သက်ကြီးရွယ်အိုတွေကို တရားတွေပဲ အတင်းနာခိုင်းတာထက် ပျော်ရွှင်အောင် ထားနိုင်မယ့် နည်းလမ်း

စိတ်ပျော်နေတဲ့ လူတွေဟာ အသက်ရှည်ကြပါတယ်

လူကြီးတွေတော်တော်များများကိုကြည့်တော့ စိတ်မပျော်တော့တဲ့ပြသနာက အဓိက ဖြစ်နေပါတယ် အတူနေမိသားစုဝင်တွေကလည်း စေတနာနဲ့ အဖေ တရားနာပါလား အမေ ဘုရားအာရုံပြုပါလား နဲ့ တရားခွေတစ်ချိန်လုံး ဖွင့်ပေးတာမျိုးလုပ်တတ်ကြပါတယ် စေတနာနဲ့ ကောင်းတာလေး လုပ်ပေးတဲ့အတွက် မကောင်းဘူး လို့ပြောချင်တာမဟုတ်ပါ

ဒါပေမဲ့ သူတို့ဘက်ကစဉ်းစားကြည့်တော့..ဘာလဲ..ငါသေဖို့နီးနေလို့ တရားပဲနားထောင်တော့ ဆိုတဲ့ အဓိပ္ပာယ်လား.. ငါတကယ်ကို သေတော့မှာလား..ဆိုတဲ့ ဆိုက်ကိုဝင်လာရင် စိတ်ဓါတ်ကျပြီး မြန်မြန် ကွယ်လွန်သွားတာမျိုးတောင်ဖြစ်နိုင်ပါတယ် ဒါကြောင့် ကာယကံရှင်က မတောင်းဆိုဘဲနဲ့ အသားကုန် တရားခွေဖွင့်ပေးတာမျိုးကို မလုပ်ကြစေချင်ပါ

လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါ တချို့တွေ ငယ်ငယ်ကတည်းက တရားလုပ်ရတာဝါသနာပါတယ် တချို့တွေ ဝါသနာမပါခဲ့ပါ တရားဝါသနာမပါတဲ့သူကို အသက်၈၀ကျော်မှ တရားတွေချည်း စွတ်နားထောင်ခိုင်းလို့ သူ့စိတ်မအေးချမ်းပါ စိတ်ကွက်မိရင် သူ့အတွက် အကုသိုလ် တောင်ဖြစ်စေတာပါ ဒီအချိန်မှာ သူတို့တွေဟာ သူတို့ရဲ့..မိသားစုအတွင်း .. အရေးပါမှုကို ဆုံးရှူံးလိုက်ရပြီလို့ ခံစားနေရတဲ့အတွက် အဓိက

သူတို့ကို စိတ်ပြန်တက်လာအောင်လုပ်ပေးဖို့က …အဖေ အမေ သည်..အိမ်မှာ အရေးပါနေသေးသူ ဖြစ်တဲ့အကြောင်းပြပေးဖို့ပါ ကျွန်မ အစ်မတစ်ယောက်ကတော့ အိမ်မှာ အသက်၈၀ကျော် အမေနဲ့နေရပါတယ် အိမ်မှာ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရတာပါ အဲလိုနေရတဲ့ အမေတောင် တစ်ခါတစ်လေ ကျ အထီးကျန်သလိုခံစားရတာပါပဲတဲ့ အဲတော့ အစ်မက အမေရှေ့မှာ သူ့ရဲ့ တစ်ဦးတည်းသေ ာမောင်လေးနဲ့ တမင်သက်သက်ကို ရန်ဖြစ် ပြလိုက်တယ်တဲ့

နှစ်ယောက်စလုံး ဇါတ်တိုက်ပြီး မမက ဘယ်လို မောင်မောင်က ဘယ်လိုနဲ့ စကားထများကြတော့ အမေကလည်း ပြူးပြူးပြာပြာဖြစ်ပြီး ဟဲ့..နင်တို့မောင်နှမနှစ်ယောက် တော်တော် မိုက်ရိုင်းကြတာပဲနော်..ငါအမေရှေ့တောင် ဒီလိုဖြစ်နေကြရသလားဟယ်..ဆိုတော့မှ..မောင်နှမနှစ်ယောက် အမေနားပြေးကပ်ပြီး.. ဒါကြောင့် မေမေ ရှိနေမှဖြစ်မှာ မေမေ့သား မေမေပြောမှရမှာ မေမေ့သမီးက မေမေ့စကားမှ နားထောင်တာ မေမေပြောဦး.. လုပ်လိုက်တော့ အမေစိတ်မှာ ငယ်ငယ်တုန်းက ဒီသားနဲ့သမီးပုလုကွေး ၂ ယောက်ကို ထိန်းကျောင်း ဆုံးမခဲ့ရတဲ့ ငယ်ဘဝလေးကိုပြန်ရောက်သွားပြီး နုပျိုသွားရတော့တာပေါ့ စိတ်ကလဲ ဘယ်လိုဖြစ်သွားမလဲ.. ဒီသား သမီး အတွက်တော့ငါဟာ မရှိမဖြစ်အရေးပါတဲ့ သူပါလား ..ဖြစ်ပြီပေါ့..

