ကိုယ့်သားသမီးကို ကိုယ့်မျက်နှာ မပြရဲတဲ့ အဖြစ်မျိုးနဲ့ အာဏာရှင်ခေတ်ကို ဖြတ်သန်းရမယ့် မိဘများ သိစေဖို့

ယနေ့ဖြစ်နေတဲ့ ပြသနာတွေနဲ့ပတ်သက်လို့ တချိန်က အဖြစ်ဆိုးတွေ ပြန်မဖြစ်စေချင်လို့ လက်ရှိ မိဘတွေရော အနာဂတ်မိဘတွေကို ကျွန်တော့် စိတ်ခံစားချက်ကို ပြောပြချင်တယ်။

မဆလခေတ် အကျင့်ပျက်ခြစားကြတော့ အဖေနဲ့ အိမ်မှာ လာတဲ့ သူ့အသိမိတ်ဆွေတွေ နောက် အဲဒီတုန်းက အငြိမ်းစား အသက်ကြီးပိုင်း လူကြီးတွေပြောတဲ့ စကား အမြဲကြားမိတယ်။ “အေး ငါတို့ဘဝမှာ ငါ့သားသမီးကို သူခိုးကြီး ရဲ့ သားသမီး ဆိုပြီး ဘယ်တော့မှ အပြောမခံနိုင်ဘူး” ဆိုတဲ့ မာနပဲ။ သတင်းစာဖတ်တိုင်း မဆလခေတ်က ခိုးပြီး ကြီးပွားနေတဲ့ ခြစား အသိုင်းအဝိုင်းအကြောင်းတွေ ဖတ်မိတိုင်း သူတို့ အဲဒီလို တလေသံတည်း ထွက်ကြတယ်။ သူများ ကြီးပွားတာ မနာလို မရှူ့စိတ်ကြောင့် မဟုတ်။ အဲဒီစကားက ခြစားပြီး ကြီးပွားနေတဲ့ဟာတွေမျိုး နဲ့ တမိုးအောက်မှာ နေခဲ့ရပေမယ့် တန်းညှိမခံနိုင်လို့ အမြဲပြောလေ့ရှိတဲ့စကား။

အဲဒီနောက်ပိုင်း ပိုပိုဆိုးလာပြီး နဝတ နအဖ စစ်အစိုးရခေတ်မှာ သွားရော။ ဆရာ ဆရာမ သင်ဆရာ မြင်ဆရာ ကြားဆရာတို့ကို ဂါရဝ ပြုပါတယ်။ သို့ပေမယ့် ပြောစရာ ရှိတာတော့ ပြောရပါလိမ့်မယ်။

တခေတ်တခါက “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ကျောင်းဝင်ခွင့်ရဖို့ကနေ နောက်ဆုံး အဆင့် ဘာညာ သရကာတွေထိ တန်စို့လက်ဆောင် ပေးတဲ့ စနစ်ကြီး ထွန်းကားလာပါလေရော။ ကလေး ဆိုတာ မိခင် ဖခင် လုပ်သမျှ ကြည့်နေတာ။ ကလေးကို ပါးစပ်နဲ့ ဆုံးမသွန်သင်လို့ ရတယ်ထင်နေရင် မှားလိမ့်မယ်။ ကလေးက ကိုယ့်အပြုအမူကိုပဲ ကြည့်နေတာ။ အဲဒါကို Hidden Curriculum လို့ခေါ်တယ်။ Hidden Curriculum ဆိုတာ စာအုပ်နဲ့ မသင်ပဲနဲ့ သူများ အပြုအမူ အပြောအဆိုတိုင်းကို ကြည့်ပြီး လိုက်လုပ်တတ်တဲ့ လူတွေရဲ့ သဘာဝ။

အဲဒီတော့ အကြီးအကျယ် ခြစားတဲ့ ကျောင်းတွေမှာ ကျောင်းစဝင်ခွင့်ရဖို့ တံစိုးလက်ဆောင်ပေးတဲ့အဖြစ်ဟာ မဟာအမှားပဲ။ နောင်တချိန်မှာ အဲဒီကလေးတွေဟာ ဘာဖြစ်ဖြစ် ငါတို့ ငွေပေးရင် ရတယ်ဆိုတဲ့ မျိုးဆက်တွေကို မွေးထုတ်ပေးခဲ့တဲ့ ပြသနာ အကြီးကြီးဖြစ်လာခဲ့တယ်။ ရေးထားတာ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက နော် တကယ်ဖြစ်နေတာက ကလေးကို ဘယ်လို လာဘ်ပေး လာဘ်ယူ လုပ်လို့ရသလဲဆိုတဲ့ Hidden Curriculum ကို မသိမသာ စသင်ပေးတာပဲ။

ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ တိုင်းပြည်တွေမှာ ဖြစ်တတ်တဲ့ အလေ့အထ ဆိုပေမယ့် အဲဒီ ဆိုးကျိုးမျိုး ၂ ခါ ပြန်ခံရမည့် အဖြစ်မျိုး ဘယ်တော့မှ မဖြစ်လိုဘူး။ အပေါ်က ပြောသလို ဘဝမှာ မိဘက သူ့ သားသမီးကို သူခိုးကြီး လာဘ်စားတဲ့သူကြီး ဆိုတဲ့ အဖြစ်မျိုးနဲ့ နေသွားမယ့် အဖြစ်ကို ဘယ်တော့မှ လက်မခံကြပါနဲ့။ သိပ်ရှက်ဖို့ ကောင်းတယ်။

အဲဒီအဖြစ်ဆိုးဟာ စစ်အစိုးရ လက်ထက်တလျှောက်လုံး ဖြစ်ခဲ့တာ။ အဲဒီဟာကို အဖတ်ပြန်ဆယ်ဖို့ လုပ်နေတာကို အခုလို လုပ်တာ အဆင်ပြေမယ်ဆိုပြီး ထင်နေသလား အဲဒီထဲ ပြန်ရောက်သွားမှာကို ပဲ မြင်နေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံကို ကောင်းအောင် လုပ်ပေးမယ့် စေတနာမျိုး တစက်မှ မတွေ့လို့ပါပဲ။

အဲဒါကြောင့် ကိုယ်က အစိုးရဝန်ထမ်းဆို ကိုယ့်သားသမီးကို တချိန်မှာ မင်းတို့ကို သူများတွေက တစိုးလက်ဆောင်စားတဲ့ ပင်းစားတဲ့သူတွေရဲ့ သားသမီးတွေဆိုပြီး ကွယ်ရာမှာ မပြောရလေအောင် လုပ်ကြတာ။

မင်းက ဒီစာရေးတာ နိုင်ငံခြားမှာနေလို့ ရေးတယ်လို့ မမြင်စေချင်ပါ။ လခစား ဆိုတာ လကုန်ရင် ဘယ်သူမဆို စုမိဆောင်းမိဖို့က မလွယ်ပါဘူး။ ဘယ်နိုင်ငံနေနေ လခစားသမားအကြောင်း လခစားပဲ သိကြပါတယ်။ အခြားနိုင်ငံ ကျွန်ခံထွက်တယ်လို့ အများပြောကြတဲ့ အဖြစ်လို သူများနိုင်ငံမှာ အလုပ်လုပ်လို့ အိမ်ထောက်ပံ့နေတဲ့ ဘဝတွေ သိကြမှာပါ။ သို့ပေမယ့် ဘဝအထွေထွေ မည်သို့ပင်ဖြစ်နေပါစေ စနစ်ဆိုးမှာ ကလေးတွေကို ကိုယ့်အပြုအမူကြောင့် စာရိတ္တဖျက်ဆီးတဲ့ မိဘမျိုး ဘယ်တော့မှ အဖြစ်မခံကြပါနဲ့ဗျာ။ စဉ်းစားဉာဏ်ကြွယ်ဝတဲ့ သားသမီးက တနေ့မှာ ကိုယ့်အကြောင်း ပြန်စဉ်းစားရင် ငါ့မိဘက အကျင့် ပျက်ပြားပါလား ဆိုပြီး မရှက်စေချင်ဘူး။

အဲဒီလို စနစ်ဆိုးမျိုး ပျောက်အောင် ဒီမိုကရေစီ နည်းလမ်းကျကျ အကျင့်ပျက် ခြစားနေသမျှကို ဖော်ထုတ်တိုက်ဖျက်ပြီး Socioeconomic တက်လာအောင် လုပ်နေတဲ့ အချိန် တိုင်းပြည်ကို ကယ်တင်သယောင်ယောင် နားယောင်ရင် သွားရော။ နာမည်ဆိုတာ တခါပဲ သေတာ ကောင်းတယ်။ ၂ ခါသေရင် မကောင်းဘူး။ အခါခါသေရင် လူမလေး ခွေးမလေးဖြစ်မယ်။

ဘယ်တော့မှ ခြစားတဲ့ စာရိတ္တပျက်ပြားတဲ့ စနစ်တွေအောက်မှာ ကိုယ့်ကလေးကို ကျောင်းပညာရေးမှာ စာတွေတော်သယောင်ယောင် ဝတ်ကောင်းစားလှတွေ ဝတ်ပြီး အဆင့်တန်း ရှိသယောင်ယောင်နဲ့ စာရိတ္တပျက်နေတဲ့ ကျောင်းတွေ နဲ့ ဝန်ထမ်းမျိုးတွေ ဘယ်တော့မှထပ်ပြီး အဖြစ်မခံနဲ့။ အဲဒါ ကိုယ့်လူမျိုး ကိုယ့်နာမည်ကို သတ်တာနဲ့ အတူတူပဲ။ ဘယ်တော့မှ အဲဒီလို စနစ်ထဲ နာမည်မသေပါစေနဲ့။

I am just reporting ပါ။

Myo Han Htun

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page