မေတ္တာတရားကြီးမားတဲ့ ဆိုက်ကားဆရာတဦးအကြောင်း (ဖတ်ပြီး မျက်ရည်ဝဲမိတဲ့ ဝတ္ထုတို တပုဒ်)

မေတ္တာတရားကြီးမားတဲ့ ဆိုက်ကားဆရာတဦးအကြောင်း (ဖတ်ပြီး မျက်ရည်ဝဲမိတဲ့ ဝတ္ထုတို တပုဒ်)

ရေးသားသူ – အောင်ကျော်မြင့်

“ဟဲ့ ထွန်းမင်းအောင်..ဒီကိုလာဦး” ဒေါသသံဖြင့် အော်ခေါ်လိုက်သော အဒေါ် ဖြစ်သူကြောင့် ဖတ်လက်စစာအုပ်ကို ချထား လိုက်ပြီး သွားလိုက်သည်။ “ဟုတ်..ဒေါ်လေး..သားကို ဘာခိုင်းမလို့ လဲ” “ခိုင်းမလို့မဟုတ်ဘူး မေးစရာရှိလို့” “ဟုတ်ကဲ့” အဒေါ်ဖြစ်သူ၏ အသံထဲတွင် ဒေါသအရိပ် အယောင်ပါနေသည်မို့ သူစိုးရိမ်မိတာတော့ အမှန်ပင်။ “နင့်ကို လမ်းထိပ်က ဆိုက်ကားသမားကြီး က မုန့်ဖိုးတွေခဏခဏပေးတယ်ဆို” “ဟို..ဟို..” “ဘာမှ ဟိုတွေဟင်တွေလုပ်မနေနဲ့ နင်မို့ လို့အရှက်မရှိ သူများပေးတာယူတယ်၊ နင် မရှက်ဘူးလားပြောစမ်း။ သူများပေးတိုင်း ယူရအောင် နင်က သူတောင်းစားလား”

“မဟုတ်ပါဘူး ဒေါ်လေး အဲဒီ ဘဘက သားကို ချစ်လို့ပေးတာပါ ” “ဘာ..နင့်ကိုချစ်လို့ပေးရအောင် သူက နင့် ပထွေးမို့လို့လား။ နင်ကလေ နင့်အဖေလိုပဲ အောက်တန်းစားဖြစ်ချင်တဲ့ကောင်။ ငါ့အစ်မ လည်း နင့်အဖေနဲ့ညားလို့ သေခဲ့ရတာ။ တစ်ခါထဲပြောလိုက်မယ် နောက်တစ်ခါ အဲဒီ လူကြီးပေးတာ နင်ယူတယ်ကြားလို့ကတော့ အသေပဲ။ အဲဒီလို ဆိုက်ကားသမားမျိုးနဲ့လည်း ပတ်သက်စရာအကြောင်းမရှိဘူး၊ ကြားတယ် နော်။ ဒီနေ့ နင့်ကိုဒဏ်ပေးတဲ့အနေနဲ့ ညနေစာမကျွေးဘူး။ သွား ငါ့မျက်စိရှေ့က ထွက်သွား”

အဒေါ်ဖြစ်သူ၏ အဆက်မပြတ် ကြိမ်းမောင်းမှုကြောင့် ရင်ထဲ စိတ်မကောင်း ဖြစ်မိသည်။ ထိုကိစ္စကို အဒေါ်ဖြစ်သူအား တိုင်ပြောသည့်သူမှာ ဇော်မောင်မှန်း သူသိပါ သည်။ ဇော်မောင်သည် အဒေါ်၏သား ဖြစ်သည်။ သူနှင့်ညီအစ်ကိုဝမ်းကွဲတော်စပ်ပြီး သူ့ထက်လပိုင်းပဲငယ်ကာ ခြောက်တန်းတွင် ပညာအတူ သင်ကြားနေသူဖြစ်သည်။

အမေနှင့် အဖေသည် သူသုံးတန်းတွင် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အဒေါ်ဖြစ်သူအိမ်တွင် လိုက်နေပြီး ရှင်သန်ခဲ့ရသည်။ အဒေါ်သည် အဖေ့ကို မုန်းတီးနေသူဖြစ်သည့်အတွက် သူ့အပေါ်တွင်လည်း မေတ္တာကို အရိပ်အယောင် မျှပင် မပေးခဲ့ပေ။ အဒေါ်၏ ယောက်ျားကလည်း သူ့ကိုဆိုလျှင် တစ်စက်မှ ကြည့်မရဖြစ်နေခဲ့ သည်။ ထို့အတူ သူတို့၏သား ဇော်မောင် ၏ အနိုင်ကျင့်သမျှကိုလည်း အမြဲခံနေခဲ့ရ သည်။

