နျူးကလီးယားစွမ်းအင်နဲ့ နှစ်ပေါင်းများစွာ လောင်စာဖြည့်စရာ မလိုတဲ့ တိုက်ချင်းပစ်ဒုံးပျံကို ရုရှားတီထွင်

ရုရှားဟာ နယူးကလီးယားစွမ်းအင်နဲ့ နှစ်ပေါင်းများစွာ မရပ်မနားပျံသန်းနိုင်တဲ့ ခရုဒုံးကျည်ကိုတီထွင်နေပါတယ်။

နှစ်ပေါင်းများစွာပျံသန်းနေနိုင်ပြီး ပစ်ချင်တဲ့အချိန်မှ ပစ်မှတ်ကိုပေးပြီး ပစ်လိုက်ရုံပါပဲ။ နယူကလီးယားထိပ်ဖူးပါတပ်ထားတဲ့အတွက် တကယ့်ကို ကမ္ဘာဖျက်လက်နက်ပါပဲ။

စလွှတ်လိုက်တာနဲ့စွမ်းအင်ဖြည့်တင်းစရာမလိုပဲ ကျနော်တို့ဟာခေါင်းပေါ်ကနေ အခြိမ်းခြောက်ခံနေရတော့မှာပါ။ အရင်က နယူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည်တွေဟာ စပစ်တာနဲ့ အသိပေးရမယ်လို့ သဘောတူညီချက်မျိုးရှိပါတယ်။ အဲ့ဒီတိုက်ချင်းပစ်ဒုံးကျည်တွေတောင်မှ အလွန်အန္တရာယ်များလှတာ ဒီတစ်ခါနှစ်ပေါင်းများစွာ ကျနော်တို့ခေါင်းပေါ်ကနေနယူကလီးယားဗုံးတစ်လုံး ပျံသန်းနေမှာကို ဘယ်လိုမှလက်ခံလို့မရပါဘူး။

ဒီဒုံးကျည်ကို ဘူရီဗတ်နစ်လို့ခေါ်ပြီး နေတိုးအဖွဲ့က စကိုင်းဖောလ် လို့အမည်ပေးထားပါတယ်။ ဒီဒုံးကျည်ဟာ ရုရှားသမ္မတပူတင်ရဲ့ ၂၀၁၈ ခုနှစ် မတ်လကစပြီး ဖွင့်ဟလာတဲ့ ရုရှားရဲ့မဟာဗျူဟာလက်နက် အသစ် ၆ ခုမှာ တစ်ခုပါပါတယ်။ အဲ့ဒီဒုံးကျည်ရဲ့ နယူကလီယားစွမ်းအင်ယူနစ်ကို ၂၀၁၉ ဇန်နဝါရီလမှာ စမ်းသပ်အောင်မြင်တယ်လို့ဆိုပါတယ်။

မနှစ်ကဩဂတ်စ်လမှာ အဲ့ဒီဒုံးကျည်စမ်းသပ်တီထွင်နေတဲ့ ညိုနိုစကာ စစ်စခန်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီဒုံးကျည်လုပ်နေရင်းကနေ ပေါက်ကွဲမှုဖြစ်တယ်လို့ ယူဆရပြီး ရေဒီယိုသတ္တိကြွမှုဖြစ်ခဲ့ပါတယ်။ လူ ၇ ယောက် အဲ့ဒီပေါက်ကွဲမှုကနေ သေဆုံးခဲ့ပါတယ်။

ပြဿနာက ပူတင်ရဲ့ဆင်ကြံကြံမှုဟာ တကမ္ဘာလုံးကိုခြိမ်းခြောက်နေပါပြီ။ ပူတင်သာမဟုတ် ထရမ့်လည်းဒီလို ကမ္ဘာဖျက်လက်နက်မျိုးကြံစည်ခဲ့ရင် အလွန်ကိုစက်ဆုပ်ဖို့ကောင်းပါတယ်။ ရုရှားဟာ သိပ္ပံစည်းဘောင်နဲ့ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်တွေကို တွန်းဖြိုနေပြီလို့ ဒုတိယဗိုလ်ချုပ်ကြီး ဂျင် ကဆိုလိုက်ပါတယ်။

