အပူပိုင်းမုန်တိုင်းကြောင့် လေပြင်းတိုက်ပြီး မိုးကြီးမည်ဟု မိုးဇလ ထပ်မံ သတိပေး
အပူပိုင်းမုန်တိုင်းကြောင့် လေပြင်းတိုက်ပြီး မိုးကြီးမည်ဟု မိုးဇလ ထပ်မံ သတိပေး
အပူပိုင်းမုန်တိုင်း နိုလ်(NOUL)ကြောင့် မိုးသည်းထန်တာနဲ့ အတူလေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာနက ဒီနေ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ထပ်သတိပေးလိုက်ပါတယ်။
ဒါကြောင့် ကုန်းမြင့်ဒေသမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုကျမှုအန္တရာယ်နဲ့ မြစ်ချောင်းနားမှာနေထိုင်ကြသူတွေ အနေနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။ အပူပိုင်းမုန်တိုင်း နိုလ်ဟာ စက်တင်ဘာ (၁၉) ရက်နေ့ မနက်ပိုင်းမှာ လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းကို ရောက်ရှိလာမယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။
စက်တင်ဘာလ(၁၆)ရက်နေ့ကလည်း အပူပိုင်းမုန်တိုင်းကြောင့် မိုးကြီးနိုင်တဲ့အတွက် ဆည်တွေမထိခိုက်အောင် အလေးထားဖို့ ညွှန်ကြားထားပါသေးတယ်။
မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံပြားမိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက်မိုးကြီးနိုင်တယ်လို့လည်း စက်တင်ဘာ(၁၇) ရက်နေ့က ထုတ်ပြန်ထားပါတယ်။