ခဏကြာတော့ အဒေါ်၏ ယောက်ျား ပြန်ရောက်လာပြီး သူတို့မိသားစုသုံးယောက်ထမင်းစားကြတော့သည်။ ဒီနေ့ သူ့ကိုဒဏ်ပေး ထားသည့်အတွက် ညစာစားရမည်မဟုတ်။ အရင်လည်း ကြုံနေကျဖြစ်သည့်အတွက် သိပ်တော့ မထူးဆန်းတော့ပေ။ ဒါပေမယ့် ဗိုက်အနည်းငယ် ဆာလာသည့်အတွက် ညနေကျောင်းအပြန်တွင် ဆိုက်ကားသမား ဘဘ ပေးလိုက်သော ဘီစကွတ်ထုပ်လေးကို လွယ်အိတ်ထဲမှယူ၍ ဖောက်စားလိုက်သည်။ ထို့အတူ သူ၏ စိတ်တွေသည်လည်း ဘဘနှင့် စတင်ဆုံတွေ့ခဲ့သော နေ့ရက်လေးဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့တော့သည်။

ထိုနေ့ ကျောင်းကအပြန်တွင်ဖြစ်သည်။ ဆရာမက ကျူရှင်မတက်နိုင်သည့်သူတွေကို အချိန်ပိုခေါ်မည်ဆိုသောကြောင့် ကျောင်းမှ အပြန် ဆရာမအိမ်သို့ သွားရမည်ဖြစ်သည်။ ဇော်မောင်ကတော့ ကျူရှင်တက်သည့်သူမို့ အိမ်ကို တန်းပြန်သွားရသည်။ ထိုစဉ် လမ်းတွင်ရပ်ထားသော ဆိုက်ကားတစ်စီး၏ ဘေးတွင် အန်နေသောလူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

ခဏတဖြုတ် ရပ်ကြည့်နေရာမှ သူလည်း ကျောင်းမှဆရာမသင်ပေးထားသည့် ပြည်သူ့ နီတိမှ အခက်အခဲကြုံနေတဲ့သူတွေကို ကူညီ ပေးရမယ်ဆိုသည့် သင်ခန်းစာကို သတိရမိသွား သည်။ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုချပြီး အန်နေသောလူကြီးအနားသို့ ရောက်သွားတော့ သည်။ “ဦး..ဦး..ဘာဖြစ်တာလဲ။ သား..ဘာလုပ် ပေးရမလဲဟင်” သူ့အသံလည်းကြားရော ဦးလေးကြီးသည် သူ့ကိုလှည့်ကြည့်ပြီး ပြုံးသွားတာကို သတိ ထားမိလိုက်သည်။

“ဘာမှမဖြစ်ပါဘူး ကလေးရယ်.. ရပါ တယ်” “ဦး အရက်သောက်ထားလို့လားဟင်” “မသောက်ပါဘူးကလေးရယ်။ ဦးက အစာ အိမ်ရောဂါရှိတယ်လေ။ ဒါကြောင့် ဗိုက်က အောင့်ပြီးအန်နေတာ” “အစာအိမ်ဆို အစားပုံမှန်စားရတယ်တဲ့ ကျောင်းက ဆရာမ ပြောတာ သားကြားဖူး တယ်။ ဪ ခဏနေဦး ဒီနေ့ကျောင်းမှာ သူငယ်ချင်းတစ်ယောက် မွေးနေ့မို့ တစ်တန်းလုံး ကို ပေါင်မုန့်ကျွေးတယ်။ သားမစားရသေးဘူး ဦး စားလိုက်” “ဟင်”

