ကမ္ဘာပေါ်က ဘုရင်တွေထဲမှာ အချမ်းသာဆုံးဖြစ်တဲ့ ထိုင်းဘုရင်ကြီးရဲ့ ကြီးမားတဲ့ အကြံအစည်

ကမ္ဘာပေါ်က ဘုရင်တွေထဲမှာ အချမ်းသာဆုံးဖြစ်တဲ့ ထိုင်းဘုရင်ကြီးရဲ့ ကြီးမားတဲ့ အကြံအစည်

မဟာ ဗီဂျီရာ လောင်ကွန်း သည် ထိုင်း ပြည်သူများ အတွက် အကျိုးရှိရာ ရှိကြောင်းတော့ စွမ်းဆောင် ပေးနိုင်ခဲ့သူသာ ဖြစ်သည်။ ဤသည်ကား တခါက ဘုရင်၏အကြောင်းကို လေသံမျှပင် မဟရဲသည့် ဘဝမှ ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်အောင် လမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။

သူကိုယ်တိုင်က ပလေးဘွိုင် တယောက်လို နေထိုင်နေပေမယ့် ထိုင်း ကို အရင်ကလို သက်ဦးဆံပိုင် စနစ် နဲ့ အုပ်ချုပ်ဖို့ အားသန်နေသူလည်း ဖြစ်ပါတယ်။ ၁၉၃၂ တွင်သက်ဦးဆံပိုင် စနစ်ကို အောင်မြင်စွာ တွန်းလှန် ဖျက်သိမ်းခဲ့တဲ့ အထိမ်းအမှတ် ကြေးရုပ်ထုလေးကိုလည်း ရွိုင်ရယ် ပလာဇာကနေ ဖယ်ရှားပြစ်ခဲ့ပါတယ်။

အိမ်ထောင် လေးကြိမ် ပျက်ခဲ့ပြီး ယခုအခါ မိုင်ပေါင်း ၅,၀၀၀ လောက်ဝေးတဲ့ ဂျာမဏီရှိ ဟိုတယ်ကြီးတခုမှာ ထိုးကွင်းတွေ ပေါ်အောင် ကိုယ်တပိုင်းပြတ် တီရှပ် ကို အမြဲလို ဝတ်ဆင်ပြီး မောင်းမမိဿံတွေ တလှေကြီး နဲ့ စံစားနေပါတယ်။ သူရဲ့ ချမ်းသာမှု က ရေနံစော်ဘွားတွေ၊ ဥရောပတိုက်မှာ ရဲတိုက်ကြီးတွေ၊ နန်းတော်တွေနဲ့ စံမြန်းနေကြတဲ့ ဘုရင် တွေ အားလုံးက သူ့ခြေဖျားတောင် မမှီတော့ဖူးလို့ အားလုံးက ပြောဆိုနေကြပါတယ်။

ချမ်းသာ ကြွယ်ဝစွာနေထိုင်တာကို အားမရသေးတဲ့ အပြင် တိုင်းပြည်အာဏာကို ထိန်းချုပ်နိုင်အောင် တဖြေးဖြေး စုစည်းလာပါတယ်။ သက်ဦးဆံပိုင် ဘုရင်စနစ် ပုံစံမျိုး အုပ်ချုပ်နိုင်အောင် ဖွဲ့စည်းပုံကို ပြောင်းဖို့တောင် အမိန့်ပေးလာနေပါတယ်။

နန်းတော် ရှိ သက်တော်ရှည် အကြံပေး များကိုလည်း သူ့ရှေ့ ကို ဝပ်တွားပြီးမှ အခစား ဝင်စေခဲ့တဲ့ အပြင် နန်းတော်အတွင်း စိတ်နဲ့ မတွေ့ရင် မတွေ့သလို နန်းတွင်းသူ နန်းတွင်းသားတွေကို ကတုံးရိတ် ခိုင်းပြီး အပြစ်ပေးတတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ထိုင်းပြည်သူများက ဘန်ကောက်မြို့လယ်ရှိ ဝန်ကြီးများ ရုံးချုပ်ကို ဝိုင်းဝန်း ပိတ်ဆို့လိုက်ကြပြီး သပိတ်စခန်း ဖွင့်လိုက်ကြပါတယ်။ ထိုသို့ အခြေအနေများ တင်းမာနေစဉ် မိဖုရား၏ မော်တော်ကားတန်း ကြီး ဖြတ်သွားသည်ကို တွေ့လိုက်ရသည့် လူအုပ်ကြီးက “ပြည်သူ့အခွန်ငွေတွေ” ဟု ဝိုင်းဝန်း အော်ဟစ်လာခဲ့ကြပါတယ်။

