ကြားရသူတိုင်း မျက်ရည်ဝဲလောက်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ သဒ္ဒါတရားနဲ့ ရိုင်းပင်းကူညီမှု

ကြားရသူတိုင်း မျက်ရည်ဝဲလောက်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ သဒ္ဒါတရားနဲ့ ရိုင်းပင်းကူညီမှု

လော့ဒေါင်း အတွေ့အကြုံလေးပါ။ အလှူရှင်တွေ လာတဲ့အခါ ခံစားရတဲ့ ခံစားချက်ကို ကောင်းကောင်းသိသွားပြီ။ အရင်ကဆို ကိုယ်ကသာ သွားလှူဖူးတာလေ။ အခုတော့ ကိုယ့်ကို လာလှူတဲ့လူတွေ ပြန်ကြုံဖူးရပြီ။ ဘယ်လို ဝမ်းသာသလဲဆိုတာရယ်၊ ဘယ်လောက်ကျေးဇူးတင်လဲ ဆိုတာရယ်က ပြောမပြတတ်အောင်ပဲ။ တကယ်ပါ။

ကိုယ်တွေတိုက်ရဲ့ ပထမထပ်က ၂ ယောက် positive ထွက်တော့ ညတွင်းချင်းပဲ တစ်တိုက်လုံးကို Lock down ချပစ်လိုက်တယ်။ ၂၁ ရက်တိတိ တိုက်အောက်ကို မဆင်းရဘူး။ ရုံးတွေ၊ ကျောင်းတွေမသွားရတော့ဘူးဆိုတာ သိတဲ့အချိန်မှာ အလန့်တကြားနဲ့ မီးဖိုခန်းထဲ ပြေးကြည့်မိတယ်။ အဲ့ဒီအချိန် ကိုယ့်အိမ်မှာ ဆန်၊ဆီ၊ဆားကတော့ ပြည့်စုံနေပေမယ့် ကုန်ခြောက်ဆိုလို့ ကြက်ဥ ၅ လုံး၊ ငါး သေတ္တာ ၅ ဘူးနဲ့ ခေါက်ဆွဲ ၆ ထုပ်ပဲရှိတယ်။ အဲဒီညနေက ကိုယ်လည်း စီးတီးမတ် သွားထားပေမယ့် အပြည့်အစုံ မဝယ်ထားမိခဲ့ဘူးလေ။ အမြဲ ၁ ပတ်စာပဲ ဝယ်နေကျမို့ ဟင်းတွေလည်း ၁ ပတ်စာပဲရှိ‌နေတယ်

ခုတော့ ၂၁ ရက်ကို ဘယ်လိုလောက်အောင် စားရပါ့မလဲပေါ့နော် အဓိကကတော့ သောက်ရေပဲ ရေက တစ်ဗူးပဲကျန်နေတယ် ကျန် ၅ဘူးက အလွတ်တွေ ရေကို ကြိုမှာမထားမိခဲ့တာလည်း အမှားပဲ အဲ့ညက စိတ်ပူလို့ တစ်ညလုံး အိပ်လို့ကို မပျော်ဘူး

ခက်တာက အိမ်ထဲက ဘယ်ပစ္စည်းမှ အပြင်ထုတ်လို့မရတာပဲ။ အပြင်ကပစ္စည်းကို ယူလို့ရပေမယ့် အိမ်ထဲက ပိုက်ဆံကို အပြင်ပေးလို့မရဘူးလေ အဲ့တော့ ပိုက်ဆံရှိနေရင်တောင် ဝယ်စားလို့မရတဲ့အခြေအနေပေါ့ လုံခြုံရေးတွေကလည်း တိုက်အောက်မှာ စောင့်နေတယ်လေ။

၂ ရက်မြောက်လောက်မှာတော့ ညီမလေးတစ်ယောက်က ရိက္ခာအခြောက်တွေရယ်၊ သူကိုယ်တိုင်လုပ်ထားတဲ့ မာလာရှမ်းကောရယ် လာပို့ပေးတယ် အစောင့်ရဲကတဆင့် ပြန်ပေးပေးတာပေါ့နော် ကိုယ်တွေမှာလေ ဘယ်လိုကျေးဇူးတင်ပြီး ဝမ်းသာမိမှန်းမသိဘူး စားနေရင်းလည်း ညီမလေးကို ဆုတွေပေးရတာ အမော။ ရိက္ခာလေးနည်းနည်း ရှိလာတော့ စိတ်လည်း အေးသွားတယ်။ ကူညီမယ့်သူရှိတာ တော်သေးတာပေါ့ဆိုပြီး။

