးတွေ အကြောင်းရေးဖြစ်ခဲ့ပါတယ်။

WHO က ဗီတာမင် D3, ဗီတာမင် စီ, ဇင့် တွေ က ကိုဗစ်ကို မကာကွယ်နိုင်ဘူးလို့ ကြေငြာချက် ထုတ်ထားတယ်။ အပြစ် မပြောလိုပါဘူး။ သူတို့ အမြင် သူတို့ ပြောတာ ပဲ။ WHO မှ အလုပ်လုပ်ဖူး လို့ သူတို့ရဲ့ သဘောထားတွေ၊ လုပ်ထုံးလုပ်နည်း တွေကို အထိုက်အလျောက် နားလည်ပါတယ်။ သူတို့လည်း ရာနှုန်းပြည့် မှန်မနေပါဘူး။ အခု ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ရေးမှာ မှားခဲ့တာတွေ ရှိတာပဲ။ တခါတခါ မှာတော့ သူတို့ ပြောတာတွေလည််း ဂတိလေးပါး နဲ့ မကင်းတာတွေ ပါနိုင်တယ်။ သူတို့ လုပ်ထုံးလုပ်နည်းတွေမှာ ကန့်သတ်ချက် limitation တွေ ရှိပါတယ်။ အမေရိကန် သမ္မတထရမ့် ဆိုရင် WHO ရဲ့ လုပ်ထုံးလုပ်နည်းတွေ ကို ပြင်းပြင်းထန်ထန် ဝေဖန်ရုံ မကဖူး၊ WHO ကို အမေရိကန်က ထည့်ဝင်ရမယ့် ရန်ပုံငွေကိုလည်း ဆက်မထည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။

အခုတွေ့ နေ၊ ကြားနေရတာတွေ က၊ မြန်မာပြည်မှာ၊ အတ္တတွေ ၊ မာန၊ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ ၊ အာဃာတတွေ သိပ်များ နေကြတယ်။ မေတ္တာသုတ် မှာပါတဲ့ -လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေး ခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆိုတာတွေလဲ နည်းပါးနေကြသလား လို့ ပါ။

အခုလို ကာလမှာ၊ အချင်းချင်း ပိုပြီး နားလည်မှုတွေ ၊ စည်းလုံးမှုတွေ၊ ကူညီယိုင်းပင်းမှုတွေ မရှိသင့်ကြဘူးလား။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေတင်နေ ၊ အပြစ်တွေ ပြောနေကြမဲ့အစား၊ တိုင်တို်ပင်ပင်နဲ့ ဆွေးနွေးကြပြီး ၊ ဘယ်သူ့ကိုမှ အ ထင်သေး မနေကြပဲ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရမယ့် အချိန်မဟုတ်ပါလား။

နောက်ဆုံးတော့လည်း ၊ မဟာဂန္ဓာရုံ ဆရာတော်ကြီးပြောတဲ့ “စိတ်ကောင်းရှိဖို့ ပထမ” ဆို တာ သိပ်မှန်တာ ပဲ ။ စိတ်ကောင်းတွေ ရှိနိုင််ကြပါစေ။

မြန်မာ နိုင်ငံသူ ၊နိုင်ငံသားတွေ အားလုံး ဘေးအန္တရာယ်ကင်းကြပါစေ။ စိတ်ဆင်းရဲ ကင်းကြပါစေ။ ကိုယ် ဆင်းရဲကင်းကြပါစေ။ (ကျွန်တော့်အနေနဲ့ မြန်မာစာရိုက်ရတာ အတော်အားစိုက် ရပါတယ်။ အချိန်တွေအများကြီး ပေးရပါတယ်။ အမှားတွေ ပါနေရင် နားလည်ပေးကြပါ၊ ပြန်ပြင်ပါ့မယ်။ ကျေးဇူးတင်ပါတယ်။)

ဒေါက် တာ တင့် ဆွေ လတ်
၄/၁၀/၂၀၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page