နိုင်ငံရေး စတန့်ထွင်တဲ့ ထရမ့် လွန်ခဲ့တဲ့ အနှစ် (၂၀) ကထက်တောင် နေလို့ကောင်းနေဟုဆို
နိုင်ငံရေး စတန့်ထွင်တဲ့ ထရမ့် လွန်ခဲ့တဲ့ အနှစ် (၂၀) ကထက်တောင် နေလို့ကောင်းနေဟုဆို
၃ ရက်ကြာ ဆေးကုသမှုခံယူနေတဲ့ စစ်ဆေးရုံကနေ ဆင်းပြီး အိမ်ဖြူတော်မှာ ပြန်လည်ထူထောင်ရေး ဆက်လုပ်မယ်လို့ သမ္မတထရမ့်က ပြောပါတယ်။
“Walter Reed Medical Center ကနေ ဒီညနေ ၆ နာရီခွဲမှာ ဆင်းတော့မယ်၊ ကျနော် အတော် နေကောင်းနေပါပြီ၊ ကိုဗစ်ကို မကြောက်ကြပါနဲ့။ လွန်ခဲ့တဲ့ နှစ် ၂၀ ကထက်တောင် အခြေအနေပိုကောင်းသေးတယ်” လို့ ထရမ်းက တွစ်တာမှာရေးပါတယ်။
သူဟာ Marine One ရဟတ်ယာဉ်နဲ့ ဆေးရုံကနေ အိမ်ဖြူတော်ဆီ ပြန်ဘွယ်ရှိတယ်လို့ သတင်းထောက်တွေက ယူဆထားပါတယ်။
စစ်ဆေးရုံတက် ကိုဗစ်ရောဂါကုသမှု ခံယူနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အောက်တိုဘာ ၄ ရက်က ဆေးရုံအပြင်ဘက်ကို ကားတန်းနဲ့ထွက်ပြီး သူ့ကိုထောက်ခံသူတွေကို လက်ဝှေ့ရမ်းနှုတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် ဒါဟာ အန္တရာယ်များတဲ့ နိုင်ငံရေးစတန့်ထွင်မှုတစ်ရပ်အနေနဲ့ ဝေဖန်ခံနေရပါတယ်။
ဗွီဒီယိုပုံရိပ်တွေအရ Mask ဝတ်ထားသူနှစ်ဦး ရှေ့ခန်းမှာပါတဲ့ SUV ကားတစ်စီးရဲ့နောက်ခန်းမှာ ထရမ့်ဟာ အနက်ရောင် Mask ဝတ်ထားပြီး လိုက်ပါခဲ့ပါတယ်။ ကားတန်းဟာ ဆေးရုံအပြင်ဘက်က ထရမ့်ထောက်ခံသူတွေဘက်ကို မောင်းနှင်သွားပြီးတော့ Walter Reed စစ်ဆေးရုံထဲ ပြန်ဝင်သွားခဲ့ပါတယ်။
ကားနဲ့ထွက်မလာခင်လေးတင် တွစ်တာပေါ်တင်ခဲ့တဲ့ ဗွီဒီယိုထဲမှာ ထရမ့်က ဂုဏ်မြင့်တဲ့ မျိုးချစ်တချို့ကို နည်းနည်း အံ့သြသွားစေဖို့ လမ်းပေါ်ထွက်လာမယ်လို့ ပြောခဲ့ပါတယ်။ ဆေးရုံမှာ ကိုဗစ်အကြောင်း အတော်များများလေ့လာခဲ့တယ်၊ ဆေးရုံဆိုတာ တစ်ကယ့်ကျောင်းပဲ၊ စာအုပ်တွေ ဖတ်ခွင့်မပြုတဲ့ကျောင်း၊ စိတ်ဝင်စားဖို့တော့ ကောင်းတယ်လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။