“စားပါ ဦးရ.. သားက အစာအိမ်ရောဂါ မရှိဘူးလေ” သူကိုယ်တိုင်ဖောက်ပေးပြီး ဦးလေးကြီးကို ပေးလိုက်သည်။ ထို့နောက် ဦးလေးကြီးနှင့်သူစကားတွေပြောဖြစ်ခဲ့ကြသည်။ ဦးလေးကြီး၏ နာမည်မှာ ဦးဝေအောင်ဖြစ်ပြီး အသက် လေးဆယ့်ငါးနှစ်ဟု သိခဲ့ရသည်။ ဦးလေးကြီး ၏ မိန်းမနှင့် သားလေးသည် ကားတိုက်ခံရပြီး ဆုံးသွားခဲ့သောကြောင့် တစ်ယောက်တည်း ရပ်တည်နေရသူဖြစ်သည်။ ထို့အတူ သူ၏ အကြောင်းများကိုလည်း ပြန်လည်ပြောဖြစ်ခဲ့ ရာမှ ဦးလေးကြီးနှင့် ခင်မင်ရင်းနှီးခဲ့ရသည်။ သွေးမတော်သားမစပ်ဘဲ အခုမှ တွေ့ရသည့် လူတစ်ယောက်ကို မယုံကြည်ဖို့သိထားသော် လည်း ဦးလေးကြီး၏ ရိုးသားသော မျက်လုံး တွေကို သူနားလည်နိုင်ခဲ့သည်။ ပြောရမည် ဆိုလျှင် သူနှင့် ဦးလေးကြီး၏ဘဝသည် မခြား နားသည်မို့ ရင်ဘတ်ချင်းထပ်တူကျခဲ့သည်ဟုဆိုရမည်။

“သား..ဦးကို..ဘဘလို့ခေါ်ပါလား” “ဗျာ..ဘာလို့လဲ..ဦး” “ဘာမှမဖြစ်ဘူးလေ ပိုပြီးရင်းနှီးမှုရှိ အောင်ပေါ့..ဘာလဲသားက မခေါ်ချင်ဘူးလား” “မဟုတ်ပါဘူး အဲဒါဆို ခေါ်မယ်လေ..ဘဘ” ထိုနေ့မှစ၍ ဘဘဆိုသောလူသားတစ်ဦး သူ့ရင်ဘတ်ထဲ နေရာယူလာခဲ့သည်။ ဆရာမ ဆီလည်း အချိန်ပိုတက်ရန် မမီတော့သဖြင့် အဲဒီနေ့က မတက်ဖြစ်ခဲ့ပါ။ သူ့ဘဝမှာ မိဘနှစ်ပါးဆီမှလွဲ၍ မရခဲ့ဖူးသော မေတ္တာ တရားတွေရရှိခဲ့လို့ သူတကယ့်ကို ပျော်ရွှင်မိ သည်။ နောက်ရက်များတွင်လည်း ဘဘက ကျောင်းရှေ့က စောင့်နေပြီး မုန့်လေးတွေ ပေးတတ်သလို တစ်ခါတစ်ရံ မုန့်ဖိုးလေးတွေ ပေးတတ်သေးသည်။ ဒါကလည်း သူ့အခြေ အနေကို ဘဘက သနားကရုဏာသက်၍သာ ဖြစ်ပါလိမ့်မည်။

ပြီးခဲ့သော အကြောင်းတရားများကို ပြန်တွေးရင်း ရင်ထဲမကောင်း ဖြစ်ခဲ့ရသည်။ အဒေါ်က ဘဘနှင့် မတွေ့ရတော့ဘူးဆိုပေမယ့် သူနေနိုင်လိမ့်မည်တော့မထင်ပေ။ ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချရင်း အဒေါ်တို့မိသားစု စားပြီးသားပန်းကန်တွေ ဆေးဖို့ ပြင်ဆင်လိုက်တော့သည်။

ကျောင်းရှေ့ဝမှ ရပ်နေပြီး ဘဘကို လိုက်ရှာမိသည်။ အရိပ်အယောင်မျှပင် မတွေ့ ရတော့ စိတ်ပူနေခဲ့သည်။ ဇော်မောင်က တခြားအတန်းတွေနှင့် ဘောလုံးကန်ဖို့ ချိန်းထားသောကြောင့် သူ့ကို ဂရုမစိုက်နိုင် အား။ အရင်ကဆို သူ့ကို အပြစ်မရှိအပြစ်ရှာ တိုင်ပြောဖို့ ချောင်းမြောင်းနေသူဖြစ်သည်။

ဘဘတစ်ယောက် နေများမကောင်းဘူး လားဆိုပြီး သူစိုးရိမ်နေမိသည်။ သူလိုက်ရှာနေ မိသော်လည်း ကျောင်းတက်ခေါင်းလောင်း သာထိုးသွားသည်။ ဘဘကို မတွေ့ခဲ့။ ထို့ကြောင့် ကျောင်းထဲသို့ဝင်ရန် ပြင်လိုက် တော့သည်။ နောက်ဆုံးအနေဖြင့် ဘဘကို တွေ့ဦးမလားဆိုပြီး လှည့်ကြည့်လိုက်သည်။ သူ့ဆန္ဒတွေ မပြည့်ဝခဲ့ပါ။ ကျောင်းတံခါး ပိတ်တော့မည်မို့ အမြန်ဝင်လိုက်ရတော့ သည်။