သိပ္ပံသုသေသနနဲ့စမ်းသပ်တည်ထွင်မှုတွေဟာ စည်းဘောင်ကိုကျော်လွန်လာပြီး လူသားတွေကိုအဆိုးဝါးဆုံးခြိမ်းခြောက်မှုတွေကို ပေးနေပါပြီ။ အခုလို ကျနော်တို့ခေါင်းပေါ်မှာ နယူကလီယားဒုံးကျည်တွေ အကန့်အသတ်မဲ့ပျံနေပြီး ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာကို ပစ်လိုက်နိုင်တော့မယ့်အန္တရာယ်ဟာ မသေးပါ။

ကျနော်တို့ဘယ်လိုမှမလုံခြုံနိုင်တော့ပါ။ ခေါင်းပေါ်မှာ နယူကလီးယားဒုံးကျည်တွေအသင့်ပျံဝဲနေမယ့် အရေးပါ။ မတော်တဆအဲ့ဒီ နယူကလီးယားဒုံးကျည်ပျက်ကျလာရင်တောင် နယူးကလီးယားပေါက်ကွဲမှုဖြစ်မှာပါ။ ဆက်ပြီးရေဒီယိုသတ္တိကြွမှုတွေ…. မတွေးရဲပါ။ လူသားမျိုးနွယ်အတွက် လူလုပ်လက်နက်နဲ့အကြီးမားဆုံးခြိမ်းခြောက်မှုအန္တရာယ်ကို ရင်ဆိုင်နေရပါပြီ။

သင်ဘယ်လောက်ပဲချမ်းသာချမ်းသာ ဘယ်လောက်ပဲတစ်သက်လုံးကုန်းရှာထားရှာထား၊ ဘယ်လောက်ပဲငြိမ်းချမ်းတဲ့ဘဝကို သားစဉ်မြေးဆက်အတွက်တည်ဆောက်ထားတည်ဆောက်ထား ပူတင့်လိုလူမျိုးရဲ့ ခလုတ်ကလေးတစ်ချက်ဖိလိုက်တဲ့ လက်ညိုးလေးအောက်မှာ စက္ကန့်ပိုင်းအတွင်း ရှိသမျှအကုန်ပျောက်သွားနိုင်ပါတယ်။

အခုအချိန် ကိုဗစ်တောင် လူသားတွေ ပျောက်သွားမှာ ကြောက်နေရချိန်ပါ။ ဓာတုလက်နက်တွေ၊ ဇီဝလက်နက်တွေ အဖျက်အင်အားကြီးသထက်ကြီးအောင် တီထွင်ဖန်တီးနေမှုအားလုံးရပ်တန့်ဖို့အချိန်တန်ပါပြီ။

ဆရာအောင်သင်းပြောသလို ဒုံးကနဲခလုတ်လေးတစ်ချက်နှိပ်လိုက်ရင် ဆွမ်းသွတ်စရာဘုန်းကြီးတောင်မရှိတော့အောင် သာသနာကွယ်သွားနိုင်ပါတယ်။ အင်အားကြီးတဲ့နိုင်ငံတွေဟာ လူသားမျိုးနွယ်မျိုးတုံးသွားလောက်အောင် အင်မတန်အင်အားကြီးလာနေတဲ့အချိန်မှာ အင်အားငယ်နိုင်ငံလေးထဲမှာ တစ်ယောက်နဲ့တစ်ယောက် အမွေလုရင်းသတ်လို့ကောင်းတုန်းဖြစ်နေကြဆဲပါ။

