ထိုင်းအစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီး

ထိုင်းအစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီး

ထိုင်းအစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကျရောက်နေကြောင်း ကြေညာလိုက်ပြီး ကျောင်းသားတွေဦးဆောင်တဲ့ သုံးလကြာ လမ်းပေါ်ဆန္ဒပြပွဲတွေ အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဘုရင်စံနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နှုတ်ထွက်ရေးကို ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီး အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ အောက်တိုဘာ ၁၅ ရက် အစောပိုင်းမှာ ဆန္ဒပြခေါင်းဆောင်နှစ်ဦးနဲ့ ဆန္ဒပြသူ ၂၀ လောက် အဖမ်းခံခဲ့ကြရပါတယ်။

ပြဌာန်းချက်အရ လူငါးဦးနဲ့အထက် စုဝေးခြင်းကို တားမြစ်လိုက်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိပါးနိုင်တယ်လို့ သတ်မှတ်ခံရတဲ့သတင်းနဲ့ မှတ်ချက်တွေလည်း ပုံနှိပ်ခြင်း အွန်လိုင်းဖြန့်ဝေခြင်း မပြုရတော့ပါဘူး။

ပြီးခဲ့တဲ့သုံးပတ်အတွင်း ဆန္ဒပြမှုတွေ မြင့်တက်လာပြီး အောက်တိုဘာ ၁၄ ရက်က ဘန်ကောက်မြို့တော်မှာ သောင်းချီတဲ့ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရုံး အဆောက်အဦအပြင်ဘက်မှာ စခန်းချခဲ့ကြပါတယ်။ အခြေအနေတွေက ပိုမိုတင်းမာလာပြီး ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ ဖြန့်ချထားခဲ့ရသလို ဘုရင်စနစ်ထောက်ခံသူတွေ ဝန်းရံထားတဲ့ တော်ဝင်မိသားစုကားတန်းတစ်ခုကို ဆန္ဒပြသူတွေက နှောင့်ယှက်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

စိုးရိမ်စရာအခြေအနေကို အမြန်အဆုံးသတ်ပြီး အလွန်အကျူးလိုအပ်နေတဲ့ ကိုင်တွယ်ထိန်းသိမ်းမှု စတင်ခဲ့ရတယ်၊ ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးရေးတည်ဆောက်ဖို့လိုတယ်လို့ အစိုးရက ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင် Parit “Penguin” Chirawat နဲ့ လူ့အခွင့်အရေးရှေ့နေ Arnon Nampa တို့ ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီမှာ အရေးပေါ်အမိန့် စတင်သက်ရောက်တဲ့နောက် ဆန္ဒပြခေါင်းဆောင် နောက်တစ်ဦးဖြစ်တဲ့ Panusaya “Rung” Sithijirawattanakul လည်း အဖမ်းခံရတယ်လို့ သတင်းထွက်ပါတယ်။

အရေးပေါ်ဥပဒေအရ ရဲတွေက ပြည်သူတွေကို ရက် ၃၀ အထိ စွဲချက်မတင်ဘဲ ဖမ်းဆီးခွင့်ရှိတယ်လို့ ထိုင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဆန္ဒပြသူတွေက လက်ရှိဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၄ အာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ ကြည်းတပ်ဦးစီးချုပ်ဟောင်း ပရာယွတ်နှုတ်ထွက်ပေးဖို့ လိုလားပါတယ်။ ဆယ်စုနှစ်တစ်ခုကြာ နိုင်ငံရေးအုပ်စုချင်း အကြမ်းဖက်ပဋိပက္ခတွေကို တားဆီးဖို့ ဆိုပြီး ပရာယွတ်ကအာဏာသိမ်းယူခဲ့ရာက ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲနဲ့လည်း အာဏာဆက်ယူလို့ သူ့အနေအထားကို ခိုင်မာအောင်လုပ်ခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုလည်း ဆန္ဒပြသူတွေက တောင်းဆိုထားပြီး မပြောအပ် မလုပ်အပ်တာတွေ ကာလကြာရှည် လုပ်ခဲ့တယ်လို့ ဝေဖန်ခံရတဲ့ အလွန်အကျွံကြွယ်ဝချမ်းသာပြီး ဂျာမနီမှာအနေများခဲ့တဲ့ လက်ရှိဘုရင် မဟာဗာဂျီယာလောင်ကွန်းရဲ့ အာဏာကိုလျှော့ချပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

စစ်တပ်ဟာ ဘုရင်ကို အခိုင်အမာကာကွယ်သူအဖြစ် ကာလကြာရှည် တည်ရှိခဲ့ရပြီး ဆန္ဒပြသူတွေက ခေတ်သစ်အခြေအနေနဲ့ ဆီလျော်တဲ့ ဘုရင်စနစ် ဖြစ်စေချင်တာလို့ ထပ်တလဲလဲ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page