မြန်မာ့မြေမှာ ဥမကွဲသိုက်မပျက် နေခဲ့ကြတယ်ဆိုတဲ့ သမိုင်းဂျင်းနဲ့ အမြဲတမ်း ခံဖက်ဖြစ်နေတဲ့ ပြည်သူများ

မြန်မာ့မြေမှာ ဥမကွဲသိုက်မပျက် နေခဲ့ကြတယ်ဆိုတဲ့ သမိုင်းဂျင်းနဲ့ အမြဲတမ်း ခံဖက်ဖြစ်နေတဲ့ ပြည်သူများ

သမိုင်းကို သင်တာ မ”အ”အောင်လို့ပါတဲ့။ ဒေါက်တာသန်းထွန်းက ဆိုခဲ့တယ်။ သမိုင်းကို ငဲ့ကြည့်တဲ့အခာ ပဒေသရာဇ်နဲ့ ကိုလိုနီခေတ်နှစ်မျိုးကိုသာတွေ့ရတယ်။ ကျနော်တို့မှာ လွမ်းလောက်စရာ သမိုင်းမရှိဘူး။ အားကျစရာ သမိုင်းမရှိဘူး။

ကိုယ့်ကိုယ်ကို ဘုရင်အနေနဲ့တော့ မတွေးနဲ့ပေါ့လေ။ပြည်သူအနေနဲ့တွေးကြည့်လိုက်။ ပဒေသရာဇ်ကာလတွေထဲက ဘယ်မင်းလက်ထက်မှာ ခင်ဗျားပြည်သူဖြစ်ချင်လဲ။ “ဆီကိုရေချိုး၊ဆေးရိုးမီးလှုံ၊စပါးတောင်လိုပုံ”ဆိုတဲ့ ဆောင်ပုဒ်လေးကရော ပြည်သူတွေ ဟစ်ကြွေးတဲ့ဆောင်ပုဒ်မှ ဟုတ်ရဲ့လား။ ပဒေသရာဇ်အရှင်သခင်တွေ ထည့်ခဲ့တဲ့ ဂျင်းများလား။ ဒီနေ့ခေတ်မှာလို “စက်မှုစွမ်းအား ခေတ်ကျော်လွှား။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်”ဆိုသလို စကားသက်သက်ပဲလား။

တည်ထောင်မှုရှိရင် ထိန်းသိမ်းမှုရှိရတယ်။ ကျနော်တို့ဆီမှာ နိုင်ငံကို အကြိမ်ကြိမ်တည်ထောင်တယ်။မထိန်းသိမ်းနိုင်လို့လည်း အကြိမ်ကြိမ်ပျက်ဆီးတယ်။ဒါတောင် ပြည်သူတွေက ခပ်အအမို့လို့ပေါ့။နောက်မို့ဆို ပြင်သင်ဘုရင် လူဝီ၁၆လို ပြည်သူက ခေါင်းဖြတ်တာကိုပြန်ခံရလောက်တယ်။ တကောင်းခေတ်၊သရေခေတ္တရာခေတ်၊ ပုဂံခေတ်တို့အနက် အနော်ရထာမင်းကို ပထမမြန်မာနိုင်ငံတော် တည်ထောင်သူလို့ သတ်မှတ်တယ်။ မွန်တွေက သဘောတူချင်ပါ့မလား။ကျနော်က အနော်ရထာဘက်ကလည်း မဟုတ်သလို မနူဟာဘက်ကလည်း မဟုတ်ဘူး။ဘေးလူအနေနဲ့ပဲ ရပ်ကြည့်လိုက်တယ်။

လက်ရှိမြန်မာနိုင်ငံသားအနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်သူ့ဘက်ကမှ အားပေးချင်စရာမရှိဘူး။ နှစ်ဘက်စလုံး ကိုယ့်လူတွေချည်းပဲ။ ပုဂံသမိုင်းကို သင်ရရင် မွန်သမိုင်းကိုလည်း သင်ရသင့်တယ်။မွန်တွေရဲ့ သမိုင်းမှတ်ချက်မှာ အနော်ရထာပေါ် ဘယ်လိုမြင်ထားမလဲ။ အနော်ရထာ၊စောလူး၊ကျန်စစ်၊အလောင်း စည်သူပြီးနောက် နရသူမင်းနန်းတက်လာတယ်။ အင်မတန် ရက်စက်ယုတ်မာတဲ့နည်းနဲ့။ “အဖကိုသတ်၊အစ်ကို ကိုသတ်ပြီးမှ နန်းယူခဲ့တဲ့ နရသူမင်း”။ ဒီလိုဘုရင်က ပြည်သူကိုချစ်ပါတယ်ပြောရင် ကျနော်တော့ မယုံချင်ဘူး

