ကူးစက်ခံရတဲ့ သမ္မတထရမ့် အခြေအနေ လာမယ့် ၄၈ နာရီအတွင်း အရေးကြီးနေ
ကူးစက်ခံရတဲ့ သမ္မတထရမ့် အခြေအနေ လာမယ့် ၄၈ နာရီအတွင်း အရေးကြီးနေ
သမ္မတထရမ့်ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ သမ္မတရဲ့ဆရာဝန် ဒေါက်တာရှောင်ကွန်လေ က ဒီနေ့မနက်ပိုင်း Walter Reed medical center မှာ သတင်းထောက်တွေကိုပြောပါတယ်။
ဒါပေမယ့် အသေးစိပ်တော့ သူက မပြောပြပါဘူး။ အကြမ်းအားဖြင့်ကတော့ ကြာသပတေးကနေ သောကြာနေ့အထိ သမ္မတမှာ ကိုယ်အပူချိန်ရှိပါတယ်။ သောကြာနေ့ မနက်ပိုင်းက စပြီး အပူချိန် မရှိတော့ပါဘူးလို့ ဒေါက်တာ ကွန်လေ ကပြောပါတယ်။
ဒါပေမယ့် သမ္မတ ကျန်းမာရေးအခြေအနေနဲ့နီးစပ်တဲ့ အိမ်ဖြူတော်အရာရှိတဦးကတော့ သမ္မတရဲ့ အခြေအနေဟာ ၂၄ နာရီအတွင်း စိုးရိမ်စရာရှိနေပြီး လာမယ့် ၄၈ နာရီအတွင်း အရေးကြီးတဲ့ အနေအထားမှာရှိတယ်၊ အပြည့်အ၀ ပြန်လည်ကောင်းမွန်လာရေးနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်း မရှိသေးဘူးလို့ အဲဒီအရာရှိက အိမ်ဖြူတော် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒေါက်တာ ကွန်လေကတော့ ထရမ့်ဟာ ဒီမနက်ပိုင်း အောက်ဆီဂျင် မပေးရတော့ဘူး၊ အသက်ရှူဖို့အခက်အခဲမရှိပါဘူး လို့ပြောပါတယ်။ ဆေးအဖွဲ့အနေနဲ့ သမ္မတရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
စနေနေ့ နေ့လည်ပိုင်းမှာတော့ ထရမ့်ကိုယ်တိုင် တွစ်တာ ပေါ်တက်လာပြီး ဆရာဝန်တွေ၊ သူနာပြုတွေ၊ Walter Reed ဆေးရုံက အခြားဆက်စပ်သူ အားလုံးကိုကျေးဇူးတင်တယ်။ ဒီဆေးရုံဟာ အလွန်ကောင်းမွန်တဲ့အဖွဲ့အစည်းပါ-လို့ရေးခဲ့ပါတယ်။
“သူတို့ရဲ့အကူအညီကြောင့် ကျနော် အတော်နေကောင်းနေပါပြီ” လို့ ထရမ့်က တွစ်တာမှာ ရေးခဲ့ပါတယ်။