ရက်ပိုင်းလောက် နေရတာတောင် မအောင့်နိုင်ကြတဲ့ ရွှေမြန်မာတွေ (ကိုဗစ်လူနာကို ပို့တဲ့ ပစ္စည်းတွေတဲ့)

ရက်ပိုင်းလောက် နေရတာတောင် မအောင့်နိုင်ကြတဲ့ ရွှေမြန်မာတွေ (ကိုဗစ်လူနာကို ပို့တဲ့ ပစ္စည်းတွေတဲ့)

အားလုံးလဲ သိကြတဲ့အတိုင်း ရန်ကုန်တိုင်းအပါအဝင် တပြည်လုံးက Center တွေမှာ COVID လူနာတွေကို ပြုစုကုသပေးနေပါတယ်။ ICU တွေ HDU တွေ အပါအဝင် လူနာအခန်းတွေ အားလုံး အကုန်ကောင်းမွန်အောင် ဆောင်ရွက်ပေးထားတယ်။ အောက်ဆီဂျင် အလွယ်တကူရှူလို့ရအောင် လုပ်ပေးထားတယ်။ ခေါင်းရင်းမှာ ပိုက်လိုင်းတွေရှိတယ်။ ကုတင်၊ အိပ်ယာက အစ အစားအသောက်အလယ် အမှိုက်ရှင်းတာအဆုံး ပရဟိတအဖွဲ့တွေက တာဝန်ယူလုပ်ပေးနေတယ်။ ဒီလောက်ကောင်းအောင် လုပ်ပေးနေတာတောင် လူလို နားမလည်တဲ့လူတွေ တွေ့လာနေရတယ်။

Center တွေထဲကို မုန့်ပုံးတွေ၊ အအေးဗူးတွေ၊ ပေါင်မုန့်တွေ အပါအဝင် ပေးပို့ကြတဲ့အထဲမှာ ကွမ်းယာတွေ၊ ဆေးလိပ်တွေ ညှပ်ထည့်ပေးနေတာကို တွေ့ရတယ်။ ကွမ်းယာဟာ သိပ်အရေးကြီးပါတယ်။ စားမယ်။ တံတွေးတပျစ်ပျစ်နဲ့ လျှောက်ထွေးကြမယ်။ မတော်တဆ ထိကိုင်မိသူတွေ ကူးစက်ကုန်မယ်။ ဆေးရုံတွေလဲ အနံ့တွေ နံမယ်။ ကွမ်းသွေးတွေနဲ့ အကုန်ပျက်စီး ကုန်ပါမယ်။ ကိုယ်က Positive လူနာဆိုတာကို နားလည်ပီး စည်းကမ်းရှိပေးကြဖို့ လိုပါတယ်။

ဆေးလိပ်ကိစ္စက ပိုဆိုးပါတယ်။ ခေါင်းရင်းမှာ ထားထားတဲ့ အောက်ဆီဂျင်ပိုက်လိုင်းတွေ၊ အောက်ဆီဂျင် အိုးတွေနားမှာ ဆေးလိပ်သောက်လို့ မီးကူးပီး ပေါက်ကွဲကုန်ရင် လူနာတွေကော၊ ဆရာဝန်တွေကော အကုန်ဒုက္ခရောက်ကြရမယ်။ မပြေးနိုင်တဲ့သူတွေဆို သေကုန်မယ်။ အခက်အခဲတွေကြားက ငွေကုန်ကြေးကျခံပီး မနည်းတည်ဆောက်ထားရတာတွေပါ။ ဒါတွေ မီးလောင်ကုန်ရင် ထပ်တည်ဆောက်ပေးဖို့ မလွယ်ပါဘူး။ ဒီ ၁၁ ရက်လောက် ကွမ်းမစား၊ ဆေးလိပ်မသောက်လို့ သေမသွားပါဘူး။ COVID ဖြစ်နေတုန်း၊ ဆေးရုံတက်နေတုန်းတော့ မသောက်ကြပါနဲ့။ အပြင်ကလူတွေကလဲ လူလို နားလည်ရင် အဲဒါတွေ ထည့်မပေးသင့်ဘူးဆိုတာ သိတတ်သင့်ပါတယ်။

ပညာနည်းတာထက် စဉ်းစားဆင်ခြင်တုံတရား မရှိတာ အလွန်ခက်ပါတယ်။ ပြည်သူအများစုက အစိုးရကောင်းတရပ်အောက်မှာ စည်းကမ်းတကျ နေတတ်လာပေမယ့် တချို့တွေကတော့ အရင်လို စစ်ဖိနပ်နဲ့ နင်းထားတဲ့လူတွေနဲ့မှ ထိုက်တန်ပါတယ်။ နောက်ဆိုရင် ဒါမျိုးဆိုရင် အပြင်ကပေးပို့တဲ့သူကော အထဲက လက်ခံတဲ့သူကိုပါ အရေးယူဖို့ထိ စီစဉ်ဆောင်ရွက်သင့်ပါတယ်။ ကြားထဲက ပစ္စည်းတွေကို ထိုင်စစ်နေရလို့ ပရဟိတအဖွဲ့တွေလဲ အချိန်တွေ အလဟသ ပိုကုန်နေရပါတယ်။ ဒါကြောင့် လူဆိုရင် လူလို သိတတ်ကြပါလို့ ပြောလိုက်ပါရစေ။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page