မနူဟာမင်းပြောခဲ့သလိုပါပဲ။ ပုဂံဟာ ဗုဒ္ဓဘာသာနဲ့မတန်ကြောင်းကို နရသူက သက်သေပြခဲ့တယ်။ ကုသိုလ်ရဖို့အလို့ငှါ တည်ရတဲ့ စေတီပုထိုးကို နရသူဘယ်လို တည်ခဲ့သလဲ။ ဓမ္မရံကြီးဟာ နရသူရဲ့ကောင်းမှုတော်ဟုတ်ပါ့မလား။ဆိုးမှုတော်များ ဖြစ်နေမလား။ဓမ္မံရံကြီးကို တည်ဆောက်ပေးခဲ့တဲ့ ပန်းရံဆရာတွေ အသတ်ခံရပါသတဲ့။ နောက်မင်းတွေ သူဆောက်သလို လိုက်ဆောက်မှာစိုးလို့ပါတဲ့။ ဘုရားကို ကြောက်ရွံ့ရွံရှာစရာ အတ္တနဲ့တည်ခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ “ထုမှာ ဓမ္မရံ” ရယ်လို့ ဂုဏ်ဝင့်နေလေရဲ့။ ခေတ်ကွာခြားတော့ အမြင်တွေခြားနားနေတာကို ဝန်ခံပါတယ်။

ဒါပေမယ့် ပထမ၊ဒုတိယ၊တတိယနိုင်ငံတော် ထူထောင်ခဲ့တဲ့မင်းတွေထက် ညောင်ရမ်းခေတ်က သာလွန်မင်းကို ကျနော် ပိုလေးစားတယ်။နောင်တော် အနောက်ဘက်လွန်မင်း နန်းတက်စဉ်မှာ သာလွန်မင်းက အိမ်ရှေ့စံ။နောင်တော်ကို တူတော်မင်းရဲဒိဗ္ဗက လုပ်ကြံပြီးနန်းယူတယ်။အဲ့ဒိအချိန် သာလွန်မင်းက အဝေးရောက်နေတယ်။ မင်းရဲဒိဗ္ဗက ဘထွေးနှစ်ယောက်ဖြစ်တဲ့ သာလွန်မင်းနဲ့ မင်းရဲကျော်စွာကို အချင်းချင်းတိုက်ခိုင်းဖို့ သွေးခွဲစာလှမ်းပို့တယ်။သာလွန်မင်းရဲ့ လူယုံတွေက မင်းရဲဒိဗ္ဗရဲ့အကြံအစည်ကို ကြိုအကြောင်းကြားလို့ ညီတော်မင်းရဲကျော်စွာ အထင်လွဲပြီး လာတိုက်မယ့်သတင်းကို ကြိုရတယ်။

မင်းရဲကျော်စွာရဲ့တပ်လာတိုက်တော့ သာလွန်မင်းရဲ့တပ်ကနိုင်တယ်။ ညီတော်ကို အပြစ်မယူဘဲ အသက်ချမ်းသာပေးတယ်။နန်းတွင်းမှာလည်း သာလွန်မင်းရဲ့ လူတွေက မင်းရဲဒိဗ္ဗကိုနန်းချပြီး ဖမ်းထားတယ်။သာလွန်မင်းကို နန်းစံဖို့လှမ်းပင့်တယ်။ သာလွန်မင်းဟာ အိမ်ရှေ့စံဘဝမှာကတည်းက လူချစ်လူခင်များတယ်။လူယုံများတယ်။ သာလွန်မင်းရဲ့အစွမ်းကို မင်းမဖြစ်ခင်ကတည်းက အထင်ကြီးကြတယ်။နန်းတော်ကိုပြန်လာ ပြီး ရာဇဘိသိက်မခံပဲ လေးနှစ်ကြာအောင် တိုင်းပြည်ထူထောင်ရေးပဲလုပ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သာလွန်မင်းဟာ ပလ္လင်ကို သိပ်စိတ်မဝင်စားဘူး။