နောက်ရက်ကျလည်း လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ဆန်၊ဆီ၊ဆား၊ ကြက်ဥကစ ဆေးတွေ၊ mask တွေ၊ အကြော်အလှော်တွေ အထိပါ လာပေးပြန်ရော။

လမ်းထဲက မုန်းဟင်းခါးရောင်းတဲ့ အဒေါ်ကြီးကလည်း မုန့်ဟင်းခါးလေးတွေ ထုတ်ပြီး မနက်အစောကြီး လာလှူပေးသေးတယ်။ မုန့်ဟင်းခါးတစ်ပွဲဟာ ကိုယ်တိုင်ဝယ်စားလို့ မရတဲ့အချိန်မှာကျ တန်ဖိုးရှိလိုက်တာ။ အခြောက်တွေချည်းစားနေရတဲ့အချိန်မှာ မုန့်အစိုလေးစားရတော့ အရသာကိုရှိနေရော။ စားနေရင်း စျေးရောင်းကောင်းပါစေ ဘာညာ ဆုတွေ အများကြီး ပေးမိသေးတယ်။

အခုနောက်ပိုင်း လူသားအချင်းချင်း sharing လုပ်ပြီး မျှဝေသုံးစွဲကြတဲ့အကျင့်လေးတွေကို သိပ်သဘောကျတာပါပဲ။ ကိုယ် အဆင်ပြေတဲ့အချိန် ကိုယ်က ပေးပြီး ကိုယ်ခက်ခဲနေတဲ့အချိန် ပြန်ယူရတာပါပဲ။ လူသားအချင်းချင်း အပြန်အလှန် ကူညီဖေးမ ပေးကြတဲ့ စိတ်လေးကို ချစ်လိုက်တာ။

ပြောချင်တာကတော့လေ ကိုယ့်အနီးအနားမှာဖြစ်ဖြစ်၊ ကိုယ့်မိတ်ဆွေတွေထဲမှာ ဖြစ်ဖြစ် လော့ဒေါင်း မိနေတာတို့၊ Home Q ဝင်နေရတာတို့၊ Hospital Q ဝင်နေရတာတို့များရှိရင် တတ်နိုင်သလောက်လေး သွားရောက် ကူညီပေးကြပါလို့။ ရေသန့်လေး တစ်ဘူး၊ ခေါက်ဆွဲတစ်ထုတ်ကလည်း သူတို့အတွက် တကယ် အဖိုးမဖြတ်နိုင်တဲ့ ကူညီမှုပါ။

ကျနော်ကတော့ ကျနော်တို့ကို လာကူညီလှူဒါန်းပေးကြတဲ့ ၊ အဝေးကနေ ဘာလိုလဲ မေးပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင် မေတ္တာပို့နေမိတုန်းပါပဲ။ ဘယ်တော့မှ မမေ့မယ့် ခံစားချက်ပါ။ (အခုတော့ လော့ဒေါင်း မိတာ ၁ ပတ်လောက်ရှိပြီး လူလည်း နေကောင်းနေတယ်၊ ရိက္ခာတွေလည်း ပြည့်စုံနေပြီမို့ အေးဆေး စာရေးပြောနိုင်တာပါ)

ကိုယ်တိုင် လော့ဒေါင်း ပြေသွားတဲ့အခါလည်း လိုအပ်တဲ့နေရာတွေကို တတ်နိုင်သလောက် ပြန်ကူညီပေးဦးမှာပါ။ ကျနော်တို့မှာလည်း လူသားအချင်းချင်း ဖေးမကူညီ လက်တွဲသွားပေးရုံကလွဲ တခြားလည်း လုပ်နိုင်တာ မရှိတော့ဘူး မဟုတ်လား? လူသား အားလုံး ကျန်းမာ ပျော်ရွှင် အဆင်ပြေ ကြပါစေ

Hpraw San

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page