ထိုဖြစ်စဉ်အား အကြောင်းပြကာ ထိုင်းအစိုးရက တော်ဝင် ယာဉ်တန်းကို နှောက်ယှက်လာသည့် အထိ လွန်ကျူးလာပြီဟုဆိုကာ ဘုရင့်ပြန်တမ်းဖြင့် လူလေးဦးထက် ပိုမစုဝေးရ ဆိုသည့် အရေးပေါ် အမိန့်ကို ထုတ်ပြန်လိုက်သည်။ ကြာသပတေး နေ့ မနက် ၅ နာရီမှစ၍ ဆန္ဒပြ ခေါင်းဆောင်များအား စတင် ဖမ်းဆီးလာခဲ့ရာ နာရီ ပိုင်း အတွင်းမှာပင် သပိတ်စခန်းကို ရှင်းလင်းနိုင်ခဲ့ကြသော်လည်း အဆိုပါ အမိန့်ကို ဖီဆန်ပြီး ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားလာနေသဖြင့် တင်းမာမှု တွေ အရှိန်မြင့်တက်လာဖို့ ရှိနေပါတယ်။

ထိုင်းဘုရင် သည် ဒီမိုကရေစီ စနစ်အောက်တွင် နိုင်ငံအကြီးအကဲ ဖြစ်နေသော်လည်း နတ်ဘုရား တပိုင်း ပုံစံမျိုးဖြင့် ရှေးထုံးတမ်းစဉ်လာများ ကို ဆက်လက်ကျင့်သုံးနေဆဲပင် ဖြစ်တဲ့အတွက် အာဏာ အစစ်အမှန် ပိုင်ရှင်တွေ ဖြစ်တဲ့ ထိုင်း ပြည်သူများနဲ့ ပဋိပက္ခတွေ ဖြစ်လာနေပါတယ်။

၁၉၃၂ နောက်ပိုင်း ထိုင်းနိုင်ငံတွင် အာဏာသိမ်းပွဲ စုစုပေါင်း ၁၂ ခု နဲ့ ဖွဲ့စည်းပုံကို အကြိမ် နှစ်ဆယ် အသစ်ရေးဆွဲ ပြဠာန်းခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ စစ်အစိုးရ များ နဲ့ ထိုင်း ဘုရင် အကြား နားလည်မှု ရလာပြီး အချင်းချင်း အပြန်အလှန် ဖေးမလာခဲ့ကြပါတယ်။

နောက်ဆုံး အာဏာသိမ်းပွဲကို ဦးဆောင်ခဲ့သူက ဗိုလ်ချုပ်ကြီး ပရာရွတ် ခန် အိုချာ ဖြစ်ပြီး စစ်တပ်လိုလားတဲ့ ဖွဲ့စည်းပုံ ကို ရေးဆွဲ ပြီး အတိုက်အခံ နိုင်ငံရေး ပါတီများကို ခေါင်းမထောင်နိုင်အောင် စီမံနိုင်ခဲ့ပါတယ်။ ထိုသို့အာဏာ သိမ်းခဲ့ရခြင်းမှာလည်း လက်ရှိ ဘုရင် မဟာဗီဂျီယာလောင်ကွန်း ကို ချာကရီ ထီးနန်း ဆက်ခံနိုင်အောင် လမ်းခင်းပေးလိုက်ရတာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြလာကြပါတယ်။

ထိုင်း အထက်တန်းလွှာ အသိုက်အဝန်းက အိမ်ရှေ့မင်းသား ဗီဂျီရာလောင်ကွန်းကို ဖခင်ကြီး ရှိစဉ်ကတည်းက ရွံရှာ မုန်းတီးနေကြပါတယ်။ သူ့ကြောင့် အရှက်ရစရာ အဖြစ်တွေ တပုံကြီး ရှိလာနေလို့လည်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူကိုယ်တိုင်က သားဖြစ်သူကို Don Juan နဲ့ တောင် နှိုင်းယှဉ် ခဲ့ဖူးပါတယ်။ (Don Juan သည် ၁၇ ရာစုနှစ် ပြဇာတ်များ တွင် မိန်းမလိုက်စားသူ ပလေးဘွိုင်တဦး အဖြစ် တင်စားခံရတဲ့ ဇာတ်ကောင်ပါ)