(သူနဲ့ခေတ်ပြိုင်ဘုရင်တစ်ပါးဖြစ်တဲ့ ရုရှားဘုရင် မဟာပီတာ(Peter the great) သည်လည်း ပလ္လင်ပေါ်မှာနန်းမစံဘဲ အိမ်ငယ်လေးတစ်လုံးမှာသာနန်းစံပါသတဲ့။ခေတ်နောက်ကျနေတဲ့ ရုရှားဟာ ပီတာဘုရင်ကြောင့် များစွာခေတ်မီခဲ့ရတယ်။ရုရှားရဲ့ အကြီးမြတ်ဆုံးဘုရင်က မဟာပီတာပဲ။ခေတ်အရတော့ ညောင်ရမ်းခေတ်နဲ့ ခေတ်ပြိုင်လောက်ဖြစ်မယ်။) နိုင်ငံလူဦးရေစာရင်းကို ပထမဆုံးစကောက်ယူတဲ့မင်း၊ ကုန်စည်ဖလှယ်ရာမှာ အရေးပါတဲ့ တင်း၊ခွဲ၊စိတ်၊ပြည် စတဲ့အတိုင်းအတာတွေ၊ ပိဿာ၊ကျပ်သား၊စတဲ့အလေးချိန်တွေကို လည်း စပြီးသတ်မှတ်ခဲ့တဲ့ဘုရင်။ (ဓမ္မစေတီခေါင်းလောင်းကို ကြေးပိဿာချိန် ၁၈၀၀၀၀လို့ပြောပေမယ့် အင်းဝခေတ်မှာ ပိဿာသတ်မှတ်ချက်ဖြစ်မလာသေးဘူး။ ဓမ္မစေတီမင်းဟာ သာလွန်မင်းထက် နှစ်၂၀၀ဝန်းကျင်လောက် စောခဲ့တယ်လေ။)

သာလွန်မင်း နန်းယူပြီးနောက် အိမ်ရှေ့စံအပ်နှင်းရာမှာ သူ့ကိုအထင်လွဲလုပ်ကြံဖူးတဲ့ ညီတော်မင်းရဲကျော်စွာကို အပ်နှင်းတယ်။ ညီတော် သေမှသာ သားတော် ပင်းတလဲစားကို ပြောင်းအပ်တယ်။ နန်းရ ဖို့မျှော်လင့်ထားတဲ့အမြင့်စား ရှင်တရုတ်က သာလွန်မင်းကို လုပ်ကြံတော့ သာလွန်မင်းလည်း အရေးမသာလို့ တိမ်းရှောင်ရဖူးတယ်။

လေးထပ်ကျောင်းဆရာတော်က ဘုရင်ကိုတောင် ခိုလှုံခွင့်မပေးဘူး။ လောကီကိစ္စတွေဝင် မရှုပ်ချင်လို့ပါတဲ့။ သာလွန်မင်းလည်း ခပ်သုတ်သုတ်ဆင်းပြေးပြီး စံကျောင်းဆရာတော်ထံ အကူညီထပ်တောင်းတယ်။ စံကျောင်းဆရာတော်ကတော့ ပုန်းအောင်းခွင့်ပြုခဲ့တယ်။ သာလွန်မင်းရဲ့တပ်တွေပြန်အရေးသာပြီး ရှင်တရုတ်ကိုနှိမ်နင်းနိုင်ခဲ့တယ်။ အန္တရာယ်ကင်းသွားတဲ့အခါ သာလွန်မင်းက လေးထပ်ကျောင်းကိုရော၊စံကျောင်းကိုရော အလှုပေးတယ်။ သူ့ကိုမကယ်ခဲ့တဲ့ လေးထပ်ကျောင်းဆရာတော်ကို အပြစ်မယူခဲ့ဘူး။လောကုတ္တရာဆရာတော်လို့တောင် ချီးမွမ်းခဲ့ပါသတဲ့။(လေးထပ်ကျောင်းဆရာတော်ကို မှန်တယ်လို့ကျနော်မထင်ပေမယ့် သာလွန်မင်းကတော့ ခွင့်လွှတ်ပေးခဲ့တယ်)

သာလွန်မင်း အုပ်ချုပ်စဉ်ကာလမှာ တိုင်းပြည်က သာယာဝပြောလွန်းလို့ သတိုးဓမ္မရာဇာဆိုတဲ့ ဘွဲ့အမည်ထက် သာလွန်မင်းဆိုတဲ့အမည်က ပိုကျော်ကြားခဲ့တယ်။ ၁၉နှစ်နန်းစံခဲ့ပြီး အသက်၆၅နှစ်မှာ ကွယ်လွန်ခဲ့တယ်။ အုပ်ချုပ်စဉ်မှာ သိပ်တော်ခဲ့ပေမယ့် မြန်မာ့ပဒေသရာဇ်တို့ရဲ့ထုံးစံအတိုင်း နန်းလျာကိုရွေးချယ်ရာမှာ အရည်အချင်းထက် ဆွေရင်းမျိုးရင်းကိုသာ ရွေးချယ်တာမို့လို့ အရည်အချင်းမဲ့သူ ဘုရင်ဖြစ်တဲ့အခါ တိုင်းပြည်ဟာ ၁ကနေပြန်ပြန်စရတော့တာပဲ။

