သမ္မတဓာတ်ပုံ မဖြုတ်၍ ရဲတပ်ဖွဲ့ဝင်များကို ရန်မူခဲ့သော ဗိုလ်မှူးတဦးကို စစ်စည်းကမ်းဖြင့် အရေးယူဟုဆို

သမ္မတဓာတ်ပုံ မဖြုတ်၍ ရဲတပ်ဖွဲ့ဝင်များကို ရန်မူခဲ့သော ဗိုလ်မှူးတဦးကို စစ်စည်းကမ်းဖြင့် အရေးယူဟုဆို

စစ်တပ်ကနေ နိုင်ငံတော်က်အာဏာအရပ်ရပ်ကို ထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့က သဲကုန်းမြို့မရဲစခန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ဓာတ်ပုံကို မဖြုတ်သိမ်းသေးတဲ့အကြောင်းပြချက်နဲ့ သဲကုန်းမြို့မရဲစခန်းမှူးအပါအဝင် တာဝန်ကျရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးက တုတ်နဲ့ ရန်မူခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ ဗိုလ်မှူးကိုတော့ စစ်စည်းကမ်းဥပဒေနဲ့ အရေးယူထားတယ်လို့ သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။ “တပ်မတော်က ဗိုလ်မှူးကို စုံခုံဖွဲ့စစ်ဖို့ ကျွန်တော်တို့ကိုသက်သေခေါ်ထားပါတယ်။ စစ်စည်းကမ်းနဲ့အရေးယူဆောင်ရွက်ထားတယ်လို့ အကြောင်းပြန်ထားပြီး ကျွန်တော်တို့အထက်အရာရှိက ရဲရဲရင့်ရင့် မှန်မှန်ကန်ကန် ထွက်ဆိုဖို့မှာကြားထားပါတယ်”လို့ ခံခဲ့ရတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

သဲကုန်းမြို့မရဲစခန်းကို အမှတ်(၈၀) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသိန်းသန်းစိုးဆိုသူနဲ့ တပ်မတော်သားအချို့ ဟာ စခန်းစစ်ဆေးဖို့ အကြောင်းပြချက်နဲ့ရောက်လာခဲ့ချိန် ရဲစခန်းမှာချိတ်ဆွဲထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ဓာတ်ပုံကိုကြည့်ပြီး “အရင်လူတွေကိုထောက်ခံတာလား၊ အာခံခြင်းလား”လို့မေးကာ သဲကုန်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မင်းလွင်ကို တုတ်တိုတစ်ချောင်းနဲ့ ရန်မူခဲ့ရုံမျှမက စခန်းတာဝန်ကျရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ထပ်မံရန်မူခဲ့တာ ဖြစ်တယ်လို့ သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ကစတင်ပြီး တပ်မတော်နဲ့ ဌာနဆိုင်ရာအချို့ဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဓာတ်ပုံတွေကို လိုက်လံဖြုတ်သိမ်းခိုင်းတာမျိုးကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သဲကုန်းမြို့မရဲစခန်းမှူးနဲ့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဖြစ်သူဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.က.စ(ပြည်))ကို သတင်းပေးပို့တိုင်ကြားခဲ့ပြီးနောက်ပိုင်း တပ်မတော်က စစ်စည်းကမ်းနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ အကြောင်းပြန်ထားကြောင်း သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page