ပထမ ဇနီးက မင်းသမီး တပါး ဖြစ်ပြီး ကွာရှင်းခဲ့ပါတယ်။ ဒုတိယ ဇနီးကတော့ ရုပ်ရှင် မင်းသမီး ဖြစ်ပြီး သူ့ကိုလည်း ကွာရှင်းခဲ့တဲ့ အပြင် ကလေး ငါးယောက်ထဲက လေးယောက်ကို အမွေပြတ် စွန့်လွှတ်ခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာ သားအမိတွေ ထိုင်းကနေ ထွက်ပြေးသွားကြရပါတယ်။ တတိယ ဇနီးကိုလည်း အလားတူ ပြတ်စဲခဲ့ပြီး သူမ၏ မိသားစုဝင်တွေ ထဲက အတော်များများ ထောင်နန်းစံခဲ့ကြရပါတယ်။ သူမကို နန်းတော်ထဲမှာ ပဲ အကျယ်ချုပ် ထားရှိတယ်လို့ ယူဆနေကြပါတယ်။ (မွေးနေ့ကိတ်ကို ကိုယ်တုံးလုံး ချွတ်၊ ဝပ်တွားပြီး ဆက်ကပ်နေရတဲ့ သူမရဲ့ ပုံက အင်တာနက်မှာ ပျံ့နှံသွားခဲ့ဖူးပါတယ်)

သူရဲ့ နန်းတက်ပွဲ အခမ်းအနား ကို တက်လာတဲ့ ပရိသတ် အရည်အတွက်က ဖခင်ကြီးရဲ့ ဈာပန နဲ့ နှိုင်းစာရင် အင်မတန်မှ နည်းပါးနေပြန်ပါတယ်။ ထိုင်းပြည်သူ တွေ က ဘုရင်ကြီး ဘူမိဘော အဒူဟာဒက်သည် ဗုဒ္ဓဘာသာ ဘုရင်တပါးမှာ ရှိသင့်တဲ့ မင်းကျင့်တရား တွေ နဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်လို့ ယူဆပြီး ချစ်ခင် မြတ်နိုးခဲ့ကြပါတယ်။

ဂျာမဏီ မှာ ရောက်နေတဲ့ ဗီဂျီရာ လောင်ကွန်းကတော့ စက်ဘီးစီးမယ်၊ စားမယ်၊ ကာမဂုဏ် လိုက်စားမယ် ဆိုတဲ့ သုံးမျိုးကလွဲလို့ ဘာမှ သိသူ မဟုတ်လို့ သူနဲ့ အနီးကပ် အတွင်းလူ တဦးဆီက ပြောသံ ထွက်လာခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှ စတုတ္ထ အိမ်ထောင် အဖြစ် လေယာဉ်မယ် ဟောင်း တဦးကို ထိမ်းမြားခဲ့ပြီးနောက်မှာပင် ကိုယ်လုပ်တော်တဦးဖြစ်တဲ့ သူနာပြု အမျိုးသမီးကို ဘုရင် ရံရွေတော် ခေါင်ကြီး အဖြစ် တင်မြှောက်ခဲ့ပြန်ပါတယ်။ ထိုရာထူးက ထိုင်း ထီးနန်းမှာ ၁၉၃၂ နောက်ပိုင်း ပထမဆုံးအကြိမ် အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မျက်မာန်တော် ရှခံရပြီး ရာထူးချလိုက်တဲ့ အတွက် လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး မကြာသေးခင်ကမှ ဖြစ်ပျက်တာ သင်ပုန်းချေတယ်ဆိုပြီး အရင်ရာထူးကို ပြန်ပြီးခန့်ခဲ့ပြန်ပါတယ်။

လက်ရှိမှာ ဘုရင်တွင် ကိုယ်ပိုင် လက်ရွေးစင်တပ်ရင်း တရင်းကို ပိုင်ဆိုင်ထားပြီး နိုင်ငံရေး၊ ဘဏ္ဍာရေး နဲ့ စစ်ရေး စစ်ရာ တွေ က တစထက် တစ ချုပ်ကိုင်ထားပြီး သက်ဦးဆံပိုင် ဘုရင်စနစ် ပြန်သွားရေးကို ရေရှည် မဟာဗျူဟာ အဖြစ် ချမှတ် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဘုရင် ဘဏ္ဍာတော် တိုက် ကို အပြည့်အဝ ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်လို့ သူရဲ့ ပိုင်ဆိုင်မှုသည် ဒေါ်လာ ၄၀ ဘီလီယံ ခန့် ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းမှာ ရှိတဲ့ ကုမ္ပဏီ ကြီး တွေ မှာ လည်း ရင်းနှီးမြုပ်နှံမှု တွေ ပြုလုပ်လာပါတယ်။