သာလွန်မင်းနောက်ဆက်ခံတဲ့ သားတော်ပင်းတလဲမင်းဟာ နန်းစံသက် ၁၃နှစ်အရောက်မှာ သူ့ညီပြည်မင်းက ပုန်ကန်တာခံရပြီး ရေချအသတ်ခံခဲ့ရတယ်။ ပဒေသရာဇ်ခေတ်တိုင်းမှာ ဆွေရင်းမျိုးရင်းက လုပ်ကြံတာကို ခံရလေ့ရှိတယ်။ အကယ်၍ သာလွန်မင်းမှာသာ ပြောင်းလဲလိုစိတ်လေးရှိခဲ့မယ်ဆိုရင်… ကျနော်တို့နိုင်ငံဟာ ၁၇ရာစုလောက်ကတည်းက အထွဋ်အထိပ်ကို ရောက်သွားနိုင်တယ်။

နောက်ပိုင်းမင်းတွေကတော့ နိုင်ငံတိုးတက်ဖို့ထက် နယ်ပယ်ကျယ်ပြန့်ဖို့ကို အားစိုက်ကြတယ်။ အာဏာတည်မြဲဖို့သာအားထုတ်ကြတယ်။ မင်းတုန်းနဲ့ကနောင်ပေါင်းပြီး ပြောင်းလဲဖို့ကြိုးပမ်းခဲ့ပေမယ့် အချိန်သိပ်နှောင်းသွားခဲ့ပြီလေ။ ပဒေသရာဇ်စနစ်ဟာ ခေါင်းဆောင် ကိုသာ ရွေးချယ်နိုင်ပြီး ခေါင်းဆောင်ကောင်းကို မရွေးချယ်နိုင်ဘူး။ ကောင်းတဲ့အခါကောင်းမယ်။ ဆိုးတဲ့အခါဆိုးမယ်။ ညံ့တဲ့ မင်းဆက်၊ ဆိုးတဲ့ မင်းဆက်အလှည့်မှာ တိုင်းပြည်ဟာ ၁ ကနေပြန်ပြန်စရတယ်။ ဓားမိုးပြီးအုပ်ချုပ်တဲ့ စနစ်မို့လို့လည်း အစစ်မှန်စည်းလုံးရေးကို တစ်ခါမှ မရခဲ့ဖူးဘူး။

သမိုင်းစာအုပ်တွေမှာ တွေ့တွေ့နေရတယ်။ ဒီမြန်မာ့မြေမှာ တိုင်းရင်းသားတွေဟာ ဥမကွဲသိုက်မပျက် စည်းစည်းလုံးလုံးနေခဲ့ပါသတဲ့။ ကျနော်သိထားသလောက်တော့ တကောင်းမင်း အဘိရာဇာကနေ သီပေါမင်းအထိ အစစ်အမှန်စည်းလုံးခြင်းဟာ မြန်မာ့မြေမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဓားမိုးထားလို့ လည်စင်းနေရပေမယ့် အခွင့်သာတိုင်းပုန်ကန်ကြတာကို သမိုင်းထဲမှာ မြင်တွေ့နေကျပဲမဟုတ်လား။ ကိုလိုနီခေတ်မှာလည်း အင်္ဂလိပ်၊ဂျပန်ကို ဘုံရန်သူအဖြစ် တော်လှန်နေကြပေမယ့် တိုင်းရင်းသားချင်းစည်းလုံးနေကြတာမဟုတ်ဘူး။ သူရောကိုယ်ရော သူ့ကျွန်ဘဝရောက်နေလို့အကျိုးတူ ပူးပေါင်းကြခြင်းသာ။

ပင်လုံစာချုပ် ချုပ်ဆိုသည်အထိ စည်းလုံးမှု မရသေးဘူး။ ဗိုလ်ချုပ်က ကတိကဝတ်တွေ ပေးခဲ့လို့သာ ပင်လုံစာချုပ်အောင်မြင်ခဲ့ခြင်းပါ။ နဂိုကတည်းက မသင့်မြတ်တဲ့အခြေအနေမှာ အင်္ဂလိပ်ရဲ့ သွေးခွဲအုပ်ချုပ်မှု ထပ်ဆင့်လိုက်တဲ့အခါ …။ ဆက်ရေးရင် နိုင်ငံရေးတွေ ပါတော့မှာမို့ ဒီနေရာမှာ ရပ်လိုက်ချင်တယ်။ ဆက်တွေးချင်စရာတွေ များစွာကျန်နေသေးတာကို သတိပြုမိကြမှာပါ။

Sithu(Error)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page