ညနေ ကျောင်းဆင်းခေါင်းလောင်းထိုး သည်နှင့် ဇော်မောင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျောင်းရှေ့သို့ အမြန်ပြေးလိုက်တော့သည်။ ကျောင်းဆင်းချိန်တိုင်း ဘဘသည် သူ့ကို စောင့်နေကျဖြစ်သည်။ ကျောင်းရှေ့က အုတ်ခုံ လေးတွင် ထိုင်စောင့်နေသော ဘဘကို သူတွေ့ လိုက်ရသည်။ ထို့ကြောင့် ဘဘအနားသို့ အမြန် သွားလိုက်တော့သည်။

“ဘဘ မနက်က ဘယ်ရောက်နေတာလဲ ဟင်” “ဘဘ မနက်က နေမကောင်းလို့ပါ သားလေးရယ်” ကျောင်းထဲက ထွက်လာသော ကျောင်းသား များကြားထဲတွင် ဇော်မောင်များပါမလားဆိုပြီး ကြည့်လိုက်သေးသည်။ ဇော်မောင့်ကို မတွေ့ရ တော့မှ ဘဘကိုဆက်၍ စကားပြောလိုက် သည်။ “ဘဘ ဘာဖြစ်တာလဲဟင်.. ဒါနဲ့ ဘဘ ဆိုက်ကားရောမပါဘူးလား” “ဆိုက်ကားက ပိုင်ရှင်ကို ပြန်အပ်လိုက် ပြီ သားရ။ ရော့ သားအတွက် ဘဘ ပေါက်စီ ဝယ်လာတာ” “သား မစားချင်ပါဘူး။ ဘဘက အစာ အိမ်ရှိတယ်လေ အခုလည်း နေမကောင်းတာ ဘဘ စားနော်” “ဘဘက စားပြီးပြီလေ။ သားစားဖို့ ဝယ်လာတာ သားစားနော်”

အတင်းထိုးပေးလာသော ပေါက်စီထုပ် လေးကို ယူလိုက်ရပေမယ့် ရင်ထဲတွင်တော့ မကောင်း။ ဘဘကိုကြည့်ရသည်မှာ အရင်လိုလန်းဆန်းတက်ကြွမှုတွေမရှိ။ ဘာရယ်ကြောင့် မှန်းမသိ ဘဘကို သနားမိသည်။ သွေးမတော် သားမစပ်ပေမယ့် မေတ္တာချင်းစပ်တော့ နွေးထွေးမှုတွေရခဲ့သလို သံယောဇဉ်တွေ ခိုင်မြဲ လာခဲ့ရသည်။

“ဪ ထွန်းမင်းအောင်..ငါထင်တဲ့အတိုင်း ပဲ နင်က ခွေးဖြစ်ချင်နေတဲ့ကောင်ပေါ့ ဟုတ်လား” ထိုစဉ်မှာပင် ကြားလိုက်ရသောအသံ ကြောင့် နှလုံးသွေးများ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ထင်သည့်အတိုင်း အဒေါ် ဖြစ်သူကိုတွေ့လိုက်ရသည်။ သူ့အား စိတ်မချ ၍ တမင် လာစောင့်ကြည့်နေဟန်တူပါ သည်။

“ဒေါ်လေး..သား…သား..” “ဘာမှမပြောနဲ့ အိမ်အခုလိုက်ခဲ့၊ နင်အိမ် ရောက်မှသိမယ်” “သား ခဏနေ ပြန်လာမယ်နော် ဘဘနဲ့ စကားပြောချင်သေးလို့” “ဒီမှာအမိ ဒီကလေးအပေါ် ကျုပ် သံယောဇဉ်ထားတာ ဘာမျှော်လင့်ချက်မှမရှိ ဘူး။ မေတ္တာလိုအပ်နေသူအချင်းချင်းမို့ ကျုပ်တို့တွေ နှောင်ဖွဲ့ခဲ့မိတာ တစ်ခုတော့ ပြောပါရစေ ကလေးကိုတော့ ဖိအားတွေ သိပ်မပေးပါနဲ့ဗျာ” ဘဘ ဝင်ပြောလိုက်တော့ အဒေါ်၏ ခက်ထန်သောမျက်လုံးများသည် ပို၍ပြင်းထန် လာသောကြောင့် ထိတ်လန့်ခဲ့ရသည်။
“ဒီမှာ ကျွန်မတူကို ကျွန်မဆုံးမနေတာ ရှင်ဘာမှဝင်ပြောစရာမလိုဘူး။ ကိုယ့်အဆင့် ကိုယ်သိပါ”