ဒါတွေဟာ တကယ်တော့ အသက်အရွယ်ကြီးသူများအတွက် အားဆေး အသက်ရှည်ဆေးတွေပဲဖြစ်ပါတယ် ကျွန်မအဖိုး အသက်၈၀ကျော်က အခုဆိုမျက်စိမမြင်ရတော့ပါ သူ့ဘဝမှာ သူအကြိုက်ဆုံးအလုပ်က စာဖတ်တဲ့အလုပ်.. အဖွားလည်းဆုံးတယ် စာအုပ်ကလေး အဖေါ်ပြုပြီး နေခဲ့သေးတယ် နည်းနည်းကြာတော့ မျက်စိပါမမြင်ရတော့ဘူးဆိုတော့ သူ့စိတ်ဓါတ်ဘယ်လောက်အောက်ကို ရောက်သွားပြီလဲ စဉ်းစားသာကြည့်တော့.. ဒါတောင် အတူနေတဲ့ သမီးက အရမ်းအပြုအစုကောင်းလို့ပါ

အရင်က အဖိုးဆီသွားရင် ကျွန်မက သူ့ဘေးထိုင်ရင်း အဖိုး တရားမှတ်နော် …ဆိုတာမျိုးတွေလုပ်တော့ အင်း..မှတ်ပါတယ်ဆိုပြီး ဘာမှမပြောတော့.. ကိုယ်လဲ ဆက်ပြောစရာ မရှိတော့.. ခုန ပြောပြခဲ့တဲ့ အမနဲ့စ ကားပြောဖြစ်ပြီးတဲ့ နောက်ပိုင်း အဖိုးဆီသွားရင် သူ့ကို သူကြိုက်တဲ့ စာအုပ်တွေအကြောင်း ပြောပြတယ် ပြီးတော့ brain stroming လုပ် ပေးတယ်

လွတ်လပ်ရေးရတော့ အဖိုး အသက်ဘယ်လောက်ရှိပြီလဲ အဖွားငယ်ငယ်က ဘယ်လိုပုံစံလည်း စစ်ပြေးတုန်းက အကြောင်းပြောဦး ဆိုတာမျိုးတွေမေးတော့ အသံတွေထွက်လာတယ် အဖိုးစကားတွေပြောလာပြီ လူကြီးတွေမှာ အရေးအကြီးဆုံးကစိတ်ပဲ လူကြီးသဘာဝ နှလုံးအားနည်းလာတာ အထိုင်အထတွေနှေးလာတာ အာရုံကြောတွေ အားနည်းလာတာမျိုးတွေတော့ ရှိမှာပဲ ကြီးကြီးမားမား ရောဂါအဆောက်အအုံတွေမရှိရင် ကိုယ့်မိဘ ကိုယ့်ဘိုးဘွားတွေကို အိမ်မှာ စိတ်ပျော်အောင်သာထား အသက်ရှည်မှာပဲ..

ကိုယ့်ကို တစ်သက်လုံး ပြုစုကျွေးမွေးလာတဲ့သူတွေကို တစ်လှည့်ပြန်ပြီး ပြုစု လုပ်ကျွေးရတာ မဟာကုသိုလ် အခွင့်ထူးပဲ တချို့ သူတွေ မိဘက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးတော့ ကိုယ်ဘယ်လောက် အဆင်ပြေပြေ အဲဒီကုသိုလ်မျိုး မရနိုင်ကြတော့ဘူး တကယ်တော့ သူသူကိုယ်ကိုယ်.. အသက်ကြီးလာတာဟာ ဂုဏ်ယူစရာတစ်ခုပါ ကိုယ်ရောက်နေတဲ့အသက်ဟာ ကိုယ့်အတွက်အကောင်းဆုံးအသက်လို့ မှတ်ယူပြီးနေထိုင်ပါ

ဘာဖြစ်လို့လဲ ဆိုရင် တချို့တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြရတာမို့ပါ

Do not regret growing older, it’s a privilege denied to many.

မွန်ဟော်စီ အောက်တိုဘာ ၂၀၁၇

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page