ထိုင်းအစိုးရကလည်း နန်းတော် အသုံးစရိတ်ဆိုပြီး ၂၀၂၁ ဘတ်ဂျက်ထဲမှာ ဒေါ်လာ ၁.၁ ဘီလီယံ (ဘတ်ငွေ ၃၇ ဘီလီယံ) ထည့်ဆွဲထားပြန်ပါတယ်။ ဒီငွေတွေထဲက အတော်များများက ထိုင်းဘုရင်မိသားစု အတွက် သီးသန်ဝယ်ယူထားတဲ့ ပရိုက်ဗိတ် ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ကို ပြုပြင် ထိန်းသိမ်းရာမှာ သုံးမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဗြိတိန် ဘုရင်မကြီး အယ်လီဇဘက် ရဲ့ အသုံးစရိတ် အတွက် မနှစ်က ဗြိတိသျှ အခွန်ထမ်း ပြည်သူတွေ ဒေါ်လာ ၈၇ သန်းပဲ ကုန်ကျခဲ့ရပါတယ်။

နိုင်ငံရေး မှာ မပတ်သက်ရဘူးလို့ ဆိုပေမယ့် သူ့အနေနဲ့ ဂျာမဏီကနေ အုပ်ချုပ်လို့ ရအောင် ဖွဲ့စည်းပုံကို ပြင်ခိုင်းတဲ့ အပြင် ရွေးကောက်ပွဲ မတိုင်ခင်ညက ထိုင်းပြည်သူများအား “လူကောင်းများ” ကိုရွေးချယ် မဲပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါကတော့ သူ့လူတွေ ဖြစ်တဲ့ လက်ရှိ ဝန်ကြီးချုပ် နဲ့ မဟာမိတ်တွေကို ပြောမှန်း ထိုင်းပြည်သူတွေ အားလုံးက သိနေကြပါတယ်။ ထိုင်း စစ်တပ် နဲ့ ဘုရင်က အချင်းချင်း အပြန်အလှန် ကူညီရမယ်ဆိုတဲ့ ကတိကို လိုက်နာနေကြတာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ် အဖို့က ဘုရင် ကို အကာအကွယ် ပေးရမယ် ဆိုတဲ့ အကြောင်းပြချက် တခုတည်း နဲ့ နိုင်ငံရေးမှာ ဝင်ပါနေကြတာ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် အသစ် ဖြစ်လာသူကလည်း ဘုရင် ကိုယ်ရံတော် တပ်ဖွဲ့ကနေ ရာထူး အဆင့်ဆင့် တက်သွားခဲ့သူ ဖြစ်ပါတယ်။ ပရာရွတ်က မိဖုရား ကိုယ်စောင့်တပ် ကနေ ထွက်လာသူ ဖြစ်ပါတယ်။

ထိုင်း ဝန်ကြီးချုပ် အဖို့ကတော့ ဘုရင်ကနေ အာဏာကို တစထက်တစ ချုပ်ကိုင်လာတာကို ဟန့်တား နိုင်စွမ်း မရှိတာ တွေ့ရပါတယ်။ ၎င်းတို့ကိုယ်တိုင်က လည်း တရားဝင် ရပ်တည်ခွင့်ရအောင် ထိုင်းဘုရင်ကိုပဲ အားကိုးနေရလို့ ဖြစ်ပါတယ်။

ဆန္ဒပြ ထိုင်းပြည်သူများ က အဓိက တောင်းဆိုချက် သုံးခုကို တညီတညွတ်တည်း တောင်းဆိုလာကြပြီ ဖြစ်ပါတယ်။ လက်ရှိ ပါလီမန် ကို ဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံ ပြန်လည် ရေးဆွဲပေးရေး နှင့် အစိုးရအား ဝေဖန်နေသူများအား နှောက်ယှက် ဖမ်းဆီးနေမှုများကို ရပ်ဆိုင်းပေးရေး တို့ ပင် ဖြစ်ပါတယ်။

ဘုရင် နှင့် မိဖုရားကို ဝေဖန်လျှင် ထောင် ၁၅ နှစ် ကျမယ် ဆိုတဲ့ ဥပဒေကို အကာအကွယ် ယူပြီး လုပ်ချင်တိုင်း လုပ်ကာ ကျိကျိတက် ချမ်းသာနေသည့် ဘုရင့် အာဏာများကို ကန့်သတ်ရန် နှင့် နန်းတော်၏ ရသုံးငွေ များကို စာရင်းစစ် ဝင်ပေးရန် ကို ပါ ထိုင်း လူငယ် အသိုက်အဝန်းက တောင်းဆိုလာနေကြပြီ ဖြစ်ပါတယ်။

လှစိုးဝေ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page