ရာဇဓိရာဇ်အရေးတော်ပုံကျမ်းထဲက အင်းဝဘုရင်မင်းခေါင်နဲ့ မွန်သူရဲကောင်းသမိန်အဝနိုင်တို့ တွေ့ဆုံပွဲကို သတိရမိပါတယ်။ ဘုရင်မင်းခေါင်က သန်လျင်မြို့စားသမိန်အဝနိုင်ဂုဏ်သတင်းကြီးလွန်းလို့ သန်လျင်နားမှာ စခန်းချနေချိန်မှာတွေ့ဖို့ချိန်းပါတယ်။ တွေ့တဲ့နေရာက မြန်မာဘက်ဘုရင်မင်းခေါင်ရဲ့ လှေတော်ပေါ်မှာပါ။

ပြင်သစ်သင်္ဘောတစ်စင်းက အရေးကြုံရင်မွန်ဘက်ကကူရအောင် စောင့်ကာ ဘုရင်မင်းခေါင်ရဲ့ လှေကိုအမြောက်နဲ့ချိန်ထားပါတယ်။ သမိန်အဝနိုင်နဲ့ ဘုရင်မင်းခေါင်တို့တွေ့အပြီးအပြန်မှာ မင်းရဲကျော်စွာရဲ့ကျွန်စေတသူကြီးက လှံနဲ့လှမ်းပစ်ပါတယ်။ သမိန်အဝနိုင်ကိုမထိပဲဆင်ကိုထိပြီး မွန်နဲ့မြန်မာတပ်တွေချစ်ကြည်ရေးတွေ့ဆုံပွဲကနေ ထချကြပါတော့တယ်။

ပြင်သစ်သင်္ဘောကအမြောက်နဲ့ထုထည့်လိုက်တာ အင်းဝဘုရင်မင်းခေါင်ရဲ့လှေတော် အလံတိုင်ကိုမှန်ပြီး အလံတိုင်လဲကျသွားပါတယ်။ ဘုရင်မင်းခေါင်ခမျာမှာ အခုလိုလက်နက်ဆန်းဟာ သူ့လှေကတိုင်ကိုတောင် ချိုးပစ်နိုင်လို့ မျက်ရည်တော်ကျပါတယ်။

သူရဲကောင်းပီပီတစ်ယောက်ချင်းချလာတာ အပျက်အစီးနည်းလှတယ်တဲ့။ အခု ကန်နွန် ဆိုတဲ့ လက်နက်ဆန်းဟာ ဖျက်ဆီးအားကြီးလှတယ်။ လူကိုထိသော်ခံနိုင်မည်မဟုတ်။ သူရဲကောင်းအချင်းချင်း လက်စွမ်းပြမှုမရှိတော့ပြီဆိုပြီး မျက်ရည်မဆည်နိုင်အောင်ဖြစ်ရပါသတဲ့။

အခု ပူတင်ကြံစည်နေတဲ့ လက်နက်ဟာ အိမ်သာတက်နေရင်တောင် ခေါင်းပေါ်ကအချိန်ခံထားရတာများသိရင် ဘုရင်မင်းခေါင်တစ်ယောက် တခါတည်း တက်ပြီးနတ်ရွာစံသွားမလားမသိပါ။ ဘာပဲပြောပြော သိပ္ပံပညာတိုးတက်တာမှာ ကျနော်မကြိုက်တဲ့ကိစ္စတွေအများကြီးရှိပါတယ်။

ပူတင်ထွင်ပြီးရင် တရုတ်ရော အမေရိကန်ရောလိုက်ထွင်ပြီး မပြီးနိုင်မစီးနိုင် ကမ္ဘာကြီးကို ချိန်ကိုက်ဗုံးတွေတပ်ဆင်ကြပါတော့မယ်။ လူသားတို့ဟာ အလှဆုံးကမ္ဘာကြီးကို အတ္တနဲ့ ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေတာ ရပ်တန့်ဖို့သင့်ဖြစ်ပါကြောင်း။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page