ထိုင်းကို လာမည့် မြန်မာများအတွက် လေဆိပ်မှ ပြန်လွှတ်မခံရစေရန် အဓိက အချက် (၃) ချက်
ထိုင်းနိုင်ငံကို လာမည့် မြန်မာတွေအတွက် ဘန်ကောက်ရှိ မြန်မာသံရုံးက သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံကို သွားကြတဲ့ မြန်မာနိုင်ငံသားအချို့ အသွား/အပြန် လေယာဉ်လက်မှတ်နဲ့အတူ သတ်မှတ်ထားတဲ့ ငွေကြေး ပမာဏယူဆောင်သွားသော်လည်း တည်းခိုမည့်နေရာ အတိအကျ မပါဘူးဆိုပြီး လေဆိပ်အတွင်း ထိန်းသိမ်းခံရပြီးနောက် အခုလိုမျိုး ကြေငြာချက် အဓိက အချက် (၃) ချက် ထုတ်ပြန်လိုက်တာပါ။
မြန်မာတွေအနေနဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းများမှတစ်ဆင့် အလည်အပတ်ခရီး လာရောက်ပါက..
၁။ အပြန်ခရီးစဉ် လေယာဉ်လက်မှတ်၊
၂။ လူပုဂ္ဂိုလ် တစ်ဦးအတွက် ဘတ် ၁၀၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ၊ မိသားစုတစ်စုအတွက် ဘတ် ၂၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊
၃။ ထိုင်းနိုင်ငံမှာ တည်းခိုမည့် ဟိုတယ်စီစဉ်ထားမှု အထောက်အထား၊ ထိုင်းနိုင်ငံအတွင်း မိတ်ဆွေ၏ နေအိမ်၌ တည်းခိုမည်ဆိုပါက မိတ်ဆွေမှ ဖိတ်ကြားထားသောစာ (ဤစာတွင် ဖိတ်ကြားသည့် မိတ်ဆွေ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ဖော်ပြထားရမည်၊ လေဆိပ် လဝကမှ လိုအပ်၍ အိမ်ရှင်ထံ ဖုန်းဆက်မေးမြန်းပါက မှန်ကန်စွာ ဖြေဆိုနိုင်ရမည်) ပါရှိရမယ်လို့ ဆိုပါတယ်။