“ဟုတ်လား အဲဒီအဆင့်တွေချပြပါဦး၊ ကျုပ်ကို ချပြပါဦး။ နေရာတကာ အဆင့်အတန်း တွေ၊ ဂုဏ်တွေရှေ့တန်းတင်နေကြလို့ ခင်ဗျား တို့ မေတ္တာတွေ ပျောက်ဆုံးနေတာ။ လောက ကြီး သိပ်တရားကျဖို့ကောင်းတယ် ဟား ဟား ဟား”
ဘဘသည် ပြောရင်းနှင့် ရယ်မောကာ လှည့်ထွက်သွားသည်။

“ဘဘ ဘဘ” သူခေါ်နေသည်ကိုပင် လှည့်မကြည့်တော့။ ထိုစဉ်မှာပင် ဘဘသည် ကားလမ်းမပေါ်သို့ ပြေးရင်း တစ်စုံတစ်ယောက်ကို တွန်းထုတ် လိုက်ကာ အရှိန်ဖြင့်မောင်းလာသော ကား တစ်စီး၏ တိုက်ခြင်းကို ခံလိုက်ရသည်ကို ရင်နင့်စွာမြင်တွေ့လိုက်ရသည်။ “ဘဘ” “သား”

သူနှင့်အတူပြိုင်တူထွက်လာသော အသံ ပိုင်ရှင်မှာ သူ၏ အဒေါ်ပင်ဖြစ်သည်။ အဒေါ်၏ သား ဇော်မောင်သည် တစ်ဖက်ကားလမ်းသို့ ဖြတ်အကူး ကားတစ်စီး၏ တိုက်ခြင်းကို ခံရခါနီးမှာပင် ဘဘသည် အမြန်ပြေးပြီး တွန်းထုတ်ကာ ကိုယ်စားခံလိုက်ခြင်းဖြစ်သည်။ ဆို့တက်လာသော ကြေကွဲမှုတွေနှင့်အတူ လဲကျနေသော ဘဘဆီသို့ အပြေးသွားလိုက်မိတော့သည်။

“ဘဘ” သူပွေ့ဖက်ပြီး လှုပ်နှိုးနေပေမယ့် ဘဘ သည် ပြန်မထူးနိုင်ခဲ့တော့ပါ။ ငြိမ်သက်နေသော ဘဘ၏ခန္ဓာကိုယ်တွင် မေတ္တာဓာတ်တွေ ရှိနေသေးသလိုတော့ ခံစားနေရသေးသည်။ သူ့အပေါ် မေတ္တာတွေအပြည့်အဝနှင့် နွေးထွေး မှုတွေပေးခဲ့သော ဘဘ။ ယခု သူ့အပေါ် အထင်သေးမကြည်ဖြူသော အဒေါ်ဖြစ်သူ၏ သား ဇော်မောင်ကိုပင် လူသားပီသစွာ အသက် ပေး ကာကွယ်ပေးခဲ့သည်။

သူအားရပါးရ ငိုကြွေးနေပေမယ့်လည်း ဘဘတစ်ယောက် နိုးထလာနိုင်တော့မည်မဟုတ်ပေ။ ထိုစဉ် သူ့ အနားသို့ ရောက်ရှိလာကြသော လူတွေကြား ထဲတွင် အဒေါ်နှင့် ဇော်မောင်ကို တွေ့လိုက် ရသည်။ သူတို့၏ မျက်ဝန်းတွေမှာ နောင်တ တွေကိုယ်စီဖြင့် မာန်မာနတွေ ကင်းစင်နေကြပြီ ဖြစ်သည်။ ဒီဖြစ်ရပ်တွေအားလုံးကိုတော့ သူ သိပ်ချစ်ရသော ဘဘတစ်ယောက် ဘယ်တော့ မှ သိနိုင်မည်မဟုတ်တော့ပေ။

ရေးသားသူ – အောင်ကျော်မြင့်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page