ထရမ့်ရဲ့လုပ်ရပ်ဟာ နိုင်ငံရေးပြဇာတ်ပါပဲလို့ ဂျော့ချ်ဝါရှင်တန်တက္ကသိုလ် အရေးပေါ်ဆေးပညာ လက်ထောက်ပါမောက္ခ ဒေါက်တာ ဂျိမ်းဖိလစ်က ပြောပါတယ်။ မလိုအပ်ဘဲ ထရမ့်ကို ကားမောင်းပို့ခဲ့တဲ့ ကားထဲပါသူတိုင်း ၁၄ ရက် ကွာရင်တိုင်း ဝင်ရမယ်၊ သူတို့ဖျားနိုင်တယ် သေချင်လည်းသေနိုင်တယ်လို့ ဆိုပါတယ်။
ကျင့်ဝတ်ဆိုင်ရာ၊ ဆေးရုံဆေးခန်းဆိုင်ရာ၊ ကူးစက်ရောဂါဆိုင်ရာနဲ့ ကျန်းမာရေးသက်ရောက်မှုတွေအပြင် သူကအရာရာကို ထိန်းချုပ်ထားဆဲဆိုတာ ပြသတဲ့ ဒီလို ကားနဲ့ထွက်ပြမှုက ပုံမှန်မဟုတ်တဲ့ အဓိပ္ပါယ်ကို ဖန်တီးရာရောက်ပြီး အလွန်ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ကို သာမန်ပါလို့ ဆိုလိုရာလည်းရောက်တယ်လို့ ရောဂါဘယဆိုင်ရာအထူးကျွမ်းကျင်သူ ဒေါက်တာ ဆိုင်ယာမာဟဒက်ကလည်း ပြောပါတယ်။
ထရမ့်ကို ကိုဗစ်ရောဂါကူးစက်နေတာ တွေ့ခဲ့ရပြီး ၂၄ နာရီအတွင်း ဝါရှင်တန်နားက စစ်ဆေးရုံကို ပို့ခဲ့တာပါ။ အသက် ၇၄ နှစ်အရွယ် ထရမ့်ကိုကုပေးနေတဲ့ ဆရာဝန်တွေက ထရမ့်ကို အောက်ဆီဂျင်ပေးခဲ့ရကြောင်း၊ steroid dexamethasone အပါအဝင် ရောဂါပြင်းထန်သူတွေကို ပေးလေ့ရှိတဲ့ စမ်းသပ်အဆင့် ကုသမှုတွေ ပေးထားကြောင်း ပြောဆိုခဲ့ပါတယ်။
ထရမ့်ဟာ သူ့မှာ ရောဂါလက္ခဏာမတွေ့ခင်ကလည်း ကိုဗစ်ကပ်ရောဂါအခြေအနေကို လျှော့ပေါ့ပြောခဲ့သူဖြစ်ပြီး ရံဖန်ရံခါမှသာ နှာခေါင်းစည်း တပ်ဆင်လေ့ရှိပါတယ်။ အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၁၀၀၀၀ နီးပါး ရှိနေပြီး ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်ပါတယ်။
ထရမ့်အခြေအနေက ဆက်ပြီး တိုးတက်လာတယ်၊ ဆေးရုံအမြန်ပြန်ဆင်းနိုင်တယ်လို့ ထရမ့်ရဲ့ဆရာဝန်တွေက အောက်တိုဘာ ၄ ရက်မှာပြောပါတယ်။
လွန်ခဲ့တဲ့အပတ်က ထရမ့်ရဲ့အနီးကပ်အကြံပေးတစ်ဦးဖြစ်တဲ့ မစ္စဟုပ်ဟစ်ခ်စ်မှာ ကိုဗစ်ရောဂါတွေ့တဲ့နောက် ထရမ့်နဲ့ဇနီး တို့မှာလည်း ကိုဗစ်ရောဂါရှိနေတာ တွေ့ခဲ့ကြတာပါ။ ထရမ့်ရဲ့ မဲဆွယ်မန်နေဂျာ ဘီလ်စတီဖန်၊ အိမ်ဖြူတော်အကြံပေးဟောင်း ကယ်လီအန်နီကွန်းဝေးနဲ့ နယူးဂျာစီအုပ်ချုပ်ရေးမှူး ခရစ္စ ခရစ်စတီ အပါအဝင် ထရမ့်နဲ့နီးစပ်တဲ့ မဟာမိတ်တွေလည်း ကိုဗစ်ရောဂါ ကူးစက်နေပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ကတော့ တစ်လတောင် မလိုတော့ပါဘူး။